အသံ
အသံသည် ကြားခံဒြပ်သား၏ တုန်ခါမှုဖြစ်ပြီး ၎င်းတို့က (လူ အပါအဝင်) တိရစ္ဆာန်အချို့၏ နားရှိ အာရုံခံဆဲလ်တို့ထံ သက်ရောက်လျှင် ဦးနှောက်ထံသို့ (နျူရွန်များတလျှောက်) သတင်းအချက်အလက် ပေးပို့ခြင်းကြောင့် တိရစ္ဆာန်တို့က ခံစားသိရှိမှု အသွင်တမျိုး ဖြစ်ပေါ်ရသော လှုံ့ဆော်ချက်များ ဖြစ်သည်။ ထိုခံးစားသိရှိသွင်ကို “ကြားခြင်း”ဟု ခေါ်ဝေါ်ကြသည်။ လေထုအတွင်း ကုန်းမြေပေါ်၌ နေထိုင်သော လူအများအဖို့ အဆိုပါ ကြားခံဒြပ်သားက များသောအားဖြင့် လေ ဖြစ်သည်။
အခြား လှုံ့ဆော်မှုတမျိုး ဖြစ်သည့် အလင်းနှင့် မတူသောအချက်မှာ အလင်းကိုယ်တိုင်က ဒြပ်မဲ့ လျှပ်စစ်သံလိုက်လှိုင်းများ ဖြစ်ပြီး အသံသည် ဒြပ်ရှိသော ကြားခံနယ်၏ လှုပ်ရှားတုန်ခါမှုများ သတ်သတ် ဖြစ်လေသည်။ ထို့ကြောင့် ကြားခံတုန်ခါပေးမည့် ဒြပ်သားမရှိရာ လေဟာနယ်သို့ အသံက မရောက်ရှိ မကူးစက်နိုင်ပေ။
ဤလက်တွေ့စမ်းသပ်မှုမျိုးဖြင့်လည်း သိနိုင်သည်။ ရှေးဦးစွာ သက္ကလတ်၊ ဖော့ စသောအသံကို လွယ်ကူစွာ သယ်ပို့နိုင်စွမ်းမရှိသည့် ပစ္စည်းတစ်ခုခုပေါ်တွင် နာရီသံပတ်ဖြင့်မြည်သော ခေါင်းလောင်းတစ်လုံးကို တင်ထားသည်။ ခေါင်းလောင်းကို လေလုံသော ဖန်အုပ်တစ်ခုဖြင့်ဖုံးအုပ်ပြီးလျှင် ခေါင်းလောင်းကို မြည်စေသောအခါ ထိုခေါင်းလောင်းသံကို ဖန်အုပ်အပြင်မှ ကောင်းစွာ ကြားရလေသည်။ သို့သော် ထိုသို့အသံမြည်နေစဉ် ဖန်အုပ်အတွင်းရှိလေကို လေစုတ်စက်ဖြင့် တဖြည်းဖြည်း စုပ်လိုက်သောအခါ လေပါးသွားသည့်နှင့်အမျှ ခေါင်းလောင်း
သံလည်း တဖြည်းဖြည်းတိမ်လိုက်လာကာ နောက်ဆုံးတွင် မကြားရတော့ချေ။ ထို့ကြောင့် လေထုမရှိဟု ယုံကြည်ရသော ပြင်းထန်လှသော ပေါက်ကွဲမှု ဖြစ်ပွားသည့်တိုင်အောင် ထိုပေါက်ကွဲသံကို အနီးအနားမှ ကြားနိုင်ဖွယ်ရာမရှိဟု ယူဆရလေသည်။[၁]
မည်သည့်အသံပင်ဖြစ်စေထို အသံဖြစ်ပေါ်ရန်အတွက် အရာဝတ္ထုတစ်ခုခု၏ တုန်ခါလှုပ်ရှားမှု ရှိရလေသည်။ လူက စကားပြောစဉ်တွင် အသံဖြစ်ပေါ်ရာ ရေမျို(လည်မျို)နားတွင် တုန်ခါမှု ရှိပေမည်။
ပဲ့တင်သံ
[ပြင်ဆင်ရန်]ပဲ့တင်သံမှာ မျက်နှာပြင်တစ်ခုခုကို ရိုက်ပြီးနောက် အဟုန်များများ ဆုံးမသွားဘဲ ပြန်ကန်လာသည့် တုန်ခါမှု(အသံ)များ ဖြစ်သည်။ ထိုသို့ ပြန်ကန်စေသော မျက်နှာပြင်များက အသံထုတ်လုပ်သည့် အရင်းအမြစ်ကို ဝန်းရံထားသည့် အခြေအနေမျိုးတွင် ပဲ့တင်သံတို့ ထပ်တလဲလဲ ဖြစ်ပေါ်တတ်သည်။ ကပွဲ၊ တရားပွဲ၊ ခန်းမကြီးများတွင် ဤသို့ ထပ်တလဲလဲ ပဲ့တင်သံမျိုး မဖြစ်ပေါ်စိမ့်သောငှာ နံရံ၌ ကန့်လန့်ကာ၊ သို့မဟုတ် အသံ(တုန်ခါမှု)၏ အဟုန်ကို စုပ်ယူမည့် ဒြပ်သားမျိုးကို တပ်ဆင်ပေးရလေသည်။[၁]
အသံ၏ သွားနှုန်း
[ပြင်ဆင်ရန်]အသံသည် ကြားခံဒြပ်သား၏ တုန်ခါမှု ဖြစ်သဖြင့် ကြားခံဒြပ်သားက သိပ်သည်းလေ တုန်ခါမှု ဆင့်ကဲကူးစက်ခြင်းက မြန်လေ ဖြစ်သည်။ အစိုင်အခဲအတွင်း အသံ ဖြတ်သန်းသွားခြင်းက လေအတွင်း ဖြတ်သန်းသွားခြင်းထက် မြန်ပေမည်။ (သို့သော် အစိုင်အခဲအတွင်း၌ အမှုန်တစ်စု တုန်ခါခြင်း အဟုန်ကို အခြား အမှုန်တစ်စုက ပိုများများ စုပ်ယူသဖြင့် အကွာအဝေး ပိုများများ ကူးစက်ခြင်းကို တားဆီးသည်။)
သာမန် အပူချိန် ၂၀ °C (၆၈ °F) ရှိသော လေထုသားအတွင်း အသံ၏ သွားနှုန်း အလျင်ပမာဏမှာ 343 m/s (တစ်နာရီလျှင် ၇၆၇ မိုင်နှုန်း) ခန့် ဖြစ်သည်။
လေထုအပူချိန်က ၀ °C (၃၂ °F) ဖြစ်နေလျှင် ၎င်းအတွင်း အသံ၏ အလျင်က 331 m/s ခန့်သာ ဖြစ်မည်။[၂]
အသံ၏ သွားနှုန်း ()ကို ယေဘုယျ တွက်ထုတ်နည်းမှာ နျူတန်-လက်ပလေ့စ် ညီမျှခြင်း (Newton-Laplace equation) ဖြစ်သည်။
- Ks သည် တောင့်တင်းမှုကို ဖော်ညွှန်းသည့် တိုင်းဖွယ်တမျိုး ဖြစ်ပြီး ကြားခံဒြပ်သား၏ ဖိကျုံ့မှု တောင့်ခံနှုန်းထား (en:bulk modulus) နှင့် သက်ဆိုင်သည်။
- ဟူသည်က သိပ်သည်းမှု ဖြစ်ပြီး လေထု၏ လေသိပ်သည်းမှုဆိုလျှင်လည်း လေထုအပူချိန်ပေါ် မူတည်နေကြောင်း တွေ့နိုင်သည်။
အသံနှင့် လူတို့၏နား
[ပြင်ဆင်ရန်]နားအတွင်းရှိ အာရုံခံဆဲလ်များက ဦးနှောက်သို့ သတင်းအချက်အလက် ပေးပို့မှ လူအနေနှင့် အသံကြားရခြင်း ဖြစ်ပေါ်သည်။ တုန်ခါမှုတိုင်းအတွက် လူ၏နားစည်က သတင်းအချက်အလက် မထုတ်လုပ်ပေးချေ။ တစ်စက္ကန့်အတွင်း တုန်ခါသည့် အကြိမ်ပေါင်း ၁၆ ကြိမ်မှ အကြိမ်ပေါင်း ၄ဝဝဝဝ အတွင်း ရှိကုန်သော တုန်ခါမှုများမှ သက်ရောက်မှ လူ့နားက သတင်းအချက်အလက် ဦးနှောက်သို့ ပို့သည်။ နားထဲတွင် နားအခင်ဟုခေါ်သော အမြှေးပါးတစ်ခု ရှိပြီး ၎င်းက ကြိမ်နှုန်း နည်းလွန်း၊ များလွန်းသော တုန်ခါမှုများအတိုင်း လိုက်လံမတုန်ခါနိုင်ခြင်းကြောင့် ဖြစ်သည်။
အကိုးအကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
- ↑ Speed of Sound Calculator။ National Weather Service။ 23 July 2021 တွင် ပြန်စစ်ပြီး။