ဗိုလ်ချုပ်အောင်ဆန်းပြတိုက်
ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် | |
---|---|
![]() | |
တည်ထောင်ခြင်း | ၁၉၆၂ |
တည်နေရာ | ၁၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့ 16°48′13.82″N 96°9′48.20″E / 16.8038389°N 96.1633889°E |
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ အထိမ်းအမှတ်ပြတိုက်တစ်ခုဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်သည် (၁-၁-၁၉၆၀) ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် ၏အုပ်ချုပ်မှု လက်အောက်သို့ရောက်ရှိပြီး (၁၉-၇-၁၉၆၂)နေ့မှစ၍ အထိမ်းအမှတ်ပြတိုက် တစ်ခုအဖြစ် အာဇာနည်နေ့များတွင် ရက်သတ္တပတ်အထူးပြပွဲအဖြစ် ပြသခဲ့သည်။ ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲလျှင် ကျန်သည့်ရက်များတွင် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ ဖွင့်လှစ်ပြသသည်။ ပြည်တွင်းမှ ရဟန်း၊ သီလရှင်၊ ကလေးလူကြီးများအား အခမဲ့ဝင်ရောက်ခွင့်ပြုထားပြီး နိုင်ငံခြားသားများအား ကျပ်ငါးထောင် ကောက်ခံသည်။
၂၀၁၈ခုနှစ် အာဇာနည်နေ့ အခမ်းအနားပြပွဲ[ပြင်ဆင်ရန်]
၂၀၁၇ခုနှစ် အာဇာနည်နေ့တွင် လူပေါင်းသုံးသောင်းနှစ်ထောင်ကျော် လာရောက် လေ့လာကြည့်ရှုခဲ့ပြီး ပြတိုက်အပေါ်ထပ်တွင် တစ်နာရီလျှင် လူပေါင်း သုံးရာခန့် အမြဲရှိနေခဲ့သည်။ ပြတိုက်သည် စတင်တည်ဆောက်စဉ်က နေအိမ်အဖြစ် ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်သက်တမ်းကလည်း နှစ်ပေါင်းကိုးဆယ်ကျော်လာပြီ ဖြစ်သောကြောင့် ကြံ့ခိုင်မှုအားနည်းလာခဲ့သည်။ ယင်းအတွက်ကြောင့် ၂၀၁၈ခုနှစ် အာဇာနည်နေ့တွင် ပြတိုက်အပေါ်ထပ် တက်ရောက်ခွင့်အား ခွင့်မပြုတော့ဘဲ ယင်းအစား အပေါ်ထပ်တွင် ခင်းကျင်းပြသထားသည့် ပြခန်းငါးခုအား ၁၃ပေ ၈ပေ ခန့်ရှိသော LED ဘုတ်ဖြင့် လှည့်ပတ်ပြသထားပြီး ဘုတ်ကြီး ၁၆ခုဖြင့် ဗိုလ်ချုပ်၏အဆိုအမိန့်များ၊ ရှားပါးဓာတ်ပုံများအား ခင်းကျင်းပြသထား သည်။ အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲအဖြစ် ဇူလိုင်လ ၁၉ရက်မှ ၂၁ရက်အထိ သုံးရက်တိုင်တိုင် ပြသထားသည်။ အဆိုပါသုံးရက် ကျော်လွန်သွားပြီးနောက် အပေါ်ထပ်သို့ ပြန်လည်တက် ရောက်ခွင့်ပြုခဲ့သည်။ အာဇာနည်နေ့အထူးအစီအစဉ်အဖြစ် အဆိုပါသုံးရက် အား နံနက် ၈နာရီမှ ညနေ ၆နာရီအထိ ပြသခဲ့သည်။[၁]
အခြားကြည့်ရန်[ပြင်ဆင်ရန်]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ၂၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ