ဘဉာဏ်၊ ဦး (ပန်းချီဆရာ)

Wikipedia မှ
(ဘဉာဏ်၊ ဦး (ပန်းချီ) မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

U Ba Nyan1937.jpg


ပန်းချီစနစ်ဖြင့် ရေးဆွဲရာတွင် အနာက်တိုင်း ပန်းချီကျော်ကြီးများ၏ အဆင့်အတန်းကိုမီသော မြန်မာပန်းချီကျော်ကြီးကာ ဦးဘဉာဏ်ပေတည်း။ ဦးဘဉာဏ်သည် မြန်မာ့ပန်းချီ လောက၏ ရှေ့ဆောင်လမ်းပြပြီး တစ်ဦးလည်း ဖြစ်သည်။ ဦးဘဉာဏ်၏ ခေတ်မတိုင်မီက မြန်မာ ပန်းချီလောကသည် ပန်းချီနှင့် ပိုစတာကို မခွဲခြားနိုင်သေးသော အခြေအနေ၊ အလှသက်သက်သာ မှုန်းခြယ်တတ်သေးသော အခြေအနေတွင် ရှိနေခဲ့သည်။ ဦးဘဉာဏ်၏ ရှေ့ဆောင်လမ်းပြမှုကြောင့် မြန်မာပန်းချီလောကတွင် ဆီဆေး၊ ရေဆေး၊ မင်၊ ခဲ၊ အက်ချင်း၊ ပိုစတာ၊ ဒီဇိုင်းစသည်တို့ကို ခွဲခြားနားလည်ကာ သရုပ်ခွဲ ရေးဆွဲနိုင်အောင် တိုးတက်လာကြသည်။ စံပြပုံများ ရေးဆွဲခြင်း၊ သဘာဝကို လေ့လာရေးဆွဲခြင်းတို့ကိုလည်း ဆောင်ရွက်လာကြသည်။ ဦးဘဉာဏ်သည် ပြည်ပိုင် ဗြိတိသျှ အစိုးရက နိုင်ငံခြားသို့အစိုးရစရိတ်ဖြင့် ပညာတော်သင်များ ရှားရှား ပါးပါး စေလွှတ်နေသည့်ခေတ်တွင် အင်္ဂလန်ပြည်စသော အနောက်တိုင်းသို့၂ ကြိမ်တိုင်အောင် ပညာတော်သင်အဖြစ် သွားရောက်၍ ပန်းချီပညာကို လေ့လာဆည်းပူးနိုင်ခဲ့သော ပန်းချီပါရမီရှင်ကြီး တစ်ဦးဖြစ်ပေသည်။

ပန်းချီဆရာကြီး ဦးဘဉာဏ်ကို ၁၈၉၇ ခုနှစ် ဒီဇင်ဘာလ ၃ရက်‌နေ့တွင် အဖ ဦးဘဦး အမိ ‌ဒေါ်ညိုတို့မှ ပန်းတနော်မြို့တွင် ‌မွေးဖွားခဲ့သည်။ မြန်မာအနုပညာရှင် ဦးဘိုး‌မောင်ထံမှ ပန်းချီပညာ ကို အသက် ၁၄ နှစ်အရွယ်မှစ၍ ‌လေးနှစ်တိုင် ‌အောင် သင်ယူခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ‌မော်လမြိုင်မြို့ရှိ ‌နော်မန်‌ကျောင်း၌ ပန်းချီပညာကို ဆက် လက်သင်ယူခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ Royal College of Art ၌ ပန်းချီ ပညာသင်ယူပြီး ၁၉၂၂ ခုနှစ်တွင် Spenlove School of Modern Painting (Yellow Door Studio) ၌ ဆက်လက်၍ ပညာသင်ယူခဲ့သည်။

၁၉၂၄ ခုနှစ်တွင်Royal Etcher ‌အောင် လက်မှတ်ကို လန်ဒန်မှ ရရှိခဲ့သည်။ ယင်း‌နောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ရန်ကုန်‌ကော်လိပ်တွင် အနုပညာသင်ကြားသူဆရာအဖြစ် အလုပ်လုပ် ကိုင်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်သွားရပြီး ဥ‌ရောပနိုင်ငံများသို့ လှည့်လည်၍ ပန်းချီ‌ရေးဆွဲရင်း ပန်းချီပညာကို ဆက်လက်ဆည်း ပူးခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ပန်းချီဆရာကြီး ဦးဘဉာဏ်သည် ၁၉၄၅ ခုနှစ်၊ ‌အောက်တိုဘာလ ၄ ရက်‌နေ့တွင် မြန်မာနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။

ပန်းချီဆရာကြီး ဦးဘဉာဏ်သည် အ‌နောက်တိုင်းအကယ်ဒမစ်ပန်းချီကို တည်‌ထောင်သူနှစ်ဦး အနက်မှတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဦးဘ‌ဇော် (၁၈၉၁-၁၉၄၃)ဖြစ်သည်။ ထို့အပြင် သု‌တေသီ ရာမညကို⁠ကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း စာအုပ်ရှိ ကိုလိုနီ‌ခေတ် ဘိလပ်‌ရောက် မြန်မာပန်းချီဆရာ များ၊ အခန်း(၄)၌ (ဆရာဦးဘဉာဏ်သည်)မြန်မာ့ ပန်းချီ‌လောကတွင် ဆီ‌ဆေး‌ရေးနည်းတစ်‌ခေတ် ဆန်းသစ်ထူ‌ထောင်ခဲ့သူဖြစ်သည်။ ဆရာကြီး၏ ဆီ‌ဆေး‌ရေးချက်နှင့် ဓားချက်ကိုမည့်သူ မ‌ပေါ်‌သေး‌ပေ ဟု ‌ရေးသား‌ဖော်ပြထား သည်။

ထို့အပြင် (ဆရာဦးဘဉာဏ်သည်) မြန်မာ့ ပန်းချီ‌လောကတွင် ‌ရှေ့‌ဆောင်ဖြစ်လာပြီး ‌ရေ‌ဆေး၊ ဆီ‌ဆေး၊ မင်၊ ခဲ၊ ‌ကြေးပုံနှိပ်(Etching)၊ ပိုစတာ၊ ဒီဇိုင်း စသည့်တို့ကို ခွဲခြားနားလည်၍ တိုးတက် လာသည်။ စံပြလူပုံ ‌ရေးဆွဲခြင်း၊ သဘာဝပုံများ ‌ရေးဆွဲခြင်းများလည်း ‌ပေါ်လာသည် ဟု ဆက် လက်‌ရေးသား ‌ဖော်ပြထားသည်။

ပန်းချီဆရာကြီး ဦးဘဉာဏ်၏ ဂန္ထဝင်လက် ရာများ အထူးပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကိုယ့် မင်းကိုယ့်ချင်းလမ်း(‌ရေခဲဆိုင်ကားမှတ်တိုင်)ရှိ ယဉ်‌ကျေးမှုဝန်ကြီးဌာန၏ ပန်းချီပန်းပုခန်းမတွင် ဒီဇင်ဘာလ ၄ ရက်‌နေ့မှ ၁၃ ရက်‌နေ့အထိ ပြသခဲ့သည်။ [၁]

ငယ်ဘဝ ဘဉာဏ်၊ ဦး(မြန်မာ ၁၂၅၉- ၁၃ဝ၇ ခန့်)[ပြင်​ဆင်​ရန်​]

ပန်းချီပါရမီရှင် ဦးဘဉာဏ်၏ မိဘများမှာ မအူပင်ခရိုင်၊ ပန်းတနော်မြို့နေ ဦးဘအိုနှင့် ဇနီး ဒေါ်ညိုတို့ဖြစ်ကြသည်။ ဦးဘအိုနှင့် ဒေါ်ညိုတို့တွင် (၁) မောင်ဘကြည်၊ (၂) မောင်ဘဟန်၊ (၃) မောင်ဘစံ၊ (၄) မောင်ဘဉာဏ်၊ (၅) မမမြ၊ (၆) မောင်တဖန်ဟူ၍ သားသမီး ၆ ယောက်ရှိရာ၊ ဦးဘဉာဏ်သည် စတုတ္ထ မြောက် သားဖြစ်၍ မြန်မာသက္ကရာဇ် ၁၂၅၉ ခုနှစ် ပြာသိုလဆန်း ၃ ရက်နေ့တွင် ဖွားမြင်သည်။

ငယ်စဉ်က ပန်းတနော်မြို့ဗုဒ္ဓဘာသာ ကျောင်း၌ စာပေပညာ သင်ကြားဆည်းပူးသည်။ သို့သော် မောင်ဘဉာဏ်သည် ကျောင်းနေစဉ်ကပင် စာပေသင်အံ လေ့ကျက်မှုထက် ရုပ်ပုံဆွဲခြင်းကို ပို၍ စိတ်သန်ပြီးလျှင် ပန်းချီပညာ အထုံပါရမီ ပါကြောင်းကို ထိုစဉ်ကပင် အရိပ်အရောင် ပြခဲ့လေသည်။

ပန်းချီပညာများကို လေ့လာဆည်းပူးခြင်း[ပြင်​ဆင်​ရန်​]

ကျောင်းမှထွက်လျှင် ပန်းတနော်မြို့ရှိ ပန်းပုနှင့် စပ်ဆရာ ဦးဘိုးမောင်ထံတွင် မိမိဝါသနာနှင့် နီးစပ်သဖြင့် အလုပ်သင် ဝင်ရောက်လုပ်ကိုင်သည်။ မောင်ဘဉာဏ်သည် ဦးဘိုးမောင်ထံမှ ရှေးမြန်မာ ပန်းချီရေးဆွဲနည်း တို့ကို လေ့လာဆည်းပူးသည်။ ပန်းချီပါရမီ ပါလာသူ ဖြစ်သဖြင့် မောင်ဘဉာဏ် ရေးဆွဲသော ပန်းချီကားများသည် မူလပုံပန်း သွင်ပြင်လက္ခဏာတို့ကို တထပ်တည်း ပေါ်လွင်စေသည်။ ထို့ကြောင့် ထိုစဉ်က ဘုန်းတော်ကြီးများ၏ ပုံတူကား ရေးဆွဲရာ၌ မောင်ဘဉာဏ်၏ လက်ရာကို အထူးတလည် လူကြိုက်များခဲ့သည်။

ယင်းသို့ဦးဘိုးမောင်ထံတွင် လုပ်ကိုင်နေစဉ် တစ်နေ့တွင် မအူပင်မှ အင်္ဂလိပ်အရေးပိုင်သည် နယ်လှည့်ယင်းပန်းတနော်သို့ရောက်လာသည်။ ထိုအရေးပိုင်သည် ပန်းချီပညာကို ဝါသနာပါ၍ လေ့လာလိုက်စားသူ ဖြစ်သည်။ ပန်းချီကားများ ရောင်းသောဆိုင်တွင် မောင်ဘဉာဏ်၏ လက်ရာများကိုတွေ့လျှင် လက်စွမ်းလက်စကို သဘောကျသဖြင့် ခေါ်ယူတွေ့ဆုံသည်။ အရေးပိုင်က မိမိရှေ့တွင်ပင် မြန်မာနရားရုပ်ကို မောင်ဘဉာဏ်အား ရေးဆွဲစေရာ မောင်ဘဉာဏ်က ရှေးရိုးမြန်မာပန်းချီစံနစ်အတိုင်း ကျကျနနရေးဆွဲပြသည်။ ထိုအခါ အရေးပိုင်သည် အလွန်နှစ်ခြိုက်သဘောကျသွားကာ ရွှေဒင်္ဂါများ ဆုချသည်။

ထိုအရေးပိုင်သည် မောင်ဘဉာဏ်အား ရွှေဒင်္ဂါး ဆုချရုံဖြင့် မကျေနပ်သေးပေ။ ပန်းချီအလားအလာရှိသော မြန်မာလူငယ် မောင်ဘဉာဏ်ကို မြေတောင် မြှောက်ပေးလိုသည်။ ထို့ကြောင့် မောင်ဘဉာဏ်အား အစိုးရ အထောက်အပံ့ဖြင့် မော်လမြိုင်မြို့ပုံဆွဲဆရာဖြစ် သင်ကျောင်းသို့သွားရောက် သင်ကြားရန် စီစဉ်ပေးလေသည်။

မော်လမြိုင်မြို့တွင် ပန်းချီပညာသင်ကြားခြင်း[ပြင်​ဆင်​ရန်​]

မောင်ဘဉာဏ် မော်လမြိုင်မြို့သို့ရောက်လာသောအခါ၊ စိန်မက်သယူးကျောင်းမှ ကျောင်းအုပ်ကြီးသည် မစ္စတာ အီး၊ ဂျီ၊ အင်၊ ကင့်ချ်ဖြစ်သည်။ မစ္စတာကင့်ချ်သည် ပန်းချီအနုပညာရှင် တစ်ဦးဖြစ်၍၊ ပန်းချီအလားအလာရှိသော မြန်မာလူငယ်ကလေးများကို မြေတောင် မြှောက်ပေးနေသော စေတနာရှင်တစ်ဦးလည်းဖြစ်လေသည်။ နောင်အခါ မြန်မာပြည် ပန်းချီအသင်းကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ မစ္စတာကင့်ချ်သည် မောင်ဘဉာဏ်၏ လက်စလက်နများကို တွေ့ရသောအခါ၊ နှစ်ခြိုက်အားရခြင်းဖြစ်၍ မိမိကျောင်းသို့ပြောင်းရွှေ့စေပြီးလျှင် မောင်ဘဉာဏ်အား ပန်းချီပညာကို ဆက်လက် သင်ကြားပေးသည်သာမက အင်္ဂလိပ်စာကိုပါ သင်ပေး လေသည်။ ထိုစဉ်က မောင်ဘဉာဏ်သည် စာသင်းခန်း နံရံတွင် ပန်းဘဲမောင်တင့်တယ် ဇာတ်ထုပ်နှင့် ကင်းထောက်လုလင် ရုပ်ပုံများကို ဆေးရောင်စုံ ခြယ်လှယ်ရေးဆွဲခဲ့ရာ၊ မြင်တွေ့သူအပေါင်းတို့ များစွာနှစ်ခြိုက် သဘောတွေ့ကြလေသည်။

ပန်းချီပါရမီ ပါလာသော မောင်ဘဉာဏ်သည် မိမိအား ကူညီဝိုင်းဝန်း ပြုစုပျိုးထောင်ပေးမည့် ပုဂ္ဂိုလ်များကို မိမိကိုယ်တိုင်က မကြိုးစားရဘဲ ဆက်ကာဆက်ကာ တွေ့ရသည်။ လန်ဒန်မြို့မှ မစ္စတာ ရေးလန်ကတ်စတာ အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးသည် မြန်မာပြည်ဘုရင်ခံ၏ ဧည့်သည်တော်အဖြစ် ရန်ကုန်မြို့သို့ရောက်ရှိလာရာ၊ မြန်မာပြည်အတွင်း လှည့်လည်သွားလာစဉ် မော်လမြိုင်မြို့သို့ရောက်လာသည်။ ထိုအခါ စိန်မက်သယူးကျောင်းမှ မောင်ဘဉာဏ်၏ လက်ရာများကို တွေ့မြင်သွားသည်။ ရန်ကုန်မြို့သို့ပြန်ရောက်သောအခါ ဘုရင်ခံအား မောင်ဘဉာဏ်၏ ပန်းချီအလားအလာ ရှိပုံကို ပြောပြသွားသည်။ ထို့ကြောင့် ဘုရင်ခံသည် မောင်ဘဉာဏ်၏ လက်ရာများကို ကိုယ်တိုင် ကြည့်ရှုပြီးနောက် မောင်ဘဉာဏ်အား ရန်ကုန်သို့ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်ပေးသည်။ ထိုအခါ မစ္စတာ ကင့်ချ်ကလည်း မောင်ဘဉာဏ်အား ရန်ကုန်ကောလိပ်မှ ပါမောက္ခ အီး၊ အင်၊ ဝပ်နှင့် ဆက်သွယ်ပေးသည်။ ပါမောက္ခ ဝပ်သည်လည်း ပန်းချီအနုပညာရှင်ကြီး တစ်ဦးဖြစ်၍၊ ဘားမား အတ်ကလပ်ခေါ် မြန်မာပြည် ပန်းချီအသင်းကို တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်လေသည်။

ရန်ကုန်မြို့၌ ပန်းချီပညာသင်ကြားခြင်း[ပြင်​ဆင်​ရန်​]

ယင်းသို့ဖြင့် ကိုဘဉာဏ်သည် ( ခရစ် ၁၉၁၈-၁၉ ခုနှစ်ခန့်တွင် ) ရန်ကုန်သို့ရောက်ရှိလာပြီးသော် ရန်ကုန်အစိုးရကျောင်းတွင် ပုံဆွဲဆရာအဖြစ် ဆောင်ရွက်ရသည်။ ထိုနောက် ပါမောက္ခဝပ်ထံတွင် ဆေးရောင်ကိုင်နည်း စသည်တို့ကို ထပ်မံဆည်းပူးသည်။ ထိုအတောအတွင်း ကိုဘဉာဏ် ရေးဆွဲသော ပန်းချီကားများကို ဧရာဝတီ မီးသင်္ဘောကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး အရာရှိ ကပ္ပတိန် ဗတ်စမစ်က ဝယ်ယူချီးမြှင့်သည်။ ကပ္ပတိန် ဗတ်စမစ်သည်လည်း ပန်းချီအနုပညာကို မြတ်နိုးသူဖြစ်၍ မြန်မာပြည် ပန်းချီအသင်းကိုတည်ထောင်ပေးသူတစ်ဦး ဖြစ်လေသည်။

ကိုဘဉာဏ်၏ လက်ရာများသည် တိုးတက်လာလေရာ၊ ထိုစဉ်က ဂျူဗလီဟောတွင် ကျင်းပလေ့ရှိသော မြန်မာပြည် လက်မှုပညာပြပွဲများသို့တင်သွင်းပြသနိုင်ခဲ့၍၊ ဆုတံဆိပ်များစွာ ရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ပါမောက္ခဝပ်၏တိုက်တွန်းထောက်ခံချက်အရ မြန်မာပြည်အစိုးရက ကိုဘဉာဏ်အား ပန်းချီပညာတော်သင်အဖြစ် ဘိလတ်သို့စေလွှတ်လေသည်။

နိုင်ငံရပ်ခြားတွင် ပန်းချီပညာသင်ကြားခြင်း[ပြင်​ဆင်​ရန်​]

အင်္ဂလန်နိုင်ငံတွင် ပန်းချီပညာသင်ကြားခြင်း[ပြင်​ဆင်​ရန်​]

အင်္ဂလန်တွင် ဦးစွာ၌ ရွိုင်ရယ်ကောလိပ် အော့အတ် ပန်းချီတော်ဝင် ကျောင်းကြီးတွင် အက်ချင်း ( ကြေး ပြားပေါ် ပုံထွင်းခြင်း ) ပညာကို ၁ နှစ်နှင့် ၆ လခန့်သင်ကြားသည်။ ရွိုင်ရယ်အက်ချာခေါ် ဘွဲ့လက်မှတ် ရခဲ့သည်။ ထို့နောက် ပန်းချီကျော်ကြီး တစ်ဦးဖြစ်သော မစ္စတာဖရင့် စပင်းလပ် ထံတွင် သင်ကြားဆည်းပူး သည်။ ထိုစဉ်အခါကပင် ကိုဘဉာဏ်၏ လက်ရာများသည် ဗြိတိသျှ ပန်းချီပြပွဲကြီးများတွင် တင်သွင်းပြသနိုင် လောက်အောင် အဆင့်အတန်း တိုးတက်လာသည်။ ဗိလတ် ပန်းချီပြပွဲကြီးများတွင် တော်ရုံအဆင့်အတန်းရှိသော ပန်းချီကားများပြပွဲ မသွင်းနိုင်ချေ။၁၉၂၄ ခုနှစ်တွင် ပညာတော်သင် နှစ်စေ့၍ မြန်မာပြည်သို့ပြန်ရောက်လာပြီး ရန်ကုန်အစိုးရကျောင်းတွင် ပြန်လည်အလုပ်လုပ်သည်။ သို့သော် ဆရာကိုဘဉာဏ်သည် အင်္ဂလန်၌ ၃ နှစ်ကျော်ခန့်သင်ကြားဆည်းပူးခဲ့ရသော ပန်းချီပညာကို အားမရ၊ တင်းမတိမ်နိုင်သေးပေ။ အနောက်တိုင်း ပန်းချီစနစ်များကို အနောက်တိုင်း၌ ဆက်လက်ဆည်းပူးလိုသေးသည်။ ထို့ကြောင့် အထက်လူကြီးများကလည်း ထောက်ခံသဖြင့် ကိုဘဉာဏ်သည် နယ်လှည့် ပန်းချီပညာတော်သင်အဖြစ် ဥရောပနိုင်ငံများသို့သွားရောက်ရန် အစိုးရက ခွင့်ပြုလိုက်လေသည်။

အနောက်ဥရောပနိုင်ငံများသို့ ပန်းချီပညာလေ့လာဆည်းပူးခြင်း[ပြင်​ဆင်​ရန်​]

ယင်းသို့ဖြင့် ဒုတိယအကြိမ် အနောက်တိုင်းသို့လာခဲ့ပြန်ရာ ယခုတစ်ကြိမ်တွင်မူ ဆွစ်ဇာလန်အီတလီစပိန်ပြင်သစ်ဟော်လန်ဘယ်လ်ဂျီယံဂျာမနီစသော အနောက်တိုင်း နိုင်ငံကြီးများသို့လှည့်လည်ပြီးလျှင် အနောက်တိုင်း ပန်းချီစံနစ် အမျိုးမျိုးကို လေ့လာဆည်းပူးခဲ့လေသည်။ ထိုနိုင်ငံများ၌ လှည့်လည်လေ့လာဆည်းပူးပြီးမှ လန်ဒန်သို့လာခဲ့သည်။ လန်ဒန်သို့ရောက်သည့်အချိန်တွင် ၁ နှစ်နှင့် ၆ လမျှ ရှိခဲ့ပြီဖြစ်၍၊ မြန်မာပြည် အစိုးရက ထောက်ပံ့ကြေးပေးရန် ကန့်သတ်ထားသော ကာလအပိုင်းအခြား စေ့နေပြီ ဖြစ်သောကြောင့် ထောက်ပံ့ကြေး ရပ်စဲလိုက်လေသည်။

အင်္ဂလန်နိုင်ငံ၌ ပန်းချီပညာဖြင့် အသက်မွေးရပ်တည်၍ ပညာဆက်လက်ဆည်းပူးခြင်း[ပြင်​ဆင်​ရန်​]

ထောက်ပံ့ကြေး ရပ်စဲလိုက်သော်လည်း အင်္ဂလန်တွင် သောင်တင်နေသော ကိုဘဉာဏ်က စိုးရိမ်ပူပန်ခြင်း မရှိပေ။ မိမိပညာကို အားကိုး၍ မိမိဝင်ငွေနှင့်ပင် အင်္ဂလန်၌ ဆက်လက်ပညာဆည်းပူးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့ကြောင့် တစ်ဖက်မှ ပန်းချီကားများ ရေးဆွဲရောင်းချယင်း တစ်ဖက်မှ ပန်းချီပညာကို ဆက်လက်ဆည်းပူးသည်။ ထို့အချိန်က ပညာဆက်လက် ဆည်းပူးသော ကျောင်းမှာ ယဲလိုးဒိုး ပန်းချီအနုပညာကျောင်း ဖြစ်သည်။ အင်္ဂလန်ကဲ့သို့ ပန်းချီအနုပညာသည် ထိတ်ထိတ်ကြဲများ ပေါများသည့် ဒေသတွင် တန်ရုံပန်းချီအခြေခံဖြင့် အသက်မွေးဝမ်းကျောင်းနိုင်ရန် ခဲယဉ်းလှသည်။ ထိုစဉ်က ဘိလတ်တွင် ကိုဘဉာဏ်၏ ပန်းချီကားများသည် တန်ဖိုးအတော်အတန် ရရှိခဲ့ပေသည်။ ယင်းကဲ့သို့ ပန်းချီပညာသည် ပေါများသော ဘိလတ်တွင် မိမိပညာဖြင့် အသက်မွေးနေနိုင်သည်ကို ထောက်၍ ကိုဘဉာဏ်၏ ပန်းချီအဆင့်အတန်း မည်မျှမြင့်သည်ကို ခန့်မှန်းနိုင်ပေသည်။

ယင်းသို့ဖြင့် အင်္ဂလန်တွင် ၄ နှစ်နှင့် ၆ လခန့်ကြာခဲ့သည်။ ထိုအတွင်း တော်ရုံ ပန်းချီကားများကို အနားသီရန်ပင် လက်မခံသည့် အလွန်ကြီးကျယ်သော နယူးလင်တန် ပန်းချီပြတိုက်မှ ပြပွဲကြီးတွင် ကိုဘဉာဏ်၏ လက်ရာများ ဝင်ရောက်ယှဉ်ပြိုင်ပြသနိုင်ခဲ့သည်။ ဤသို့ဖြင့် မြန်မာလူမျိုး တစ်ဦး၏ ပန်းချီလက်ရာသည် အနောက်တိုင်း ထိပ်တန်းပန်းချီလက်ရာများနှင့် ယှဉ်ပြိုင်လိုက်နိုင်အောင် ကိုဘဉာဏ်က စွမ်းဆောင်ကာ မြန်မာ့ ဂုဏ်ကို ဆောင်ခဲ့သည်။ အင်ပိုင်ယာမား ကက်တင်းဘုတ်ခေါ် အဖွဲ့ကြီးက ကြီးမှူးသည့် ပိုစတာပြိုင်ပွဲကြီးတွင်လည်း ကိုဘဘဉာဏ်သည် ပထမစွဲခဲ့လေသည်။ ထို့ကြောင့် ကိုဘဉာဏ်၏ ဆရာဖြစ်သော ပန်းချီကျော်ကြီး မစ္စတာဖရင့် စပင်းလပ် စပင်းလပ်က မိမိထံ ပညာဆည်းပူးကြသည့် တပည့်များအနက် မောင်ဘဉာဏ်သည် ပန်းချီပါရမီ အထူးချွန်ဆုံး ဖြစ်ပါသည်ဟု ချီးကျူး၍ လက်စွပ်တစ်ကွင်း ဆုချခဲ့လေသည်။

ကိုဘဉာဏ် အင်္ဂလန်တွင် ရှိစဉ်က၊ ပန်းချီအနုပညာနှင့် စပ်လျဉ်းသော အောင်လက်မှတ် အများအပြား ရရှိခဲ့သည်။ ရရှိခဲ့သော လက်မှတ်များအနက် ထူးခြားသော လက်မှတ်တစ်စောင်လည်း ပါဝင်သည်။ ထိုလက်မှတ်မှာ ပဉ္စမမြောက် ဂျော့ဘုရင်မင်းမြတ်က ဥက္ကဋ္ဌအိမ်ရှေ့ဥပရာဇာ ဝေလမင်းသားက အတွင်းအရေးမှူးအဖြစ် ဆောင်ရွက်သော လူသားအချင်းချင်း ကူညီရိုင်းပင်းရေး-တော်ဝင် အသင်းကြီးမှ လက်မှတ်ဖြစ်သည်။ ထိုလက်မှတ်ကို ရခဲ့ခြင်းမှာ တစ်ခါသော် ကိုဘဉာဏ်သည် တင်းမြစ်ထဲရှိ ကုန်တွဲကြီးများအပေါ်တွင် ပန်းချီဆွဲနေစဉ် ရေထဲသို့တစ်စုံတစ်ခု ကျသွားသံကြားသဖြင့်၊ ပန်းတနော်သား ရေကူးလျင်သူပီပီ၊ ရေထဲခုန်ဆင်းကယ်လိုက်ရာ၊ ကယ်ဆယ်မိသူမှာ ဂျော့ဘုရင်၏ အနွယ်တော်တစ်ဦး ဖြစ်နေကြောင်း နောက်မှသိရသည်။ ထို့ကြောင့် ဂျော့ဘုရင် မင်းမြတ် ကိုယ်တိုင် ဧည့်ခံပွဲကျင်းပပြီးလျှင်၊ ထိုလက်မှတ်ကို ချီးမြှင့်ခဲ့သည်။ သို့သော် ကိုဘဉာဏ်သည် ထိုလက်မှတ်ကိစ္စ အတွက် ဝင့်ကြွားခြင်းမရှိခဲ့ချေ။

မြန်မာပြည်သို့ ပြန်လာခြင်း[ပြင်​ဆင်​ရန်​]

ဦးဘဉာဏ်သည် အင်္ဂလန်တွင် ကျေနပ်လောက်အောင် ပန်းချီပညာကို ဆည်းပူးပြီးနောက် မြန်မာပြည်သို့၁၉၃ဝ ပြည့်နှစ် ဇွန်လတွင် ပြန်လည် ရောက်ရှိလာသည်။ ပြန်ရောက် ပြီးနောက်တွင် အင်္ဂလိပ်အစိုးရခေတ်၌ ပထမဆုံး မြန်မာလူမျိုး ဘုရင်ခံဖြစ်သူ ဆာဂျေအေမောင်ကြီးက ဘုရင်ခံအိမ်တော်တွင် ဦးဘဉာဏ်၏ ပန်းချီကားပြပွဲကို ကျင်းပပေးသည်။ ထိုပြပွဲတွင် ပန်းချီကားများကို ထိုစဉ်က မြန်မာပြည်တွင် မကြားဖူးသေးသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ရလေသည်။ ထိုနောက်တွင် မြန်မာပြည် ပန်းချီ အသင်းတွင်သာမက ဒီးဒုတ်ဦးဘချိုတို့နှင့် တွဲဖက်ကာ အမျိုးသား ပန်းချီအသင်းကိုလည်း ဖွင့်လှစ်တည်ထောင်ပြီးလျှင် မိမိ၏ ပန်းချီပညာကို အယုတ်အလတ် အမြတ်မရွေး ပို့ချ သင်ကြားပေး၍ ပညာဖြန့်ဖြူးသည်။ ပန်းချီကားများကိုလည်း ရေးဆွဲရောင်းချခဲ့ရာ၊ ထိုခေတ် ထိုအခါက ဝင်ငွေ အလွန်ကောင်းသူ တစ်ဦးဖြစ်ခဲ့သည်။ သို့သော် ဦးဘဉာဏ်၏ လက်ရာ ပန်းချီကားများကို ဝယ်ယူကြသူများမှာ များသောအားဖြင့် မျက်နှာဖြူများ၊ တရုတ်သူဌေးများ စသောနိုင်ငံခြားသားများသာ များပြားလေသည်။

ပန်းချီပညာသင် ဆရာတစ်ဦးဘဝ[ပြင်​ဆင်​ရန်​]

ယင်းသို့နေထိုင်လာယင်း ဆွေမျိုးကိစ္စအမှုပွေ၍ တရားတပေါင် ဖြစ်ရသဖြင့် စိတ်ထိခိုက်လာပြီးနောက် လူကြီးများ၏ တိုက်တွန်းချက်အရ ဆရာဖြစ်သင်ကောလိပ် ပန်းချီဘက်ဆိုင်ရာတွင် ဝင်ရောက်အမှုထမ်းသည်။ ဦးဘဉာဏ်သည် အသက် ၄၁ ကျော်အထိ လူပျိုကြီးအဖြစ် နေလာပြီးမှ အိမ်ထောင်ပြုသည်။ ဦးဘဉာဏ်၏ ဇနီးသည်မှာ ဒေါ်စိန်ခိုင်ဖြစ်လေသည်။

ဆရာဖြစ်သင်ကောလိပ်၌ အမှုထမ်းနေစဉ် မြန်မာပြည်၍ မပေါ်ပေါက်ဖူးသေးသော နံရံရေးပန်းချီခန်းကို စေတနာဝန်ထမ်း ရေးဆွဲပေးသည်။ အေးအေးဆေးဆေး နားနားနေနေ ရေးဆွဲခြင်းဖြစ်၍ ၃ နှစ်ကြာမှ ပြီးစီးသည်။ ထိုပန်းချီခန်းကြီးကို ရေးဆွဲနေစဉ် ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာအာခီဗော ကော့ခရိန်းနှင့် အခြားမျက်နှာဖြူ အထက်တန်းအရာရှိကြီးများ မကြာခဏ လာရောက်ကြည့်ရှုကြသည်။ ဘုရင်ခံ အိမ်တော်၌ ထားရန် ဆီဆေးပန်းချီ ကားကြီး ၄ ချပ်ကိုလည်း ရေးဆွဲပေးသည်။ ဆရာဖြစ်သင်ကောလိပ်မှ နံရံပန်းချီခန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးထိပျက်စီးရာ၌ ပါသွားသည်။ ဘုရင်ခံအိမ်တော်အတွက် ပန်းချီကားကြီးများကိုမူ ယခုထက်တိုင် သမ္မတအိမ်တော်၌ တွေ့ရသေးသည်။

ဂျပန်ခေတ် ပန်းချီဆရာဘဝ[ပြင်​ဆင်​ရန်​]

ဂျပန်ခေတ်၌ ဇနီးနှင့်အတူ မော်လမြိုင်သို့သွား၍ နေသည်။ သို့သော် အဓိပတိဒေါက်တာဘမော်၏ အစိုးရအမိန့်ဖြင့် ဟယ်လပင်လမ်း (ယခု ပြည်ထောင်စုရိပ်သာလမ်း) တွင် အစိုးရ ပန်းချီသိပ္ပံ လာရောက်ဖွင့်လှစ်၍ ဆောင်ရွက်ပေးရသည်။ ဂျပန်ခေတ်တစ်လျှောက်လုံး ပန်းချီဆွဲသည်ထက် ပုတီးစိပ်နေသည်က များလေသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၁၉၄၅ ခုနှစ်တွင် မဟာမိတ်တပ်များ မြန်မာပြည်ထဲသို့ပြန်ဝင်စ၊ တော်လှန်ရေးအစပြုနေသော အချိန်တွင် မော်လမြိုင်ဘက်၌ ကျန်ရစ်သော ဇနီးနှင့် သားသမီးများကို သွား၍ခေါ်ယူယင်း မော်လမြိုင်ကတိုးရွာတွင် ဖျားနာ၍ အနိစ္စရောက်သွားလေရာ၊ မြန်မာ့သားကောင်း တစ်ဦးကို စပ်ကူးမတ်ကူး ကာလတွင် အမှတ်မထင်ဆုံးရှုံး ခဲ့ရလေသည်။ ဇနီးနှင့် သားသမီး ၅ ယောက် ကျန်ခဲ့သည်။ ဆရာဦးဘဉာဏ်သည် စိတ်သဘောထားကောင်းသည်။ နူးညံ့သိမ်မွေ့သည်။ ကြောက်တတ်သည်။ သန့်ရှင်းသေသပ်သည်။ စကားနည်းသည်။ ညင်ညင်သာသာ စကား ပြောတတ်သည်။ လူနေဟန် သေးသွယ်ပုပြတ်၍ အသားမဖြူ မညိုဖြစ်သည်။ မျက်နှာသွယ်၍ အထူးခြားဆုံးမှာ အလွန်တောက်ပကြည်လင်သော မျက်လုံးများဖြစ်သည်။ ဆရာ ဦးဘဉာဏ်အာရုံ အထားဆုံးအလုပ်မှာ ပန်းချီဆွဲရန် နှင့် ဘုရားရှိခိုး ပုတီးစိပ်ရန်သာ ဖြစ်လေသည်။

ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်က အကျော်တစောဖြစ်ခဲ့သော မဟာဗန္ဓုလပုံတူအတွက် ငွေတစ်ထောင် ဆုပေးသော ပန်းချီကားယှဉ်ပြိုင်ပွဲတွင် ပုံတူထုလုပ်ရန် အရွေးချယ်ခံရသော ပန်းချီကားရေးဆွဲသူ ဦးဘဖန်သည် ဦးဘဉာဏ်၏ ညီဖြစ်သည်။ ဦးဘဉာဏ် ကိုယ်တိုင်မူ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။

မြန်မာပန်းချီလောကတွင် ဆီဆေးဖြင့် ရေးခြယ်ခြင်းကို ဦးဘဉာဏ်က စနစ်တကျ စတင်ခဲ့သည်။ ဦးဘဉာဏ်သည် ဆီဆေးဖြင့် ရေးခြယ်ရာ၌ အလွန်ကျွမ်းကျင်သူဖြစ်သည်။ အရွယ်ကောင်းစဉ်၌ ကွယ်လွန်သွားခြင်း ဖြစ်ရာ၊ အသက်ရှည်ရှည် ရှိနေခဲ့ဦးမည်ဆိုလျှင် မြန်မာပန်းချီလောက၌ တိုးတက်မှု အများအပြားကို ဆောင်ရွက် လိမ့်ဦးမည်ဟု ယုံကြည်ရပေ။ ဦးဘဉာဏ်၏ လက်ရာကောင်း ပန်းချီကား အများအပြားတို့သည် နိုင်ငံခြားသို့ရောက်ကုန်သည်။ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ဦးဘဉာဏ်၏ ဇနီးထံတွင် ကျန်ရှိသေးသော ပန်းချီကားများကို ခြုံ၍ ဝယ်ယူလိုက်ပြီးလျှင် နိုင်ငံတော်ပြတိုက်၌ ထိန်းသိမ်းထားလေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အလင်းတန်းဂျာနယ် (၆ ရက် ၁၂ လ ၂၀၁၀ ခုနှစ်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)