မြေဝက်

ဝီကီပီးဒီးယား မှ
မြေဝက်
(အင်္ဂလိပ်: Aardvark)
Temporal range: Early Pliocene ကာလ – လက်ရှိခေတ်
At Royal Burgers' Zoo, Arnhem, Netherlands
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Tubulidentata
မျိုးရင်း: Orycteropodidae
မျိုးစု: Orycteropus
မျိုးစိတ်:
O. afer
ဒွိနာမ
Orycteropus afer
(Pallas, 1766)
မျိုးစိတ်ခွဲ

See text

Map of Africa showing a highlighted range (in green) covering most of the continent south of the Sahara desert
မြေဝက်များ နေထိုင်ကျက်စားရာဒေသများ
မြေဝက်

မြေဝက်၏ အင်္ဂလိပ်အမည်ဖြစ်သော “Aardvark” (/ˈɑːrdvɑːrk/ အာ့ဒ်-ဗက်; Orycteropus afer) ဟူသော ဝေါဟာရသည် အာဖရိက အေဖာ တို့၏ ဝေါဟာရ ဖြစ်လေသည်။ မြေဝက်သည် အာဖရိကတိုက်တွင် တွေ့ရှိရသည်။ မြေဝက်များသည် အရွယ်အစား အလယ်အလတ်ရှိပြီး တွင်းတူးတတ်သော ညတွင် ကျက်စားတတ်သည့် နို့တိုက်သတ္တဝါများ ဖြစ်လေသည်။ ၎င်းတို့သည် တူဘူလီဒန်တေတာ မျိုးရင်းတွင် ပါဝင်သည့် တစ်မျိုးတည်းသော မျိုးစိတ် ဖြစ်လေသည်။ သို့သော်လည်း ယင်းမျိုးရင်းတွင် သမိုင်းမတင်မီခေတ်ကမူ အခြားသောမျိုးစိတ်များလည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။

မြေဝက်တွေ့ရှိရာဒေသ

မြေဝက်ကို ရံဖန်ရံခါ ပုရွက်စားဝက်ဝံ၊ ပုရွက်စားကောင် စသည်ဖြင့် ခေါ်ဝေါ်ကြသေးသည်။ ယင်းအပြင် မျှော်လင့်ခြင်းအငူ ခေါ် ဂွတ်ဟုပ်အငူကို အစွဲပြု၍လည်း ကိပ် ပုရွက်စားကောင် ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ မြေဝက်များကို မြေဝက် ဟုလည်း ခေါ်ကြသေးသည်။

မြေဝက်၏အမည်ဖြစ်သော အတ်ဗတ်ဟူသောအမည်သည် များစွာသော စွယ်စုံကျမ်းများနှင့် အတိုကောက်အဘိဓာန်များတွင် ပထမဦးဆုံးအဖြစ် ဖော်ပြခြင်းခံရလေ သည်။ ယင်းအမည်သည် အာဖရီးကန်း၊ ဒတ်ချ်လူမျိုး၏စကားဖြစ်ပြီး မြေဝက်ဟုပင် အဓိပ္ပာယ်ရလေသည်။ ဥရောပတိုက်မှ အစောဆုံး အခြေချနေထိုင်သူများက ဤသတ္တဝါသည် အိမ်ဝက်နှင့် တူသည်ဟု အထင်ရောက်ကာ ဤအမည်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း မြေဝက်သည် အိမ်ဝက်နှင့် မျိုးနီးစပ်ခြင်း မရှိပေ။ ၎င်းသည် တူဘူလီဒန်တေတာမျိုးရင်းတွင် ပါဝင်သည့် တစ်ဦးတည်း သောမျိုးစိတ်ပင် ဖြစ်သည်။ မြေဝက်သည် အချို့သောအကျင့်စရိုက်များနှင့် အပေါ်ယံသွင်ပြင်တို့တွင် တူညီလင့်ကစား တောင်အမေရိကတိုက်မှ ပုရွက်စားကောင်များနှင့် မျိုးနီးစပ်ခြင်း မရှိပေ။ မြေဝက်များနှင့် မျိုးအနီးစပ်ဆုံးသောသက်ရှိသတ္တဝါများမှာ ဆင်စွေ့များ ဖြစ်လေသည်။ ယင်းတို့အပြင် ရေသူမများ၊ ဟိုင်းရတ်ကောင်များ၊ တင်းရတ်များ နှင့် ဆင်များသည်လည်း မြေဝက်များနှင့် မျိုးနီးစပ်လေသည်။

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

မြေဝက်များ၏ အသိသာအထင်ရှားဆုံးသော သွင်ပြင်လက္ခဏာမှာ ယင်းတို့၏သွားများ ဖြစ်လေသည်။ သွားများအားလုံးလိုလိုသည် ပါးလွှာပြီး အပေါ်ထောင်နေကာ ဒေါင်လိုက်သွားတန်းများ ဖြစ်လေသည်။ သွားများကို ကြွေများဖြင့် ဖုံးအုပ်ထားခြင်း မရှိပေ။ ကျိုးသွား ပြီးနောက်တွင် ချက်ချင်းလိုလို ပြန်ပေါက်လေသည်။ မြေဝက်သည် မေးရိုး၏အရှေ့ဘက်တွင် စွယ်သွားများဖြင့် မွေးလာသည်။ ယင်း စွယ်သွားများသည် လဲလေ့မရှိပေ။ မျိုးဗီဇပိုင်းအရ ပြောလျှင် မြေဝက်များသည် သက်ရှိရုပ်ကြွင်းများဖြစ်သည်ဟု ဆိုသည်။

မြေဝက်များသည် ဝက်များနှင့် အတန်ငယ်ဆင်ဆင်တူလေသည်။ ၎င်းတို့၏ကိုယ်သည် တုတ်ခိုင်သည်။ ကျောကုန်းသည် ကွေးနေသည်။ ကြမ်းတမ်းသော အမွေးများဖြင့် ကျဲပါးစွာဖုံးအုပ်ထားလေသည်။ ခြေတံများသည် အတန်ငယ်ရှည်သည်။ ရှေ့ခြေများတွင် ခြေမ မရှိချေ။ ခြေချောင်းလေးချောင်းစီသာ ရှိလေသည်။ နောက်ခြေများတွင်မူ ခြေချောင်းငါးချောင်းစီ ရှိလေသည်။ ခြေချောင်းများအားလုံးတွင် ကြီးမားပြီး သန်စွမ်းသောခြေသည်းများ ရှိလေသည်။ ယင်းခြေသည်းများသည် ပြားချပ်နေပြီး ဂေါ်ပြားနှင့်တူလေသည်။ ယင်းခြေသည်းများသည် ခြေ သည်းနှင့်ခွာအကြား ကြားနေရာ ဖြစ်လေသည်။ နားရွက်များသည် အလွန်ရှည်လျားပြီး အမြီးသည် အရင်းတွင်အလွန်ထူထဲကာ အဖျားသို့ ရှူးသွားသည်။ ဦးခေါင်းမှာ အလွန်လုံးဝန်းပြီး လည်ပင်းမှာမူ တိုပြီးတုတ်သည်။ နှာတံ၏အဆုံးတွင် အချပ်ကလေး ဖြစ်နေပြီး နှာခေါင်း ပေါက်များ ရှိလေသည်။ မြေဝက်တွင် ရှည်လျားပြီး သေးသွယ်ကာ မြွေနှင့်တူသည့် အပြင်သို့ထိုးထွက်နေသောလျှာ ရှိလေသည်။ အနံ့ခံ အာရုံလည်း အလွန်ကောင်းမွန်သည်။

မြေဝက်၏ကိုယ်အလေးချိန်သည် ပုံမှန်အားဖြင့် ၄၀ နှင့် ၆၅ ကီလိုဂရမ်အကြားတွင် ရှိလေသည်။ မြေဝက်၏ကိုယ်အလျားသည် များသော အားဖြင့် ၁ နှင့် ၁.၃ မီတာများအကြားတွင် ရှိလေသည်။ သို့သော်လည်း ၂.၂မီတာအထိ ရောက်နိုင်လေသည်။ အမြီးသည် ၇၀ စင်တီမီတာ အထိ ရှိနိုင်လေသည်။ မြေဝက်သည် ဝါမွဲမွဲဖျော့ဖျော့အရောင် ရှိလေသည်။ သို့သော်လည်း မြေကြီးတွင် အမြဲလူးနေတတ်သဖြင့် နီညိုရောင် ဖြစ်နေတတ်သည်။ မြေဝက်၏အရေခွံသည် ပါးပြီး အရေပြားမှာမူ ကြမ်းတမ်းသည်။ ယင်းကြမ်းတမ်းသောအရေပြားသည် မြေဝက်အတွက် ပင်မအကာအကွယ်လည်း ဖြစ်လေသည်။ မြေဝက်သည် လောလောလတ်လတ်တူးဆွထားသော ပုရွက်အုံများအတွင်းတွင် အိပ်စက်တတ်ပြီး ယင်းမှာ ၎င်း၏ရန်သူများထံမှ အကာအကွယ်ရရန်အတွက်လည်း ဖြစ်လေသည်။

မြေဝက်အနားယူခြင်း

မြေဝက်သည် ညအချိန်တွင်သာ ကျက်စားတတ်ပြီး တစ်ကောင်တည်းသာ ကျက်စားတတ်သည်။ ၎င်းတို့သည် ပုရွက်ဆိတ်နှင့် ခြကောင်များကို စားတတ်လေသည်။ မြေဝက်များစားတတ်သည့် တစ်မျိုးတည်းသောသစ်သီးမှာ မြေဝက်သခွားသီး ဖြစ်လေသည်။ မြေဝက်သည် မွန်းလွဲပိုင်းအချိန် နှောင်းပိုင်း (သို့မဟုတ်) နေဝင်ပြီးနောက် များမကြာမီမှာပင် ၎င်း၏တွင်းမှနိုးထလာပြီး ၎င်းကျက် စားရာနယ်မြေအတွင်းတွင် လှည့်လည်ကျက်စားလေသည်။ ၎င်းတို့ကျက်စားရာနယ်မြေသည် ၁၀ကီလိုမီတာမှ ၃၀ကီလိုမီတာအတွင်းတွင် ရှိလေသည်။ မြေဝက်သည် ၎င်း၏နှာခေါင်းရှည်ကြီးကို ဟိုဘက်မှ သည်ဘက်သို့ ယိမ်းယိုင်လာကာ အစာ၏အနံ့ကို ခံလေသည်။ ပုရွက်ဆိတ်များ၊ ခြကောင်များ၏အနံ့အသက်ကို ရသောအခါတွင် မြေဝက်သည် ၎င်း၏သန်မာသောရှေ့ခြေများဖြင့် တူးဆွလေသည်။ တစ်ချိန် တည်းမှာပင် ၎င်းတို့၏ရှည်လျားသောနားရွက်များကိုထောင်မတ်ကာ ရန်သူများ၏အသံကို နားထောင်လေသည်။ ယင်းနောက်တွင်မူ ပိုးမွှား များစွာကို ၎င်း၏ရှည်လျားကပ်စီးသောလျှာဖြင့် ဆွဲယူစားလေရာ ညတစ်ညတည်းမှာပင် ပုရွက်ဆိတ်ကောင်ရေငါးသောင်းအထိ စားဖူးကြောင်းကို မှတ်တမ်းတင်ထားလေသည်။

တွင်းဝင်ပေါက်

၎င်းသည် တွင်းတူးတော်သူ ဖြစ်သော်လည်း လှုပ်ရှားရာတွင်မူ အလွန်နှေးကွေးလေသည်။ ၎င်း၏ခြေသည်းများသည် ခြကောင်များ၊ ပုရွက်ဆိတ်များ၏ အလွန်ထူထဲမာကျောလှသောအသိုက်အအုံကို ကောင်းစွာ လျင်လျင်မြန်မြန် တူးဆွ နိုင်လေသည်။ ယင်းသို့ တူးဆွရာတွင် ဖုန်မှုန့်၊ သဲမှုန့်များ မလွင့်ပျံလာစေရန်အတွက် နှာခေါင်းပေါက်များကို ပိတ်ထားလေသည်။ တူးဆွမှု အောင်မြင်သောအခါတွင် မြေဝက်သည် ၎င်း၏ရှည်လျားသောလျှာဖြင့် အင်းဆက်ပိုးမွှားများကို ဆွဲယူစားလေသည်။ လျှာသည် ၃၀ စင်တီ မီတာအထိ ရှည်တတ်လေသည်။ ခြကောင်များ ကိုက်ခြင်း၊ ပုရွက်ဆိတ်များ၏ထိုးခြင်းများသည် မြေဝက်၏ကြမ်းတမ်းသောအရေခွံပေါ်တွင် အချည်းနှီးမျှသာ ဖြစ်လေသည်။ မြေဝက်သည် အလွန်နားပါးလှသောကြောင့် ၎င်း၏ရန်သူများဖြစ်သော ခြင်္သေ့များ၊ ကျားသစ်များ၊ ဟိုင်ယီး နားခွေးအများနှင့် စပါးကြီးမြွေများ လာလျှင် သိရှိလေသည်။

မြေဝက်သည် ပုရွက်ဆိတ်နှင့်ခြကောင်များအား တူးဆွခြင်းအပြင် ၎င်းနေထိုင်ရန်အတွက် ကိုယ်ပိုင်တွင်းများကိုလည်း တူးတတ်သည်။ ၎င်း ကျက်စားရာနယ်မြေအတွင်းတွင်လည်း ခေတ္တနားခိုစရာနေရာများစွာကို အနှံ့အပြားတူးထားတတ်သည်။ အဓိကတွင်းမှာမူ သားပေါက်ရန် အတွက် ဖြစ်လေသည်။ အဓိကတွင်းများသည် နက်ပြီး ကြီးမားကျယ်ပြန့်သည်။ အဝင်အထွက်ပြုစရာအပေါက်များစွာလည်း ရှိသည်။ ၁၃ မီတာအထိလည်း ရှည်တတ်သေးသည်။ မြေဝက်သည် ၎င်း၏အဓိကတွင်း၏ပုံစံကို ပုံမှန်ပြောင်းလဲတတ်သည်။ ၎င်းသည် အချိန်တစ်ချိန်မှ အခြားတစ်ချိန်အတွင်းတွင် တွင်းအသစ်သို့ ပြောင်းရွှေ့နေတတ်သည်။ ၎င်း၏တွင်းဟောင်းများတွင် အာဖရိကခွေးရိုင်းကဲ့သို့သော အခြား သေးငယ်သည့်တိရစ္ဆာန်များက နေထိုင်တတ်ကြလေသည်။ မိခင်များနှုင့် ယင်းတို့၏ရင်သွေးများသည်သာ တွင်းတစ်ခုတည်းကို အတူတကွ မျှဝေသုံးစွဲကြလေသည်။ အကယ်၍ တွင်းအား တိုက်ခိုက်ခံရပါက တွင်းပေါက်ကို တင်းကြပ်စွာပိတ်ဆို့တတ်သည်။ သို့မဟုတ် တွင်းအတွင်းတွင် လှည့်ပတ်ကာ ၎င်း၏ခြေသည်းများဖြင့် ပြန်လည်တိုက်ခိုက်တတ်လေသည်။

မျိုးပွားခြင်း[ပြင်ဆင်ရန်]

မြေဝက်များသည် သားဖောက်ရာသီတွင်သာ နှစ်ကောင်တွဲလျက် တွေ့ရတတ်သည်။ သားလွယ်ကာလမှာ ၇ လကြာသည်။ သားတစ်ကောင် တည်းသာ ပေါက်တတ်သည်။ မြေဝက်ပေါက်ကလေးသည် မွေးကင်းစတွင် ၂ ကီလိုဂရမ်သာ လေးသည်။ ၎င်းသည် နှစ်ပတ်သားအရွယ် တွင် ၎င်း၏တွင်းကိုစွန့်ခွာကာ ၎င်း၏မိခင်နောက်သို့ လိုက်လေသည်။ ၁၄ပတ်သားအရွယ်တွင် ခြကောင်များကို စားလေသည်။ ၁၆ ပတ်သား အရွယ်တွင် နို့စို့ခြင်းအစား အခြားအစာများကိုစားလေသည်။ အသက်ခြောက်လသားအရွယ်တွင် ၎င်းသည် ၎င်း၏ကိုယ်ပိုင်တွင်းကို စတင် တူးနိုင်လေပြီ။ သို့သော်လည်း ၎င်းသည် ၎င်း၏မိခင်နှင့်အတူ နောက်ထပ်မိတ်လိုက်ရာသီအထိတိုင်အောင် ဆက်လက်နေနေသေးသည်။ ယင်း အချိန်လွန်သောအခါတွင် မြေဝက်သည် မျိုးပွားနိုင်သောအရွယ်ရောက်လာပြီ ဖြစ်သည်။

မြေဝက်မိခင်နှင့် ရင်သွေး

မြေဝက်များသည် အဖမ်းလှောင်ခံဘဝတွင် ၂၄နှစ်အထိ နေနိုင်လေသည်။

အဓိကရန်သူများ[ပြင်ဆင်ရန်]

မြေဝက်၏အဓိကရန်သူများမှာ ခြင်္သေ့၊ ကျားသစ်၊ အမဲလိုက်ခွေးနှင့် စပါးကြီးမြွေများ ဖြစ်လေသည်။ မြေဝက်များသည် လျင်မြန်စွာ တွင်းတူးနိုင်လေသည်။ (သို့မဟုတ်) ရှေ့နောက်အကွေ့အကောက်လမ်းကြောင်းဖြင့် ရန်သူများလက်မှ လွတ်အောင်ပြေးနိုင်လေသည်။ သို့သော်လည်း အဆိုပါနည်းလမ်းအားလုံး မအောင်မြင်သောအခါတွင် ၎င်းသည် ၎င်း၏ခြေသည်းများ၊ အမြီးနှင့် လက်တံများကို အသုံးပြု၍ ရန်သူကို ရိုက်ခတ်တတ်သည်။ ရံဖန်ရံခါတွင်မူ ၎င်း၏ ခြေလေးချောင်းစလုံးဖြင့် ရန်သူများ၏ကျောကုန်းကို ရိုက်ခတ်တတ်သည်။

မြေဝက်များသည် အာဖရိကတိုက်ဆဟာရသဲကန္တာရ၏တောင်ဘက်ရှိဒေသများတွင် နေထိုင်ကျက်စားလေသည်။ ၎င်းတို့သည် ၎င်းတို့နှင့် သင့်လျော်သော ကျက်စားစရာနေရာရှိသောအရပ်များတွင် ကျက်စားတတ်ကြသည်။ မြေဝက်များကို ဆာဗားနားမြက်ခင်းပြင်များ၊ မြက်တော များ၊ သစ်တောနယ်မြေများနှင့် ချုံတောများတွင် ကျက်စားတတ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏အစာဖြစ်သော ပုရွက်ဆိတ်နှင့် ခြကောင်များ ပေါများသောအရပ်များတွင် တွေ့ရတတ်သည်။

အစွဲအလမ်းများ[ပြင်ဆင်ရန်]

အာဖရိကတိုက်၏ ရိုးရာယုံကြည်ကိုးကွယ်မှုများတွင်မူ အထူးပင် အလေးအမြတ်ပြုကြလေသည်။ ယင်းမှာ မြေဝက်သည် ၎င်းတို့၏အစာ အတွက် လုံ့လဝီရိယရှိပြီး ပုရွက်ဆိတ်စစ်သည်တော်များအားလည်း အကြောက်အရွံ့မရှိ တုံ့ပြန်နိုင်မှုတို့ကြောင့်ပင် ဖြစ်လေသည်။ ဟာအူဆာ လူမျိုး မှော်ဆရာများသည် မြေဝက်၏ အသည်း၊ အရေခွံ၊ ဦးခေါင်းရှေ့ပိုင်းနှင့် ခြေသည်းများကို အပင်တစ်မျိုး၏အမြစ်နှင့်အတူ ရောနှော၍ အမှုန့်ကြိတ်ကာ ပီယဆေးကို ဖော်စပ်လေသည်။ ယင်းနောက်တွင်မူ အရေပြားတစ်စတွင်ထုပ်၍ ရင်ပတ်တွင် စည်းထားပါက ယင်းစည်းထားသောသူတွင် ပီယအစွမ်းသတ္တိများရရှိကာ ညအချိန်မှာပင် နံရံများ၊ အမိုးများကို ကျော်ဖြတ်နိုင်စွမ်းရှိလေသည်ဟု ဆိုသည်။ ယင်းပီယဆေးမျိုးကို သူတပါး၏အိမ်အတွင်းသို့ တရားမဝင်ခိုးဝင်တတ်သောသူခိုးများက အသုံးပြုတတ်သည်ဟုလည်း ဆိုသည်။ ထိုနည်းတူ မိန်းကလေးငယ်များ၏အိမ်သို့ ယင်းတို့၏မိဘများ၏ ခွင့်ပြုချက်မရဘဲ လည်ပတ်လိုသူများကလည်း အသုံးပြုတတ်ကြသေးသည်။

ဒဗလျူဘီအိပ်ချ် ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော လူကြိုက်များသည့် ကလေးများအတွက်ကာတွန်းဇာတ်လမ်းတွဲတစ်ခု ဖြစ် သည့် အာသာ ဇာတ်လမ်းတွဲမှ အဓိကဇာတ်ကောင်သည် မြေဝက် ဖြစ်လေသည်။ ယင်းကာတွန်းဇာတ်လမ်းတွဲကို နိုင်ငံပေါင်း တစ်ရာကျော်တွင် ထုတ်လွှင့်ပြသလျက် ရှိလေသည်။

၁၉၆၉ခုနှစ်မှ ၁၉၇၁ခုနှစ်အတွင်း ပြသခဲ့သော ကာတွန်းရုပ်ရှင်ဇာတ်ကားတွဲဖြစ်သည့် ပုရွက်ဆိတ်နှင့် မြေဝက် ဇာတ်ကားတွဲမှ အဓိကဇာတ်ကောင်များအနက် တစ်ဦးဖြစ်သော အပြာရောင်မြေဝက် ဇာတ်ကောင်သည် ဂျွန် ဘိုင်နာ က အသံသရုပ်ဆောင်ထားလေသည်။ ယင်းဇာတ်ကားတွဲတွင် မြေဝက်တစ်ကောင်နှင့် ၎င်းအားအမြဲဆန့်ကျင်သော ပုရွက်ဆိတ်တို့အကြောင်းဖြစ်ပြီး မြေဝက်သည် ပုရွက်ဆိတ်ကို စားရန်၊ ဖမ်းမိရန် အမြဲတမ်းကြိုးပမ်းသော်လည်း နောက်ဆုံးတွင် အမြဲပဲ ရှုံးနိမ့်ရလေသည်။

ဒေ့ဗ်ဆင်းမ်နှင့် ဂျားဟဒ် ဆိုသူတို့ ပူးပေါင်းဖန်တီးသည့် ကာတွန်းရုပ်ပြစာအုပ်တွဲ၏ ခေါင်းစဉ်ဇာတ်ကောင် ဖြစ်သော မြေဝက် ဆီရီးဘတ်စ်သည် ၁၉၇၇ ခုနှစ်မှ ၂၀ဝ၄ ခုနှစ်အထိ ထွက်ရှိခဲ့လေသည်။ ယင်းစာအုပ်တွဲများ ၏ နောက်ထပ်တစ်ကြိမ် ထပ်မံထွက်ရှိသော စုပေါင်းအတွဲများကို ယနေ့ထက်တိုင် ရောင်းချနေရဆဲ ဖြစ်လေသည်။

ကိုးကား[ပြင်ဆင်ရန်]