မုဒုလက္ခဏ မိဖုရား
နူးညံ့သော လက္ခဏာရှိသော မိန်းမကို မုဒုလက္ခဏာဟု ခေါ်သည်။ မုဒုလက္ခဏမိဖုရား၊ ပဘာဝတီတို့ကဲ့တည်း။ မုဒုလက္ခဏဇာတ်၌ မုဒုလက္ခဏမိဖုရားအကြောင်း ပါရှိသည်။
ရှေးအခါက ဘုရားအလောင်းသည် ရသေ့ဝတ်၍ ကသိုဏ်းပရိကံကို ပွားများ အားထုတ်ခဲ့ရာ သမာပတ်ရှစ်တန် ဈာန်အဘိညာဉ်ကို ရရှိ၍ ဟိမဝန္တာတော၌ပင် ဈာန်ချမ်းသာဖြင့် ချမ်းသာစွာ နေထိုင်လေသတဲ့။ တနေ့တွင် ဆားဓာတ်, အချဉ်ဓာတ်များကို မှီဝဲရန် ဗာရာဏသီဘုရင်၏ ဥယျာဉ်တော်သို့ ကောင်းကင်ခရီးဖြင့် ရောက်လာခဲ့လေသည်။ ဘုရင်က ကြည်ညိုသဖြင့် ဥယျာဉ်တော်တွင် သီတင်းသုံးစေကာ နန်းတော်သို့ နေ့တိုင်း ဆွမ်းခံကြွပြီး ဆုံးမဩဝါဒပေးရန် ဖိတ်ကြားထားလေသည်။ ဘုရားလောင်းရသေ့သည် ဘုရင့်ဖိတ်ကြားချက်ကို လက်ခံ၍ သီတင်းသုံးခဲ့ရာ (၁၆)နှစ်အထိပင် ကြာခဲ့လေသည်။
တစ်နေ့တွင် ဘုရင်ကြီးသည် မိဖုရားကြီး မုဒုလက္ခဏအား ရသေ့ကြီးအား ပြုစုရန် မမေ့ဖို့ မှာကြားပြီး သူပုန်ရန်ကို နှိမ်နင်းရန် နယ်စွန်နယ်ဖျားသို့ ကြွသွားလေသည်၊ မိဖုရားကြီးသည် ဘုရင်ကြီး မှာကြားခဲ့သည့် အတိုင်း ရသေ့ကြီးအား ဆွမ်းဝတ်မှန်မှန် ပြုခဲ့လေသည်။ တစ်နေ့မှာတော့ မိဖုရားကြီးသည် ဘုရားလောင်းရသေ့ကြီး ဆွမ်းခံဝင် နောက်ကျနေသဖြင့် နံ့သာရေဖြင့် ရေမိုးချိုးပြီး ဖီးလိမ်းပြင်ဆင်ကာ အခင်းငယ်ကလေးတွင် လဲလျောင်းယင်း ရသေ့ကြီးအလာကို စောင့်နေပါသည်။ မကြာမီ နန်းတော်လေသာပြူတင်းမှ ဘုရားလောင်းရသေ့ ကြွလာသည်ကို အသံကြား၍ လဲလျောင်းရာ ကပျာကရာ ထလိုက်ရာ ခါးဝတ်ထမီ လျှောကျ သွားသတဲ့။ ရသေ့ကြီးသည် ထိုဝိသဘာဂအာရုံကို ဣန္ဒြေစောင့်စည်းပဲ ကြည့်လိုက်မိသည့် စက္ခုသမ္ဖဿဒဏ်ချက်ကြောင့် နှစ်ပေါင်းများစွာ ဈာန်သမာဓိ အစွမ်းဖြင့် ပယ်ခွာထားခဲ့သည့် နီဝရဏကိလေသာများ ပြန်ပေါ်လာခဲ့ရာ ရရှိထားသည့် ဈာန်အဘိညာဉ်များ ပျောက်ကွယ်သွားရရှာလေသည်၊ ခါတိုင်းကဲ့သို့ နန်းတော်တွင် ဆွမ်းမစားနိုင်ရှာတော့ပဲ ဆွမ်းကိုသပိတ်နှင့် ခံပြီး ကျောင်းအရောက် မြေပြင်ကပင် ခြေလျင်လျှောက်ပြန်လာခဲ့ရသည်၊
ကျောင်းပြန်ရောက်တော့လဲ ဆွမ်းမစားနိုင်ရှာပဲ သပိတ်ကို ခုံအောက်မှာသာ ချပြီး ပျဉ်ချပ်ပုံပေါ်မှာ ခုနစ်ရက်ပတ်လုံး ကိလေသာမီး လောင်ကာ လဲလျောင်း နေရှာသတဲ့၊ ဘုရင်ကြီး တိုင်းပြည်သို့ ပြန်လာသောအခါ နန်းတော်သို့ မသွားသေးပဲ ရသေ့ကြီး ကျောင်းသို့ ရှေးဦးစွာ ဝင်ရောက် ဖူးမြော်ကန်တော့၏၊ ထိုအခါ ရသေ့ကြီး၏ အတ္ထုပ္ပတ်ကိုကြား သိရတဲ့အတွက် ရသေ့ကြီးကို နန်းတော်သို့ ပင့်ဆောင် သွားခဲ့သည်။ နန်းတော်သို့ ရောက်သည့်အခါ မိဖုရားကြီးကို ရသေ့ကြီးအား သဘောထားကြီးကြီးနဲ့ ပေးလှူလိုက်လေသည်။
နောက်ဆုံးတွင် မိဖုရားကြီး မုဒုလက္ခဏက — မိန်းမတို့၏ အလိမ္မာဉာဏ်ဖြင့် ဆုံးမလိုက်သည့်အခါမှ သတိသံရပြီး မိဖုရားကြီးကို ဘုရင်ကြီးဘဲ ပြန်အပ်လိုက်သည်။ ထို့နောက် ဟိမဝန္တာသို့ပြန်ပြီး သမထ ဘာဝနာကို ပြန်လည်အားထုတ်ရာ ဈာန်အဘိညာဉ်များကို ပြန်လည်ရရှိ သွားလေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်။