မာတိကာသို့ ခုန်သွားရန်

ပဗ္ဗဇ္ဇမင်္ဂလာ

ဝီကီပီးဒီးယား မှ

ပဗ္ဗဇ္ဇမင်္ဂလာ

[ပြင်ဆင်ရန်]

ပဗ္ဗဇ္ဇမင်္ဂလာ ဆိုရာ၌ ပဗ္ဗဇ္ဇဟူသော စကားနှင့် မင်္ဂလာဟူသော စကားနှစ်မျိုးကို တွဲစပ် ထားသည်။ ယင်းနှစ်မျိုးတို့တွင် ပဗ္ဗဇ္ဇာဟူသော ပါဠိစကားကို “ရှင်ပြုခြင်း”ဟူ၍ ရှေးဆရာတို့ မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ ဝတ်ကြောင်ဝတ်သော လူအဖြစ်ကို ရှောင်ခွါခြင်းဟု ဆိုလိုသည်။

ပဗ္ဗဇ္ဇ လေးမျိုး

[ပြင်ဆင်ရန်]
  1. ဘိက္ခုပပဗ္ဗဇ္ဇ ဆိုသည်မှာ ရဟန်းပြုခြင်းကို ဆိုသည်။
  2. သာမဏေရပဗ္ဗဇ္ဇ ဆိုသည်မှာ သာမဏေပြုခြင်းကိုဆိုသည်။
  3. ဣသိပဗ္ဗဇ္ဇ ဆိုသည်မှာ ရသေ့ပြုခြင်းကိုဆို သည်။
  4. ပရိဗ္ဗာဇကပဗ္ဗဇ္ဇ ဆိုသည်မှာ ပရိဗိုဇ်ပြုခြင်းကို ဆိုသည်။

ပဗ္ဗဇ္ဇဆိုသော စကားဝယ် ဗုဒ္ဓသာသနာတွင်း၌ ရသေ့ပြုခြင်းနှင့် ပရိဗိုဇ် ပြုခြင်းများရှိသော်လည်း၊ ပဗ္ဗဇ္ဇဟု မထင်မှတ်ကြကုန်။ ရဟန်းပြုခြင်းနှင့် ရှင်သာမဏေ ပြုခြင်းများကိုသာ ပဗ္ဗဇ္ဇဟု ထင်မှတ်နေကြ သည်။ သာသနာပ၌ကား ရဟန်းနှင့် ရှင်သာမဏေများ မပြုနိုင်ကြသဖြင့်၊ ရသေ့နှင့် ပရဗိုဇ်များကိုသာ ပဗ္ဗဇ္ဇ ဟုထင်မှတ်နေကြသည်။ စင်စစ် အမှန်မှာ ပဗ္ဗဇ္ဇလေးမျိုးလုံးပင် ပဗ္ဗဇ္ဇဖြစ်သည်။

မင်္ဂလာဟူသည်

[ပြင်ဆင်ရန်]
  1. လောကုတ္တရာကျမ်းလာ မင်္ဂလာ
  2. လောကီကျမ်းလာ မင်္ဂလာဟု နှစ်မျိုးရှိသည်။

ယင်းနှစ်မျိုးတို့တွင် မင်္ဂလသုတ်၌ မင်္ဂလာ (၃၈)ပါး ပြဆိုထားသည်။ ငါးရာ့ငါးဆယ်နိပါတ်တော် မဟာမင်္ဂလဇာတ်၌ မင်္ဂ လာကြီး (၈)ပါး ပြဆိုထားသည်။ ဓမ္မပဒအဋ္ဌကထာ နန္ဒမထေရ်ဝတ္ထု၌ နန္ဒမင်းသားကို မင်္ဂလာပြုရာဝယ်

  1. အိမ်တက်မင်္ဂလာ
  2. ဥသျှောင်ထုံးမင်္ဂလာ
  3. သင်းကျစ်ဆောင်းမင်္ဂလာ
  4. ထိမ်းမြားမင်္ဂလာ
  5. အိမ်ရှေ့ ထီးဆောင်း မင်္ဂလာ ငါးပါးပြဆိုထားသည်။

လောကီကျမ်းလာ မင်္ဂလာမှာလည်း၊

  1. အမိဝမ်းမှ ဖွားမြင်ခြင်း ဝိဇာယမင်္ဂလာ
  2. နန္ဒိမုခနတ်တို့ အားမျက်နှာပြခြင်း မုခဒဿနမင်္ဂလာ
  3. ဝမ်းတွင်း ဆံပင်ကို ရိတ်ခြင်းကေသစ္ဆေဒနမင်္ဂလာ
  4. ဧယဉ်ပုခက်တင်ခြင်း ဒေါလာကရဏမင်္ဂလာ
  5. ကွမ်းဦး ခွံ့ခြင်း တမ္ဗုလပတ္တမင်္ဂလာ
  6. နေလတို့ကို ကြည့်ရှုစေခြင်း ရဝိန္ဒုဒဿနမင်္ဂလာ
  7. အမည်မှည့်ခြင်း နာမကရဏမင်္ဂလာ
  8. ထမင်းဦးခွံ့ခြင်း မထမ ဘတ္တမင်္ဂလာ
  9. ဆံပင်ထုံးခြင်း ကေသဗန္ဓနမင်္ဂလာ
  10. နားထွင်းခြင်း ကဏ္ဏစ္ဆိဒ္ဒမင်္ဂလာ
  11. သာသနာ တွင်းသို့ သွတ်သွင်းခြင်း သာသနာနုဂ္ဂဟမင်္ဂလာ
  12. ထိမ်းမြားလက်ထပ်ခြင်း အာဝါဟ ဝိဝါဟမင်္ဂလာဟူ ၍ဆယ့်နှစ်ပါး ပြဆိုထားသည်။

ထိုပြင် အရပ်ဒေသသို့ လိုက်၍လည်းကောင်း၊ အမျိုးဇာတ်သို့ လိုက်၍၎င်း၊ ဘာသာယဉ်ကျေးမှုသို့ လိုက်၍၎င်း၊ ရိုးရာယဉ်ကျေးမှုသို့ လိုက်၍၎င်း အရာဌာန အားလျော်စွာ ပြုလုပ်ကြသော မင်္ဂလာတို့ကား အများအပြားပင်ရှိသည်။

ပဗ္ဗဇ္ဇမင်္ဂလာ ဟူသောစကား၏ အဓိပ္ပာယ်ကား ယုတ်ညံ့နိမ့်ကျသော လူ့အသွင်အပြင်ကို စွန့်ပယ်၍ ကောင်းမွန် မြင့်မြတ်သော ရဟန်းအဖြစ် ရဟန်းအသွင်အပြင်ကို ယူခြင်းပင် ဖြစ်သည်။

ပဗ္ဗဇ္ဇမင်္ဂလာ ဟူသော စကား၏ အဓိပ္ပာယ်ကား လောကီမင်္ဂလာမှာ ဖြစ်စေ၊ လောကုတ္တရာမင်္ဂလာမှာ ဖြစ်စေ ပစ္စုပ္ပန် သံသရာနှစ်ဖြာသော ဘဝတို့၌ မြင့်မြတ်ကြောင်း ကြီးပွားကြောင်း ချမ်းသာကြောင်း ပြည့်စုံကြောင်း ဖြစ်သော အပြုအမူ အပြောအဆိုများ၊ သို့မဟုတ် မြင့်မြတ်ခြင်း ကြီးပွားခြင်း ချမ်းသာခြင်း ပြည့်စုံ ခြင်းများ ဖြစ်သည်။ ပဗ္ဗဇ္ဇ မင်္ဂလာဟူသော စကား၏ အဓိပ္ပာယ်ကား လူ့အဖြစ် လူ့အသွင်အပြင်ကို စွန့်ပယ်၍ ရဟန်း အဖြစ် ရဟန်းအသွင် အပြင်ကို ယူခြင်းသည်ပင် မြင့်မြတ်ကြောင်း၊ ကြီးပွားကြောင်း၊ ချမ်းသာကြောင်း၊ ပြည့်စုံကြောင်း ဖြစ်သည်။

ရှင်ပြုပုံ

[ပြင်ဆင်ရန်]

ရှင်လောင်းကို ရှင်ပြုပေးမည့် ဆရာရဟန်းကာ ရှေးဦးစွာ ဆံပင်နှင့် မုတ်ဆိတ်မွေးတို့ကို ရိတ်စေသည်။ နောက်ကိုယ်ဝတ်သင်းပိုင်နှင့် အပေါ်ရုံ ဧကသီ သင်္ကန်းနှစ်ထည်ကို ဝတ်ရုံစေသည်။ နောက် ဆရာရဟန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်စေပြီး လက်အုပ်ချီ ရှိခိုးနေစေသည်။

နောက် ဆရာရဟန်းက ( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ) စသော သရဏဂုံ သုံးပုဒ်ကို ဌာန် ကရိုဏ်းပီသစွာ ရွတ်ဆို၍ ရှင်လောင်းအား သရဏဂုံပေးရသည်။ ရှင်လောင်းကလည်း ဆရာရဟန်းရွတ်ဆိုသည့်အတိုင်း လိုက်၍ ဌာန်ကရိုဏ်း ပီသစွာ ရွတ်ဆိုရသည်။ သရဏဂုံယူ၍ ပြီးဆုံးလျှင် ပဗ္ဗဇ္ဇမင်္ဂလာမြောက်၍ ရှင်အဖြစ်သို့ ရောက်သည်။ ( ဆယ်ပါးသီလ ခံယူနေရန်မလို၊ ရှင်သာမဏေဖြစ်သွားလျှင် ဆယ်ပါးသီလကား အလိုလိုရရှိပြီး ဖြစ်သည်။) နောက် ဆရာရဟန်းထံမှာပင် ဖြစ်စေ၊ ရဟန်းတော်ကြီး တစ်ပါးပါးထံမှာဖြစ်စေ … ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ ဟု သုံးခေါက်ဆို၍ ဥပဇ္ဈောယ်ယူရသည်။

ဤရှင်ပြုပုံကား ဆဌသင်္ဂါယနာမူ ဝိနယ မဟာဝါပါဠိ ရာဟုလဝတ္ထုတွင် ရှင်သာရိပုတ္တရာက သားတော်ရာဟုလာကို ရှင်ပြုပေးပုံအတိုင်း ဖြစ်ပေသည်။

မြန်မာနိုင်ငံ၌ ရှင်ပြုကြသည်မှာ အချို့အရပ်ဒေသ၌ ရှင်မပြုမီကပင် ရှင်လောင်းကို ဝတ်စားဆင်ယင် ပီးသော ရွှေထီးဆောင်းမိုးကာ မင်းညီ မင်းသားများကဲ့သို့ နောက်လိုက်နောက်ပါ ခြံရံလျက်၊ ရတု ရကန်များကို သီဆို၍ ရတုရကန်အဖြတ်ဖြတ်တွင် ရှိုးလိုက်ကြ၍ ပျော်ပျော်ပါးပါး တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်တက်ဆင်း ရှင်လောင်းလှည့်ကြသည်။ အလှူနေ့ပရိသတ်စုံလင်သောအခါ ရတုကို ဆို၍ ရှင်လောင်းကို အလှူမဏ္ဍပ်အတွင်းသို့ သွင်းကြသည်။ ယင်းအလေ့အထမှာ ပါရာဇိကဏ် အဌကထာ ဗာဟိရနိဒါန်း … သီရိဓမ္မာသောကမင်းကြီးက ရှင်လောင်းဖြစ်သော ညီတော် အိမ်ရှေ့မင်းကို သဘင်သည် ကချေသည် အသွင် တန်ဆာဆင်၍ စစ်သည်တော်များ ခြံရံလျက် အသောကာရုံကျောင်းတော်သို့ ပို့သောထုံးကိုထောက်၍ ပြုလုပ်ကြဟန်တူသည်။ အချို့အရပ်၌ ရှင်လောင်းကို နတ်ဝှက်တတ်သည်ဟု ယူဆ ကြသည်။ သို့အတွက် နတ်မဝှက်အောင် ဘေးရန်ကင်းအောင် ရှင်လောင်းကို ဝတ်စားဆင်ယင်လျက် အုန်းငှက်ပျောပွဲတို့နှင့် မြို့ဦး မြို့ထိပ်၊ ရွာဦး ရွာထိပ်ရှိ တန်ခိုးကြီး နတ်စင်သို့သွား၍ နတ်ပြကြသည်။

အချို့အရပ်၌ ရှင်လောင်းကို ဝတ်စားဆင်ယင်ကာ အလှူနေ့၌ ပရိသတ်စုံညီရှေ့တွင် ထိုင်စေလျက် ဘေးရန်ကင်းအောင် မင်းကိုယ်ချည်ကို လည်ပင်းတွင်စွပ်၍ မန္တာန် ရွတ်ဆိုကာ ဘိသိက်သွန်းကြသည်။ ယင်းအလေ့အထမှာ တတိယ နံမော်ဆရာတော် ဝိနန္ဒာသဘ ရေးသားအပ်သော သီလဝိသောဓနီကျမ်း ဝိနိစ္ဆယ အမှားအမှန်ခန်း၌ … ပရိတ်ရွတ်သောချည်ကို မင်းကိုချည်ခေါ်သည်။ အောင်ချည်လည်း ဟူကြသည်။ မှန်ကူချည်လည်း ဟူကြသည်။ (လ) မင်းကိုယ်ချည်၊ အောင်ချည်၊ မှန်ကူချည် ဝိုက်သား၍ ရှင်ပြုလျှင် ရှင်လောင်း၏ အန္တရာယ်ကို ထိုချည်ကွယ်သော ဟူသည် (လ) သာလွန်မင်းလက်ထက် မင်္ဂလာပရိတ်ရွတ်ရာ ပါသော မင်းကိုချည်ကို ပရိတ်ရွတ်ပြီးလျှင် မင်းကိုချည်ကို မင်းသားမင်းသမီးတို့ လည်ပင်းမှာစွပ်ပါလော ဆိုသောစကားအရ၊ မင်းကိုယ်ချည် လည်ပင်းတွင် စွပ်ခြင်းသည် ရှေးထုံးဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုထုံးသို့ လိုက်၍ ပြုလုပ်ကြဟန် တူသည်။

ရှင်သာမဏေလောင်းများ သင်္ကန်းတောင်းခြင်း

ရှင်ပြုသောအခါ၌ ဆရာရဟန်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ရှိခိုးစေ၍ … သကလဝဟ္မ စသည်ကို ရွတ်ဆို၍ သင်္ကန်းတောင်းရသည်။ … သံသာရ ဝဟ္မ ဒုက္ခတော စသည်ကို ရွတ်ဆို၍ ရှင်သာမဏေ အဖြစ်ကို ပြုလုပ်ပေးရန် တောင်းပန်ရသည်။ နောက် သင်္ကန်းဝတ်ပြီး ဩကာသဖြင့် ကန်တော့၍ သီလတောင်းရသည်။ နောက် ဘုရားရှိခိုးရသည်။ သရဏဂုံကို ယူရသည်။ ရှင်သာမဏေနှင့်ဆိုင်သော ဆယ်ပါးသီလ ခံယူရသည်။ ခံယူပြီးမှ ကိစ္စပြီးသည်။ ယင်းအလေ့အထတို့တွင် သင်္ကန်းတောင်းခြင်း၊ ရှင်သာမဏေပြုလုပ်ပေးရန် တောင်းပန်ခြင်းတို့မှာ ရဟန်းလောင်းများ ရဟန်းခံသောအခါ …သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ စသည်ဖြင့် ရဟန်းခံပေးရန် သံဃာကို တောင်းပန်ရသောထုံးကို ထောက်၍ အလေးပြုစေလိုသဖြင့် ရှေးဆရာကြီးများ ရေးသား၍ တောင်းပန်ရန် စီစဉ်ထားဟန်တူသည်။

ဩကာသ စသည်ဖြင့် ကန်တော့ခြင်း၊ သီလတောင်းခြင်း၊ ဘုရားရှိခိုးခြင်း၊ သရဏဂုံယူခြင်း၊ သီလခံခြင်းတို့မှာ လုပ်ရိုးလုပ်စဉ် ဖြစ်နေသောကြောင့်၎င်း၊ ထို ဩကာသ စသည်ကို ရှေးဆရာကြီးများ အယူအဆအားဖြင့် သာသနာနှစ် ၁၆ဝ၁ ခုတွင် သာသနာပြုရန် သထုံပြည်မှ ပုဂံပြည်သို့ ကြွလာသော ရဟန္တာ ရှင်အရဟံ စီစဉ်ထားသည်ဟု ယူဆခဲ့ကြသည့်အတိုင်း ပြုလုပ်ရိုး အစဉ်လာရှိသောကြောင့်၎င်း ပြုလုပ်ကြဟန်တူသည်။

ယင်းသို့ ပဗ္ဗဇ္ဇမင်္ဂလာ ပြုရာ၌ ရှင်လောင်းလှည့်ခြင်း၊ နတ်ပြခြင်း၊ မင်းကိုယ်ချည်ရံခြင်း၊ လည်ပင်းတွင် စွပ်ခြင်း၊ သင်္ကန်းတောင်းခြင်း၊ ရှင်သာမဏေပြုလုပ်ပေးရန် တောင်းပန်ခြင်း၊ ကန်တော့ခြင်း၊ သီလခံယူခြင်း စသည်တို့မှာ ရှေးထုံးကို လိုက်နာသောကြောင့်၎င်း ဝိနည်းဒေသနာကို လေးစားရာ ရောက် သောကြောင့်၎င်း ကောင်းသောလုပ်ငန်းများ ဖြစ်သည်။ ရှင်သာမဏေ စောင့်ထိန်းရသော သိက္ခာပုဒ်များကား ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ ခန္ဓကလာ ဝတ်ကီးဝတ်ငယ် တဆဲ့လေးပါး၊ သေခိယသိက္ခာပုဒ် ခုနှစ်ဆဲ့ငါးပါး စသည်တို့ ဖြစ်သည်။

ဆဌသင်္ဂါယနာမူ ထေရာပါဒါန် ပါဠိအလာ ရှေးအခါ ရှင်ပြုကြသည်မှာ ရှင်သီဝလိမထေရ် ခုနှစ်နှစ် သားအရွယ်၊ ပဉ္စသီလ သမာဒါနိယထေရ်၊ ပဒုမထေရ်၊ စန္ဒမာလိယထေရ်တို့ ငါးနှစ်သားအရွယ် ရှင်ပြုကြ၍ ရဟန္တာဖြစ်ကြသည်- ဧက ဒီပိယထေရ် လေးနှစ်သားအရွယ် ရှင်ပြု၍ ၁၅ ရက်အတွင်း ရဟန္တာဖြစ်သည်။ ရှင်သာမဏေပြုရာ၌ သရဏဂုံကို ဌာန် ကရိုဏ်းပီသစွာ ရွတ်ဆိုနိုင်ဖို့ အရေးကြီးသည်။ သို့အတွက် အနည်းဆုံး အသက်အရွယ် ခုနှစ်နှစ်ပြည့်မှ ပြုသင့်သည်။

ရဟန်းပြုပုံ

[ပြင်ဆင်ရန်]

ရဟန်းလောင်းသည် ရှေးဦးစွာ ဥပဇ္ဈာယ် ယူရသည်။ နောက် ရဟန်းတစ်ပါးက သပိတ်နှင့် သင်္ကန်း သုံးထည်ကို ပြောကြားသည်။ နောက်အဆုံးအမ ပေးသည်။ နောက်နူနာရှိသလော စသည်ဖြင့် စစ်မေးသည်။ နောက် သံဃအလယ်တွင် ဆောင့်ကြောင့်ထိုင်ပြီး လက်အုပ်ချီ ရှိခိုး၍ ရဟန်းပြုပေးရန် … သံဃံ ဘန္တေ ဥပသမ္ပဒံ ယာစာမိ စသည်ဖြင့် သုံးကြိမ် တောင်းပန်ရသည်။ နောက်ရဟန်းတစ်ပါးတည်းဖြစ်စေ၊ နှစ်ပါး ပြိုင်တူဖြစ်စေ၊ သုံးပါးပြိုင်တူဖြစ်စေ ဥတ်တစ်ကြိမ် ဖတ်ကြပြီး ကမ္မဝါ သုံးကြိမ် ဖတ်ကြသည်။ ကမ္မဝါအဆုံး၌ ရဟန်းအဖြစ်သို့ ရောက်သည်။

ရှင်သာမဏေနှင့် ရဟန်းတို့အတွက် သင်္ကန်းများမှာ ဝိနည်းတော်အတိုင်း ချုပ်ဆိုးထားသော သင်္ကန်း များဖြစ်ရသည်။ ရှင်သာမဏေ အတွက် သင်းပိုင်၊ ဧကသီ နှစ်ထည်၊ ရဟန်းအတွက် သင်းပိုင်၊ ဧကသီ နှစ်ထည်၊ ဒုကုဋ် သုံးထည်ဖြစ်သည်။

ရှင်သာမဏေပြုရာမှာ သီလသိက္ခာရှိသော ရဟန်းတစ်ပါးတည်းက ပြုပေးနိုင်သည်။ ရဟန်းပြုရာမှာကား၊ အနည်းဆုံးသီလသိက္ခာ ရှိသော ရဟန်းငါးပါးရှိမှ ပြုပေးနိုင်သည်။

ရဟန်းတို့ စောင့်ထိန်းရသော သိက္ခာပုဒ်မှာ အကျဉ်းအားဖြင့် ၂၂၇ ပါး၊ အကျယ်အားဖြင့် ကုဋေကိုး ထောင်ကျော် ဖြစ်သည်။ ရဟန်းပြုရာ၌ အမိဝမ်းတွင်း ပဋိသန္ဓေ နေသည့်နေ့မှစ၍ အသက်အရွယ် နှစ်ဆယ်နှစ် တင်းတင်းပြည့် မှ ရဟန်းပြုရသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )