အမ္ဗဋ္ဌသုတ်

ဝီကီပီးဒီးယား မှ

ရှေးခေတ် အိန္ဒိယပြည်တွင် လူမျိုးရေးနှင့်ပတ်သက်၍ ပုဏ္ဏားတို့အယူသည်းပုံနှင့် ဘုရားမြတ်စွာက ထိုလူမျိုးရေးစံနစ်ကို မည်ကဲ့သို့ သဘောထားပုံအကြောင်း ရှင်းလင်း ဟောပြအပ်သောသုတ် ဖြစ်လေသည်။ အထူးသဖြင့် ဗြာဟ္မဏနွယ် ပုဏ္ဏားတို့သည် လူမျိုးရေးတွင် သူတို့သာလျှင် အမြတ်ဆုံးဟု အယူ သည်းလွန်းကြသဖြင့် ဘုရားမြတ်စွာက ထိုအယူကို အမ္ဗဋ္ဌသုတ်ဖြင့် တိုက်ဖျက်တော်မူခဲ့သည်။

ဗြဟ္မဏ၏ အဓိပ္ပာယ်[ပြင်ဆင်ရန်]

ပုဏ္ဏားတို့အလိုအားဖြင့် မိဘက်မှ၎င်း၊ ဘဘက်မှ၎င်း ဆွေ(၇) ဆက်၊ မျိုး(၇)ဆက် ပုဏ္ဏားဖြစ်ရမည်။ ပုဏ္ဏားတို့တတ်အပ်သော ဗေဒ သုံးပုံ ပြည့်၀ကုံလုံရမည်။ သို့မှသာ ဗြာဟ္မဏပုဏ္ဏားစစ်ဖြစ်သည်။ ဘုရားမြတ်စွာ၏ ဝါဒအရကား ကိုယ်စိတ်နှစ်ဖြာ ကျင့်စာရိတ္တ မွန်မြတ်သန့်စင်ရမည်။ သို့မှသာ ဗြာဟ္မဏ သူတော်စင်ဖြစ်သည်။ ဇာတိမျိုးရိုးဂုဏ်တက်ကာ ဇာတိမာန်တက်ကြွသည်ကို ဘုရားမြတ်စွာ သည် အပြင်းအထန် ရှုတ်ချတော်မူသည်။

တရားဟောရခြင်း အကြောင်းအရင်း[ပြင်ဆင်ရန်]

ဇာတိဂုဏ်မောက်ကာ ခက်ထန်ခေါင်းမာလှသည့် `အမ္ဗဋ္ဌ´ မည်သော ပုဏ္ဏားလုလင်ပျိုသည် ဗေဒသုံးပုံတွင် ကျွမ်းကျင် လိမ်မာ လှသော သူ၏ဆရာကြီးဖြစ်သူ `ပေါက္ခရသာတိ´၏ တိုက်တွန်းချက် အရ ဘုရားမြတ်စွာကို ဖူးတွေ့ရန် သွားလေသည်။ ဘုရားမြတ်စွာနှင့် စကား ဆွေးနွေးရာဝယ် အမ္ဗဋ္ဌသည် သူ၏စိတ်ကို မချုပ်တည်းနိုင်ဘဲ ခတ္တိယ တို့သည် ယုတ်နိမ့်သောအမျိုး ဖြစ်ကြသည်ဟု ရှုတ်ချပြောဆိုလေသည်။ ထိုအခါ ဘုရားမြတ်စွာက အမ္ဗဋ္ဌ၏ ဇာတိမျိုးဆက်ကို မေးမြန်း၏။ အမ္ဗဋ္ဌက သူသည် `ကဏှာယန´မျိုးမှ ဆင်းသက်လာကြောင်း လျှောက်ရာ ဘုရားမြတ်စွာသည် ကဏှာယန၏ ရာဇဝင်ကြောင်းကို ပြန်ပြောင်း ပြောကြားပြီးလျှင် ကဏှအဆက်အနွယ်တို့သည် ကျွန်မမှပေါက်ဖွား လာကြကြောင်း ဆက်လက်မိန့်တော်မူသည်။ အမ္ဗဋ္ဌသည် သူ၏မျိုးဆက် ရာဇဝင်ကြောင်းကို ကြားသိလေသောအခါ ခေါင်းမဖော်ဝံ့ဘဲ မာန်ဂုဏ် ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် သူသည် ဘုရားမြတ်စွာအား ပြဿနာများ ဆက်လက်မေးမြန်းပြီး နောက်ဆုံး၌ ဗြာဟ္မဏတို့သည် အစစအရာရာ၌ ခတ္တိယတို့အောက် နိမ့်ကျကြောင်း ဝန်ခံရလေသည်။

ဖတ်ရှုလေ့လာသင့်သည့်အကြောင်း[ပြင်ဆင်ရန်]

ဤသုတ်ကား အိန္ဒိယပြည်တွင် လွှမ်းမိုးသော လူမျိုးရေးအလုံး စုံကို ခြုံ၍ဆွေးနွေးသောသုတ် မဟုတ်။ အထူးသဖြင့် ဗြာဟ္မဏနှင့် ခတ္တိယတို့ကိုသာ အဓိကထား၍ ဆွေးနွေးသောသုတ် ဖြစ်သည်။ ဘုရား မြတ်စွာ၏ လက်ထက်တော်၌ ဟိန္ဒူ ပေါင်းသင်းဆက်ဆံရေးလောက တွင် ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ နှင့် သုဒ္ဒဟူ၍ အမျိုးလေးပါး ပြားလျက် ရှိသည်။ ဗြာဟ္မဏတို့က သူတို့သည် ခတ္တိယတို့ထက် မြတ်သည်ဟု ဆိုကြသည်။ ခတ္တိယတို့ကလည်း ဗြာဟ္မဏတို့ထက် သူတို့ကမြတ်သည်ဟု ဆိုကြသည်။ နောက်ဆုံး၌ ဗြာဟ္မဏတို့ကလည်း ခတ္တိယတို့၏ သဘောထားကို လက်သင့်မခံ၊ ခတ္တိယတို့ကလည်း ဗြာဟ္မဏတို့၏ အယူအဆ ကို လုံး၀လက်သင့်မခံနိုင် ဖြစ်ကြလေသည်။ ထို့ကြောင့် ဟိန္ဒူစာပေ လောကတွင် ဗြာဟ္မဏတို့သည် ခတ္တိယတို့ထက်မြတ်ကြောင်း တွေ့ရှိရ၍ ဗုဒ္ဓဘာသာစာပေလောကတွင်မူကား ဗြာဟ္မဏတို့ထက် ခတ္တိယတို့ က မြတ်ကြောင်း ဖတ်ရှုရသည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။