ဖိုးကျား၊ ဦး

ဝီကီပီးဒီးယား မှ
(ဦးဖိုးကျား မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
ဦးဖိုးကျား(စာရေးဆရာကြီး အမျိုးသားပညာဝန်)

ဦးဖိုးကျား သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မောင်ဖိုးကျား ကို ဟင်္သာတနယ်ရှိ နိဗ္ဗာန်ရွာ တွင် ဦးဖေ၊ ဒေါ်ဒေါင်း တို့မှ ၁၈၉၁ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်ရှိသည့်အနက် ဦးဖိုးကျားမှာ တတိယမြောက်သား ဖြစ်သည်။ လောကဓာတ်ကျောင်းမှာ ဦးသာသန ဦးစီးတည်ထောင်သော လောကဓာတ်ကျောင်းဖြစ်၍ ငယ်စဉ်ကပင် ပင်ကိုယ်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ထိုခေတ်အစိုးရစစ်လေးတန်းကို အလွယ်နှင့် အောင်မြင်၍ ငါးတန်းကျောင်းသားဘဝတွင် အောက်အငယ်တန်းများကို သင်ပေးရသော ကျောင်းဆရာဘဝကိုလည်းတွဲ၍ လုပ်ခဲ့ရသေးသည်။ ညညတွင် မောင်ဖိုးကျားတို့ ကလေးတတွေသည် လူကြီးများအနားကပ်၍ပုံဝတ္ထု နားထောင်လေ့ရှိသည်။ မောင်ဖိုးကျားသည်လည်း ကျောက်ဒိုးပစ်ကစားလိုက်၊ ကျောင်းတက်လိုက်၊ တစ်ဖန် ကျောင်းတက်လိုက်၊ ဂျွမ်းထိုးကစားလိုက်နှင့် အချိန်တန်သောအခါ အစိုးရစစ်လေးတန်းကို လွယ်လွယ်နှင့် အောင်ခဲ့လေသည်။ မောင်ဖိုးကျားသည် ကျောင်းဖွင့်ချိန်၌ ငါးတန်းတတ်ရင်း အောက်တန်းတွင် ဆရာတစ်ပိုင်းလုပ်ရလေသည်။

ထိုမှနောင်သော် စာအသင်အပြကောင်းလှသည်ဟု နာမည်ရ၍ ခြောက်တန်းအောင်သော် အဆုတ်ရွာ ဦးသုန္ဒရ၏ လေးထပ်ကျောင်းတွင် လောကဓာတ် ကျောင်းဆရာအဖြစ်နှင့်ဝင်၍ အမှုထမ်းနေရရှာပြန်၏။ ထိုကျောင်း၌ကျောင်း ဆရာလုပ်ရင်းနှင့်ပင် မြန်မာခုနစ်တန်းနှင့် အောက်တန်းဆရာဖြစ် သင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ရလေသည်။ မောင်ဖိုးကျားနှင့် အဖော်တစ်ယောက်နှစ်ယောက်သည်လည်း ဟင်္သာတ ဗရဲချောင်တိုက်မှ ဦးဝိသုဒ္ဓက ဖွင့်လှစ်၍ထားသော တပည့်ဆရာသင်တန်းတွင် ကလေးများကို စာသင်နည်း၊ ကျောင်းအုပ်ချုပ်နည်းတို့ကို တက်ရောက်သင်ကြားရသေးသည်။ ကျောင်းစစ်လာသော ပညာအုပ်နှင့် အဆင်မပြေဖြစ်ခဲ့၍ ခုနစ်တန်းစာ မေးပွဲကို မပြီးဆုံးမှီမှာ ကျောင်းမှ ခွါရလေသည်။

ကျောင်းသား ဘဝ[ပြင်ဆင်ရန်]

ကိုဖိုးကျားသည် ကောလိပ်ကျောင်းတက်ရင်း နားမျက်စိ ပို၍ပွင့်လာသည်။ လူမှုရေးနိုင်ငံရေးတွင် ပို၍ စိတ်ဝင်စားလာမိလေသည်။ ကိုဖိုးကျားမှာ ကျောင်းရောက်လာကတည်းက သတင်းစာတွင် ရေးလိုက်၊ ပညာရှိတွေဆီ ချဉ်းကပ်လိုက်၊ နိုင်ငံရေးကိစ္စတွေ စိတ်ဝင် စားလိုက်နှင့် ဘေးလုပ်ငန်းများကို လုပ်သည်။ ဒါပေမယ့် အိုင်အေ (ဥပစာတန်း) ကို ဒုတိယအဆင့်ဖြင့် အောင်မြသည်။ သို့သော် ဦးဖိုးကျားကားသည်ပညာမျှ လောက်တတ်ရုံနှင့် အရာရောက်သေးသည်ဟု သူ့ကိုယ်သူမထင်။ မြို့တွင်သင်ကြားနေသော အင်္ဂလိပ်၊ ပထဝီ၊ သင်္ချာ၊ ရာဇဝင် အစရှိသည်တို့ကို သင်ကြားလိုချေသေး၏။ ခက်နေသည်ကား ဦးဖေတို့ လင်မယားအဖို့ သားဖြစ်သူ ပညာဆက်၍ သင်ကြားနိုင်လောက်အောင် ငွေကြေးအခြေအနေက မခိုင်မာ ချို့တဲ့ရှာ၏။ နောက်ဆုံးသားဖြစ်သူ၏ ဆန္ဒကို ဖြည့်လိုဇောဖြင့် ဆရာတော်ဦးသုန္ဒရကို အပူ ကပ်ရရှာ၏။ ဦးသုန္ဒရက ကူညီ၍ ပုသိမ်မြို့ ပိုးကရင်ကျောင်းအကြီးအကဲ “ဒေါက်တာ ခရွန်းခိုက်” နှင့်တွေ့ဆုံကာ “ဒေါက်တာခရွန်းခိုက်” ၏ခွင့်ပြုချက်ဖြင့် ပိုးကရင် အလယ်တန်းကျောင်း၌ ဆက်လက်ပညာသင်ကြားခွင့် ရခဲ့ရလေသည်။

ထိုကျောင်းမှ ဦးဖိုးကျားသည် ၁၉၁၅ ခုနှစ်တွင် အင်္ဂလိပ်နှင့် တိုင်းရင်းဘာသာ ၇ တန်းကို ဖြေဆိုအောင်မြင်ခဲ့၏။ ထိုကျောင်း၌ သုံးနှစ်ဆက်၍ ပညာသင်ကြားခွင့်ရ၏။ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းစာသင်နှစ် သက်တမ်းတစ်လျှောက် အင်္ဂလိပ်လူမျိုး ပညာရေးဝန်ထမ်းများဖြစ်သော အင်္ဂလိပ်လူမျိုး ဂရေး (J.Gray) နှင့်ကောက် (S.W. COCKS) တို့ရေးသားသော ရာဇဝင်များတွင် မြန်မာဘုရင်များ ရိုင်းပျပုံ၊ ရက်စက်ပုံ၊ မြန်မာများ အသိဉာဏ်နည်းပါးပုံတို့ကို ချိုးချိုးဖဲ့ဖဲ့ ရေးသားထားသော အချက်များပါဝင်နေရာ မောင်ဖိုးကျားခမျာ အလွန်ပင် မခံချိမခံသာ ဖြစ်ရရှာ၏။ ရှေးဦးအစက ကျောင်းပညာသက်သက် ကိုသာရှာပြီး အတန်းမှန်မှန် အောင်ရန်လောက်သာ ဂရုစိုက်ခဲ့သည် မှန်သော်ငြားလည်း ထိုအချက်များကို မြင်ရသောအခါ၌ မောင်ဖိုးကျား၏စိတ်သည် တစ်မျိုးပြောင်းလာ၏။ သူ့အဖို့ မြန်မာစာကို အဆစ်အပိုင်းကျကျ တတ်ချင်လာ၏။ မြန်မာမှုကို နှိုက်နှိုက်ချွတ်ချွတ် သိရှိချင်လာ၏။ မြန်မာ့ဂုဏ်ကို ဖော်ထုတ်၍ ဂုဏ်ယူချင်လာ၏။ ထို့ကြောင့် သူတစ်ပါး၏ အကူအညီဖြင့် ကျောင်းတက်ရသည်ကို သိမ်ငယ်သည်ဟု စိတ်ကထင်လာ၍ ကျောင်းအားရက်များတွင် ပွဲစားအကူ၊ သွားစိုက်ဆရာအကူ၊ ဆန်စက်တွင်.....ချိုး စာရေးလုပ်ကာ ကိုယ့်အားကိုယ်ကိုး၍ရသော ဝင်ငွေဖြင့် ကျောင်းစာကိုဆက်၍သင်ကြား လေရာ ၁၉၁၈ အသက် ၂၇ နှစ် အရွယ်တွင် ဆယ်တန်းကို အောင်မြင်ခဲ့လေတော့သည်။

ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်သို့ ရောက်ကာ ပညာဆက်၍သင်ပြန်သည်။ ကောလိပ်ကျောင်းတွင် မြန်မာစာ၏ အခြေအနေသည် အလွန်သိမ်ငယ်လှ၏။ မပါမဖြစ်၍သာ ပြဌာန်းစာအုပ်ဖြင့် သင်ကြားရသည် မှန်သော်လည်း စာမေးပွဲများတွင် မေးလေ့မရှိ၊ စာစီစာကုံး အနေဖြင့် အထောက်အကူရရန်သာ သင်ကြားခြင်းဖြစ်ရာ ထိုခေတ်ကောလိပ်ကျောင်းသား တို့သည် မြန်မာစာကို အရေးထားလောက်စရာဟုပင် မထင်ကြချေ။ ဤအခြေအနေကို မောင်ဖိုးကျားက မနှစ်မြို့သဖြင့် မြန်မာစာနှင့်ပတ်သက်လျှင် ထိုခေတ်ကနာမည်ကျော်များ ဖြစ်ကြသော ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) လယ်တီပဏ္ဍိတဦးမောင်ကြီးတို့နှင့် သိကျွမ်းခင်မင်မှုရယူကာ ဆည်းကပ်၍ ပညာသင်ယူ ခဲ့ပြန်လေသည်။ ထိုဆရာကြီးများနှင့် ရင်းနှီးလာမှပင် လူမှုရေး၊ နိုင်ငံရေး၊ မျက်စိပွင့်လာ၍ နိုင်ငံရေး၌ ခြေတစ်ဖက်ချမိ ရပြန်တော့၏။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

၁၉၂၉ ခု မေလထဲတွင် ကာလဘတ်လမ်း အိမ်၍ပင် မင်္ဂလာပွဲကျင်းပ၍ ဦးဖိုးကျားနှင့် မအေးကြည်တို့ ကြင်လင်မယားဖြစ်ခဲ့ကြသည်။ သားသမီးဆို၍ သား ဇော်ဝင်း (ကျား)တစ်ယောက်သာ ရှိသည်။ ဇော်ဝင်း (ကျား)သည် ရန်ကုန်မြို့မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ပညာသင်ကြားခဲ့သည်။ မအေးကြည်သည် ပုံနှိပ်စက်ဖက်ကို ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။

စာပေရေးရာ[ပြင်ဆင်ရန်]

ဦးဖိုးကျားသည် ရက်ခြားထုတ် မြန်မာ့အလင်းသတင်းစာတွင် 'ကျား' ဟူ၍ လက်မှတ်ထိုး၍ ရံဖန်ရံခါ ဆောင်းပါးဝင်ရေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်၏ အတ္ထုပ္ပတ္တိကို တစ်အုပ်တည်း ပူးပေါင်း၍ အုပ်ရေတစ်ထောင် ထုတ်ဝေလိုက် လေသည်။ မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသူ များ၏ ကြောင်းရာထုပ္ပတ်ဖြစ်သော 'မြန်မာ့ဂုဏ်ရည်'၊ သပိတ်အရေးတော် ပုံအတွင်း ဦးဖိုးကျားနှင့် ကျောင်းသားအများ မှီခိုခဲ့ရသော 'ကျောင်းတော်ရာ ရွေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ'၊ မြန်မာစကားဟောင်းများ၏ အနက်ဖော်သော 'ပေါရာဏအဘိဓာန်'၊ 'ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ဃုပ္ပတ္တိ' ပေါင်း လေးအုပ်ဖြစ်ကြသည်။ ပုံနှိပ်တိုက်ကိုလည်း ‘မြန်မာ့ဂုဏ်ရည်ပုံနှိပ်တိုက်’ဟု အမည်မှည့်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်ထဲတွင် 'မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း' အမည်ဖြင့် စာအုပ်ကို ဦးဖိုးကျား ရေးထုတ်လေသည်။

ထိုမှစကာ အရှိန်ရလာသဖြင့် သုံးလေးနှစ်အတွင်း တစ်နှစ်တစ်အုပ် ဆိုသလို ဆက်တိုက်ရေးသား ထုတ်ဝေခဲ့၏။ စာအုပ်ထုတ်ရင်းနှင့်လည်း မကြာမကြာ ဆောင်းပါးကိုလည်း ရေးတတ်သေး၏။ “ဇေယျ” မဂ္ဂဇင်းနှင့် “ကဝိမျက်မှန်” မဂ္ဂဇင်းထဲ၌လည်း သူ့ဆောင်းပါး မှန်မှန်ပါတတ်၏။ ဤတွင် ဦးဖိုးကျား ရေးခဲ့သော (မြန်မာပြည်သူရှင်လူအများ ကျောင်းသားများပါမကျန် စံနမူနာယူလောက်စရာ) “မြန်မာ့ဂုဏ်ရည်” စာအုပ်ကား အလွန်ထင်ရှား၏။ မြန်မာရာဇဝင်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်တို့၏ အထ္ထုပ္ပတ္တိ ၁၃၇ ပုဒ်ပါဝင်အောင်ပင် ရေးပြနိုင်ခဲ့လေသည်။

၁၉၂၉-မေလတွင် မောင်ဖိုးကျားသည် ဦးမောင်ကလေး-ဒေါ်ဒေါ်သိန်းတို့၏သမီး မအေးကြည်နှင့် အကြောင်းပါ၏။ မောင်ဇော်ဝင်းဟူသော သားတစ်ယောက် ထွန်းပေါက်ခဲ့ရ၏။ နောင်သော် ဦးဖိုးကျားသည်ကိုယ် ပိုင်ပုံနှိပ်တိုက်တစ်ခု ထူထောင်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည်ထင်သော စာပေအနုပညာ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ဆိုင်ရာစာပေတို့ကိုသာ တွင်တွင်ကြီးရိုက်နှိပ်၍ ထုတ်ဝေနေလေတော့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်၏ အကျိုးကျေးဇူးကြောင့် မဂ္ဂဇင်းဂျာနယ်များတွင် သူကိုယ်တိုင်ရေးသားခဲ့သော စာတိုပေစတို့ကို လုံးခြင်းအဖြစ် ထုတ်ဝေခွင့်ရခဲ့၏။ ထိုစာအုပ်များထဲတွင် အများသိထင်ရှားသော “အရက်သမား” လိုဝတ္ထုမျိုး “အခမဲ့ကူလီထမ်းခြင်း အကျိုး” ကဲ့သို့သော စာကောင်းပေမွန်များလည်း ပါလေသည်သာ ဖြစ်လေသည်။

နိုင်ငံရေးရာ[ပြင်ဆင်ရန်]

ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလထဲတွင် အင်္ဂလန်သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကိုကြဆိုခြင်းဖြင့် ဝင်ရောက်ခဲ့ပါသည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်း အဝေးလုပ်စဉ်တွင် ဂျပ်ဆင်ကောလိပ်ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။

ထိုမှစ၍ မောင်ဖိုးကျားသည် နိုင်ငံရေး၌ ထဲထဲဝင်ဝင်ဖြစ်လာကာ သူနှင့်နိုင်ငံရေး၌ အယူအဆတူကြသူများဖြစ်သော ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုလူဖေဝင်း၊ ကိုဖိုးကွန်းအစရှိသူတို့နှင့်ပူးပေါင်း၍ ပညာမင်းကြီး “မတ်ဟန့်တား” ဦးဆောင်၍ တင်သွင်းသော တက္ကသိုလ်အက်ဥပဒေ” ကိုသပိတ်မှောက်ရာ၌ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှလှုပ်ရှားသူ တစ်ဦးဖြစ်၍ လာရလေတော့သည်။ ထိုမှစကာ အင်္ဂလိပ်တို့သင်ပေးသော ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်သောအားဖြင့် အမျိုးသားကျောင်းများကို စတင်တည်ထောင်သောအခါ မောင်ဖိုးကျားသည် အမျိုးသားပညာရေး ကောင်စီမှ တည်ထောင်သော ဗဟန်းအမျိုးသားကျောင်းတွင် ဦးစွာကျောင်းအုပ် ဖြစ်လာရ၏။

သို့သော် အမျိုးသားကျောင်းများကို အစိုးရက အားမပေးသဖြင့် ကျောင်းအဆောက်အအုံက မရှိ၊ ရရာဘုန်းကြီးကျောင်းလို နေရာမျိုးတွင် ဖြစ်သလို အခြေအနေပေးသမျှနှင့် ဖွင့်ရ၏။ ကျောင်းဆရာဘဝကား လခလည်း ရတစ်ချက် မရတစ်ချက်၊ စာသင်တစ်ဖက်နှင့် ကျောင်းရန်ပုံငွေလည်း ရှာရသဖြင့် အတော်ပင် ခက်ခက်ခဲခဲနှင့် ကြိုးပမ်းစားရပ်တည်နေရသည် မှန်သော်လည်း မောင်ဖိုးကျားကား တစ်ပြားသားမျှ စိတ်အားမလျှော့ချေ။ နောင်တော်အစိုးရနှင့် အမျိုးသားပညာရေး ကောင်စီတို့ နှစ်ဦးနှစ်ဖက်ဆွေးနွေး သဘောတူညီချက်ဖြင့် အစိုးရ၏ အထောက်အပံ့ကို ရယူသော်လည်း အမျိုးသားပညာကျောင်းများကို ကိုယ်တိုင်အုပ်ချုပ်ခွင့် စိတ်ကြိုက်သင်ခန်းစာများကို ရေးဆွဲခွင့်ရကာ ပညာသင် ကျောင်းသားများအတွက် တစ်ဦးလျှင် ၁၅ ကျပ်နှုန်းဖြင့် အစိုးရ၏ အထောက်အပံ့ကို ရခဲ့လေသည်။

ထို့နောက် သပိတ်မှောက် ကျောင်းသားအများအပြား တက္ကသိုလ်သို့ပြန်ဝင်ကာ ကျောင်းဆက်တက်ခဲ့ကြသော်လည်း မောင်ဖိုးကျားကား အမျိုးသားပညာရေး ကောင်စီအောက်၌ပင် ဆက်လက်၍ အမှုထမ်းခဲ့၏။ ဘီအေဘွဲ့ကိုလည်း သူမမက်ပြီ၊ ထောင်ချီ၍လခရသော အစိုးရအမှုထမ်းဘဝကိုလည်း သူ မလုပ်လိုသဖြင့် အမျိုးသားပညာဝန်ဘဝဖြင့် သူ့ရှေ့ခရီးကို မှန်မှန်ပင်ချီတက် ခဲ့ပြန်လေသည်။


အလုပ်အကိုင်[ပြင်ဆင်ရန်]

ကိုဖိုးကျားသည် သပိတ်မှောက်ကျောင်းသားများ ကောင်စီဝင်သာမက အမျိုးသားပညာရေး ကောင်စီဝင်လည်း ဖြစ်လေသည်။ ကိုဖိုးကျားမှာမူ ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့လည်း ပြန်မယူလိုတော့ပြီ။ အစိုးရလခစားလည်း မမက်တော့ပြီ။ လခနည်းနည်းသာရသော အမျိုးသားပညာဝန်အလုပ်ပင် ဆက်လုပ်တော့မည်။ ဦးဖိုးကျားမှာ အမျိုးသား(တိုင်းရင်းသား) ပညာဝန် အဖြစ်ဖြင့် စာမေးပွဲစစ်ရ၊ နယ်သို့ ကျောင်းစစ်သွားရနှင့် အလုပ်တာဝန် အများအပြားရှိနေသည်။

ပညာဝန်ဘဝကား အလွန်အလုပ်များလှ၏။ စာမေးပွဲစစ်ရ၊ နယ်သို့ကျောင်းစစ်ထွက် ရနှင့် မအားနိုင်အောင်ပင် ရှိလှသည်။ သို့သော်သူသည် ရုံးအလုပ်ဖြင့်သာ အချိန်ကုန် နေတတ်သူမဟုတ်။ စာတွေ့ကိုယ်တွေ့ ဗဟုသုတကို အမြဲရှာမှီး နေတတ်သူဖြစ်ရာ မြန်မာစာနှင့် ပတ်သက်လျှင် သက်ရှိအဘိဓာန်ဟူ၍ တင်စားခေါ်ဝေါ်လောက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ မြန်မာရာဇဝင်ထုံး တီးနည်းနာအဖြာဖြာတို့ကိုသာ မှတ်သားခွင့် ရသည်မဟုတ်မူဘဲ ဆရာကြီး ညွှန်ပြရာ ထို ထိုစာတို့ကိုလည်း အမြဲမပြတ် ရှာဖွေဖတ်မှတ် နိုင်ခဲ့လေသည်။ နောင်သော် ဤဗဟုသုတတို့ကို မြန်မာလူငယ်များ မှတ်သားသိရှိနိုင်ရန် စာရေးလိုစိတ် ဖြစ်ပေါ်လာသဖြင့် ၁၉၂၄ ခု နှစ်တွင် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကို စာတစ်အုပ်ရေးသားကာ စတင်ထုတ်ဝေနိုင်ခဲ့၏။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့လေပြီ။ ဒီဇင် ဘာ ၂၃ တွင်ဂျပန်စစ်လေယာဉ်များ ရန်ကုန်မြို့သို့ စတင်ဗုံးကြဲ၏။ ဦးဖိုးကျားတို့အိမ်သား တစ်သိုက်လည်း စစ်ဘေးမှလွတ်ရာ ရန်ကုန်မှ ထွက်ခွာလာရ၏။ ဦးစွာ မှော်ဘီ သရက်တောလမ်းထဲ၌ ခေတ္တအိမ်ငှားနေကြ၏။ ထိုမှတစ်ဖန် ရန်ကုန်မြို့ကို အင်္ဂလိပ်တို့က မြေလှန်ဖျက်ဆီးသည်နှင့် မှော်ဘီမြို့၌ မနေရဲတော့သဖြင့် ချောင်းဝရွာသို့ ပြေးကြရပြန်သည်။ ထိုတွင်လည်း ဓားပြရန်ကြောက်ရပြန်သဖြင့် ထန်းတပင်သို့ ရွှေ့ရပြန်သည်။ ထိုတွင် ခြေထောက်၌ အနာပေါက်၍ ကောင်းစွာမသက်သာသည့်အပြင် တစ်နေ့တခြား အနာတိုးကာ ၁၉၄၂ ခု ဧပြီ ၁၁ ရက်တွင် အမျိုးသားပညာဝန် စာရေးဆရာကြီး ဦးဖိုးကျားသည် ကွယ်လွန်ခဲ့ရ ရှာလေတော့သည်။

မြို့ခံလူများလည်း ဦးဖိုးကျား၏ အသုဘကို တောထုံးစံငါးရက်ထားပြီးနောက် ဧပြီလ ဆယ့်ခြောက်ရက်နေ့တွင် ထန်းတပင်မြို့ထိပ် ဘုန်းကြီးကျောင်းအနီးရှိ သုသာန်၌ မြေမြှုပ်သဂြိုဟ်ခဲ့လေသည်။ ၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဖြစ်နေသူ ဦးထွန်းဖေ၊ ဗမာ့ခေတ်သတင်းစာ အယ်ဒီတာ ဦးအုန်းခင်၊ စာရေးဆရာ ဦးရန်အောင်တို့နှင့် ပုသိမ်ခရိုင်အသင်းတို့ ပူးပေါင်းကမ္မကထပြု၍ ထန်းတပင် သုသာန်မှ ဦးဖိုးကျား ၏ အရိုးကို တူးဖော်ခဲ့ကြသည်။ ထို့နောက် (အရိုးအိုးကို) ရန်ကုန်သို့ ယူဆောင်ကာ ထိုစဉ်က ကြံတောသုသာန်၌ ဂူသွင်း၍ အောက်ပါအတိုင်း ကမ္ပည်းထိုးခဲ့ကြပါသတည်း။

စာရေးဆရာကြီး အမျိုးသားပညာဝန်
ဦးဖိုးကျား
အသက် (၅၂) နှစ်
၁၉၄၂ ခု၊ ဧပြီလ ၁၁ ရက်နေ့


ရေးသား ထုတ်ဝေ ပြီးသော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကိုယ်တွေ့ ဝတ္တုများ
  2. ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - ၁၉၃၇ ခုနှစ်
  3. ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ
  4. ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ်
  5. ပေါရာဏ အဘိဓာန်
  6. မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
  7. ဦးထွန်းရှိန် အတ္ထုပ္ပတ္ထိ- ၁၉၂၃ ခုနှစ်
  8. ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ရေသည်ပြဇာတ်
  9. ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ဝိဇယပြဇာတ်

ရေးသားခဲ့သည့် ဝတ္ထုတိုများ [၁][ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/နှစ်
ကျွန်ုပ် အလိမ္မာတိုးသောနေ့ စာပန်းချီ မတ် ၁၉၅၉
ခြောက်ပစ်ကင်း စာပန်းချီ နို ၁၉၅၇
ဂျပိုး ကြီးပွားရေး ဒီ ၁၉၃၈
မသစ် အမျိုးသားပညာရေး မေ ၁၉၃၂
မောင်ဘစီ တိုးတက်ရေး ဒီ ၁၉၃၃
မယ်ဒုက္ခ တိုးတက်ရေး ဧ ၁၉၃၅
လူသူတော် စာပန်းချီ ဒီ ၁၉၅၈
ဝမ်းမနာသမီးတစ်ယောက် ခဏလောက်ရခြင်း ကဝိမျက်မှန် စက် ၁၉၂၈
အရက်သမား စာပန်းချီ အောက် ၁၉၇၅

ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုရှည်များ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/နှစ်
မင်းကတော် တိုးတက်ရေး စက် ၁၉၃၈
ရိုစီ ခင်တင့်ထူး စာပန်းချီ အောက် ၁၉၃၈
လွဲသော အကြွား တိုးတက်ရေး အောက် ၁၉၃၄
အခမဲ့ကူလီထမ်းခြင်း၏ အကျိုး တိုးတက်ရေး ဖေ ၁၉၃၄
မြို့အုပ်မင်း တိုးတက်ရေး ဧ ၁၉၃၄
လူရိုး တိုးတက်ရေး ဩ ၁၉၃၈

ရေးသားခဲ့သော ဆောင်းပါးများ[ပြင်ဆင်ရန်]

စဉ် ခေါင်းစီး ဖော်ပြသည့် မဂ္ဂဇင်း လ/နှစ်
ထားဝယ်မြို့သို့ သွားခြင်း ကဝိမျက်မှန် ဒီ ၁၉၂၇
ပုလောမြို့နယ်နှင့် တနင်္သာရီမြို့သို့ သွားခြင်း အမျိုးသားပညာရေး အောက် ၁၉၃၀
ပုပ္ပါးတောင်သို့ သွားစခန်း အမျိုးသားပညာရေး ဩ ၁၉၃၀
ဖိုးဝန်းတောင် အမျိုးသားပညာရေး စက် ၁၉၃၀
ဗဟုသုတခဏ်း စက်တော်ရွာ အမျိုးသားပညာရေး နို ၁၉၃၀
ဘုရားဖူး သွားခြင်း တိုးတက်ရေး မေ ၁၉၃၄
မတ္တရာမြို့ သွားစခန်း အမျိုးသားပညာရေး ဒီ ၁၉၃၀
မြိတ်မြို့သို့ သွားခဏ်း ကဝိမျက်မှန် ဖေ ၁၉၂၈
ရခိုင်ပြည် စစ်တွေမြို့သို့ သွားခြင်း အမျိုးသားပညာရေး စက် ၁၉၂၉

ကိုးကား[ပြင်ဆင်ရန်]

(ဂန္ထဝင်စာဆို ပညာရှိလေးဦး -တိုက်စိုး)

  1. ထွယ်ပန်၊ မ (၂၀၀၆). ဦးဖိုးကျား စာစုစာရင်း