မြန်မာစာစတင်ဖြစ်ပေါ်လာပုံ
စတင်ခြင်း
[ပြင်ဆင်ရန်]မြန်မာစာစတင်ဖြစ်ပေါ်လာခြင်းသည် မြန်မာသည် ပျူနှင့်မွန်စာရေးနည်းကို စံတင်ပြီး (၁၂)ရာစုတွင် မြန်မာဘာသာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စတင်တည်ထောင်စဉ်ကာလ အနော်ရထာမင်း၏ လက်ထက်တွင် သက္ကတဘာသာစာဖြင့် ရေးသောအုတ်ခွက်စာများ၊ ပါဠိစာများဖြင့်ရေးသော အုတ်ခွက်စာများကို အထောက်အထားပြုကာ မြန်မာ့တို့သည် မူလက ပါဠိနှင့် သက္ကတဘာသာတို့ကို ရင်းနှီးခဲ့ကြောင်း သိရသည်။ သက္ကတဘာသာသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ဆက်နွယ်ပြီး ပါဠိဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် နှီးနွယ်ကြောင်းသိရသည်။
ပျူစာ၊မွန်စာများနှင့်မြန်မာများ
[ပြင်ဆင်ရန်]မြန်မာတို့သည် တိုင်းခြားဘာသာဖြစ်သော ပါဠိစာကိုဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်တွင် မြန်မာတိုင်းရင်းသားများ၏ စာပေဖြစ်သော ပျူစာ၊ မွန်စာတို့သည် ရှင်သန်နှင့် နေပြီးဖြစ်ကြောင်း သိရသည်။ မြန်မာစာပေါ်ပေါက်လာသော အခါတွင် မြန်မာတို့သည် မြန်မာစာနှင့်အတူ တိုင်းရင်း ပျူ၊ မွန်စာပေတို့ကိုလည်း ဆက်လက်ပြုစုလာခဲ့ကြပြီး ခရစ်နှစ်(၁၁၁၃)ခုနှစ် တွင် ရာဇကုမာရ်မင်းသား ရေးထိုးသော မြစေတီ ကျောက်စာတွင် ပျူ၊ မွန်၊ မြန်မာဘာသာ တို့ကို ပါဠိစာပေနှင့် အတူ ယှဉ်တွဲ တွေ့ရှိရသည်။ ပါဠိစာပေမှ မြန်မာစာပေသို့ အပြန်အလှန် ဘာသာပြန် အရေးအသားနှင့် ပါဠိဘာသာပြန်ရေးသည့် အရေးအသားများ ထွန်းကားလာခဲ့ပြီး (၁၁)ရာစု အနော်ရထာမင်း လက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် အတူ ပိဋိကတ်စာပေများ ပုဂံသို့ရောက်ရှိလာပြီးနောက်တွင် (၁၁) ရာစု နှောင်းပိုင်းတွင် မြန်မာစာ စတင် ပေါ်ပေါက် ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများက ပြဆိုထားသည်။
အသုံးအနှုန်းများခိုင်မြဲလာပုံ
[ပြင်ဆင်ရန်]မြန်မာစာ ပေါ်ပေါက်လာပုံကို ပုဂံခေတ် ကျန်စစ်သားမင်း နတ်ရွာစံပြီး ခရစ်နှစ် (၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် သက္ကရာဇ် အခိုင်အမာ ပါသော အစောဆုံး မြန်မာစာ ဖြစ်ကြောင်းသိရသည်။ မြန်မာစာစတင် ဖော်ပြရာတွင် ဗုဒ္ဓစာပေများကို ကျောက်စာ၊ မှင်စာများဖြင့် ဇာတ်နိပါတ်၊ ပန်းချီ၊ ပန်းပု များနှင့် အတူ မှင်ဖြင့် ဖော်ပြကြပြီး ကျောက်စာများ ၊ မှင်စာများ စတင် ပေါ်ပေါက်လာခဲ့ရကြောင်း သိရသည်။ နောက်ပိုင်းတွင် ဗုဒ္ဓစာပေ အကြောင်းအရာများကို စကားပြေဖြင့်လည်းကောင်း ကဗျာများဖြင့်လည်းကောင်း ဖွဲ့နွဲလာကြပြီး ဗုဒ္ဓစာပေကို အခြေခံကာ မြန်မာစာပေ အရေးအဖွဲ့ အမျိုးမျိုး ပေါ်ထွန်းလာရကြောင်းသိရသည်။ ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားတို့မှ စကားလုံးများကို မွေးစား သုံးနှုန်းခြင်း၊ ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကား နှင့် စာပေ ဖွံ့ဖြိုးကြွယ်ဝ လာခဲ့ သည်ဟု ဆိုကြသည်။ ပင်းယခေတ် (၁၃၀၉ ခုနှစ် ခန့် မှ ၁၃၆၀) နှင့် အင်းဝခေတ် (၁၃၆၄ မှ ၁၄၈၆) တစ်လျောက်လုံးတွင် မြန်မာတို့သည် ဗုဒ္ဓစာပေအမွေအနှစ်များကို ပါဠိဘာသာမှ တစ်ဆင့် ဘာသာပြန်ပြုစုလာခဲ့ကြပြီး မြန်မာစာပေအနေနှင့် အရေးအသား အသုံးအနှုန်းများ ခိုင်မြဲစွာ အမြစ်တွယ် ထွန်းကားနေပြီ ဖြစ်သည်။
မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ
[ပြင်ဆင်ရန်]မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘီစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။
မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ ၀-၀ကလေး ဝိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအဝိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဌာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဌာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဌာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။ ခွေခွေကလေးနေလို့ ခ-ခွေး၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊ ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊ ဝမ်းပူနေလို့ တ-ဝမ်းပူ၊ အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊ အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊ အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ ကုန်းနေလို့ ဘ-ကုန်း၊ ပက်လက်လန်နေလို့ ယ-ပက်လက်၊ အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဌာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။
အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဌာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဌာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။
င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။ ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။ မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။ သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။
ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။ ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။ မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။
မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။ ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။ လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဌာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ)