လှဝင်း (လေသူရဲတစ်ဦး)

ဝီကီပီးဒီးယား မှ
(လှဝင်း၊ ဦး (လေသူရဲတစ်ဦး) မှ ပြန်ညွှန်းထားသည်)

အမည်ရင်းမှာ ဦးလှဝင်းဖြစ်သည်။ အဖ ဦးဘတင် ၊ အမိ ဒေါ်မြစ်တို့မှ ၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်ခဲ့သည်။ မော်လမြိုင်မြို့ အမှတ် ၁ အစိုးရအထက်တန်းကျောင်းတွင် ကိုးတန်းအောင်မြင်ပြီးနောက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုတွင် ကျောက်မြောင်းအစိုးရ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၅၈ ခုတွင် မေမြို့ (ပြင်ဦးလွင်မြို့) အပတ်စဉ် (၄) စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းသို့ ဗိုလ်လောင်းအဖြစ် တက်ရောက်ပညာသင်ခဲ့ရာ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။ ဗမာ့တပ်မတော် (လေတပ်)တွင် ဗိုလ်အဖြစ် ခန့်ထားခြင်း ခံရပြီး လေယာဉ်မှူးသင်တန်းသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသည်။


၁၉၆၇ ခုတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)တွင် စစ်ဦးစီးမှူး (တတိယတန်း)သုတေသနအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဖန် မြန်မာ့သတင်းစဉ် (ပြည်တွင်း)သို့ အထူးအရာရှိ ၊ အုပ်ချုပ်ရေးမှူးအချုပ် စသည်ဖြင့် ပြောင်းရွှေ့ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုမှစ၍ မြဝတီ ၊ သွေးသောက် စသည့်မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ စတင်ရေးသား၍ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ လေသူရဲတစ်ဦး ကလောင်အမည်အပြင် ဦးလှဝင်း (လေသူရဲတစ်ဦး)ဖြင့်လည်း ရေးသားခဲ့သည်။


ထို့နောက် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ စာတည်းဌာနတွင် လက်ထောက်စာတည်းအဖြစ် တာဝန်ထမ်းဆောင်ရင်း စာပေများကို ဆက်လက်ရေးသားခဲ့သည်။ ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များအနက် သန်းခေါင်ယံခရီးသည်နှင့် ကိုယ်တွေ့ လေကြောင်းဝတ္ထုများ အရုဏ်နှင့် ဆည်းဆာ၊ ကျွန်တော် ရတနာကုန်သည် ၊ တရုတ်ဖြူလေယာဉ်ပစ်ချခဲ့စဉ်က ၊ မုန်တိုင်းနှင့် သစ္စာ ၊ အညိုတို့ ပတ္တမြားမြေ ၊ ငလျင်ဗုံးကြဲခဲ့စဉ်က ၊ ပါပီလွန် ၊ ဗင်ကို ၊ ရွှေဘုံသာလမ်းပေါ်မှာ ၊ မြန်မာပြည်လေကြောင်းတိုက်ပွဲ ၊ ရတနာ၏ လျှို့ဝှက်ချက်များ ၊ လေကြောင်းပညာသိချင်စရာ ၊ ကျွန်တော်နှင့်ရတနာများ ၊ ရတနာကုန်သည်သုံး ကျောက်မျက်အဘိဓာန်၊ ကျွန်တော် ပန်းချီကုန်သည် စာအုပ်များမှာ ထင်ရှားသည်။

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]