ပါရဂူဘွဲ့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

Ph.D ဆိုသည်မှာ Doctor of Philosophy ကို အတိုကောက် ခေါ်ဝေါ်ခြင်းဖြစ်ပြီး မြန်မာလို ပါရဂူဘွဲ့ဟုလည်း ခေါ်ကြသည်။ Ph.D ၏ မူလ လက်တင်စကားလုံးမှာ Philosophiae Doctor ဖြစ်ပြီး ပညာတစ်ရပ်တွင် ဆရာတစ်ဆူ ပါရဂူမြောက်တတ်ကျွမ်းသူ ဟု ဆိုလိုသည်။ Ph.D ဘွဲ့သည် တက္ကသိုလ်များက ချီးမြှင့်သော ပညာရပ်ဆိုင်ရာ အဆင့်မြင့်ဘွဲ့ဖြစ်သည်။ (D.Phil. မှာမူ Doctor Philosophae ဖြစ်သည်။) အင်္ဂလိပ်စကားပြောနိုင်ငံအချို့တွင် Ph.D သည် အမြင့်ဆုံးရယူနိုင်သော ဘွဲ့ဖြစ်သည်။ Ph.D ဘွဲ့သည် တက္ကသိုလ်ဆရာ သို့မဟုတ် သုတေသီ အဖြစ် ရပ်တည်ရန် လိုအပ်သော ဘွဲ့တစ်ခုဖြစ်သည်။ အစိုးရလုပ်ငန်းခွင်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) နှင့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြသည်လည်း ရှိပါသည်။

Ph.D ဘွဲ့တစ်ခုရရန် လိုအပ်ချက်မှာ ကမ္ဘာပေါ်တွင် နေရာဒေသအလိုက် အမျိုးမျိုးရှိသော်လည်း ဘုံအားဖြင့် တူညီသည့်အချက်များလည်း ရှိပါသည်။ ဥပမာ Ph.D ဘွဲ့ယူမည့်သူသည် သေချာစွာလေ့လာအားထုတ်၍ ရေးသားထားသော ကျမ်း၊ ဘွဲ့ယူစာတမ်း တင်သွင်းရမည်။ ပရိသတ်၌ တင်ပြခံနိုင်သော ကျမ်းကောင်းတစ်ဆူ ဖြစ်ရမည်။ မိမိရေးသောကျမ်းအတွက် စာမေးပွဲသဖွယ်စစ်မေးသော ပါမောက္ခ၊ ပညာရှင်များရှေ့မှောက်၌ ဖြေကြားရှင်းလင်းရမည်။ ယင်းကို အင်္ဂလိပ်လို Defend ဟု ခေါ်သည်။ Ph.D ဘွဲ့တစ်ခုရရန် ဘွဲ့ယူကျမ်း မတင်မီအထိ သာမန်ကာလအားဖြင့် ၂ နှစ်၊ ၃ နှစ် ကြာသည်။ ပညာရပ်၌ အတွေ့အကြုံရှိပြီးသူတို့အတွက်မူ ချွင်းချက်ရှိသည်။ ဥပမာ စာတွေ့လုပ်ငန်း (Course Work) များ ယူရန်မလိုခြင်း စသည်တို့ဖြစ်သည်။

အမေရိကန် ကနေဒါ၊ ဒိန်းမတ်တို့သို့သော နိုင်ငံများတွင် Ph.D ကျောင်းသားသည် စာတွေ့လုပ်ငန်းများယူရန်လိုသော်လည်း ယူကေရှိ အချို့တက္ကသိုလ်များတွင် ရိုးရိုးဘွဲ့အခြေခံကောင်းပါက စာတွေ့ယူရန်မလိုသည်လည်း ရှိသည်။ တစ်ကျောင်းတစ်ဂါထာဆိုသကဲ့သို့ တက္ကသိုလ်တစ်ခုတည်းရှိ ဌာနအသီးသီးပင်လျှင် Ph.D အတွက် သတ်မှတ်ချက်များ မတူကြပေ။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Ph.D ဘွဲ့၏ သမိုင်းကို ပြန်ကောက်ရလျှင် ၉ ရာစု မြေထဲပင်လယ်ခေတ် မဒရာဆက်စ်၌ ရှိခဲ့ဖူးသော ijazat attadris wa 'l-ifttd ("license to teach and issue legal opinions") တွင်တွေ့ရပေသည်။ အစ္စလမ်ဥပဒေအရ အကန့်အသတ်ရှိသော်ငြားလည်း Ph.D နှင့် ဆင်ဆင်တူပေသည်။ ပါရဂူဘွဲ့အဖြစ် အလယ်ခေတ်တွင် ဥရောပ ရှိတက္ကသိုလ်များက တိုးချဲ့လာခဲ့သည်။ အများအားဖြင့် သီအိုလိုဂျီ၊ ဆေးပညာနှင့် ဥပဒေပညာများတွင်ဖြစ်သည်။ Ph.D ဘွဲ့ကို ဂုဏ်ထူးဆောင်ဘွဲ့အဖြစ် နာမည်ကျော်ပညာရှင်များအား ပေးအပ်လေ့ရှိခဲ့သည်။

ဝယ်လင်တန်၊ ဘတ်သ်မိတ်ကာ၊ ဟန့်ဂ်၊ မက်ကောလပ်နှင့် ဆိက်စ် (၂၀ဝ၅) တို့၏ အဆိုအရ ပထမဆုံးသော Ph.D ဘွဲ့ကို ၁၁၅၀ တွင် ပါရီမြို့ ၌ စပေးသည်ဟု ဆိုသည်။ သို့သော် ၁၉ ရာစုအစောပိုင်းအထိ Ph.D ဟု မသုံးသေးပေ။ နောက်ပိုင်းတွင် ဂျာမနီရှိ တက္ကသိုလ်များက အဆင့်အမြင့်ဆုံးဘွဲ့အဖြစ် Ph.D ဟု ယနေ့နားလည်သော အဓိပ္ပာယ်ဖြင့် စတင်သုံးစွဲခဲ့ကြရာမှ တွင်ကျယ်လာသည်။ ၁၉ ရာစုတွင် ဘာလင်ရှိ ဖရက်ဒရစ် ဝယ်လ်ဟိမ်းတက္ကသိုလ်က စတင်၍ Ph.D ကို တီထွင်၍ ပေးသည်။ ၁၉ ရာစုမတိုင်ခင်တွင် အဆင့်မြင့်ဒီဂရီများကို သီအိုလိုဂျီဆိုလျှင် (Th.D)၊ ဥပဒေဆိုလျှင် (J.D)၊ ဆေးပညာဆိုလျှင် (M.D) ဟု ပေးကြကြောင်း ဝယ်လင်တန်နှင့် သုတေသီတစ်စုတို့က ရှင်းပြထားသည်။ ၁၈၆၁ တွင် ယေးလ်တက္ကသိုလ်က ဂျာမန်စနစ်အတိုင်း လိုက်လုပ်ခဲ့ပြီး သိပ္ပံနှင့် ဝိဇ္ဖာဘွဲ့များတွင် သုတေသနလုပ်၍ ကျမ်းတင်ပြီး အောင်မြင်သော ကျောင်းသားများကို Ph.D ဘွဲ့ ပေးအပ်ခဲ့သည်။

Ph.D ဘွဲ့သည် ၁၉၀ဝ တွင် အမေရိကန်ပြည်ထောင်စု မှ ကနေဒါနိုင်ငံ အထိ ပြန့်နှံ့သွားပြီး ၁၉၁၇ တွင် ယူကေကလည်း လက်ခံကျင့်သုံးသည်။ စိန့်အင်ဒရူးတက္ကသိုလ်က သုတေသနအသားပေးဘွဲ့များအတွက် မူလရှိနှင့်ပြီး D.Pil. နေရာတွင် Ph.D ဖြင့် အစားထိုးသည်။ အောက်စဖို့ဒ်တက္ကသိုလ်တက္ကသိုလ်ကမူ သုတေသနဘွဲ့အတွက် D.Pil. ကို ဆက်သုံးသည်။ နှောင်းပိုင်းတက္ကသိုလ်များဖြစ်သော ဘက်ကင်ဟန်တက္ကသိုလ် (၁၉၇၆ တွင်တည်ထောင်)၊ ဆပ်ဆက်စ်တက္ကသိုလ် (၁၉၆၁ တွင်တည်ထောင်) နှင့် ယော့ခ်တက္ကသိုလ် (၁၉၆၃ တွင်တည်ထောင်) တို့က D.Pil. ဘွဲ့ပေးစနစ်ကို ကျင့်သုံးဆဲဖြစ်ပြီး နယူးဇီလန်ရှိတက္ကသိုလ်များကလည်း D.Pil. ဘွဲ့ပေးစနစ်ကို ဆက်လက် လက်ခံသုံးစွဲကြသည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]