မာတိကာသို့ ခုန်သွားရန်

ဖြစ်ခြင်းသရုပ်

ဝီကီပီးဒီးယား မှ

ဖြစ်တည်သရုပ် ဗေဒဝင် ဖြစ်ခြင်းသရုပ်ခံ ရှုထောင့်(Substance Theory)၏ အရင်းခံ အခြင်းအရာအဖြစ် ပါဝင်သော ဖြစ်ခြင်းသရုပ် (အင်္ဂလိပ်: substancial form or, in some context, အင်္ဂလိပ်: substance) ဆိုသည်မှာ - လူ၊ သက်ရှိ၊ သက်မဲ့၊ အရာဝတ္ထု၊ ဒြပ်သားစုတို့၏ ဖြစ်တည်မှုအရင်းခံ အဖြစ် လောကတွင် အသီးသီးတည်ရှိသည့်အရာများ ဖြစ်သည်။ ဥပမာအားဖြင့် "လူ"ဖြစ်ခြင်း ဟူသော ဖြစ်တည်သရုပ် (substantial form or Aristotelian "form") ၏ အုပ်စိုးမောင်းနှင်မှုမျိုး အောက်တွင် ထိုလူ၏ ဒြပ်သား (matter) အစိတ်အပိုင်းတို့က ဆီလျော်စွာ စုဝေးဖြစ်ပေါ်လျက် ငယ်ခြင်း၊ ကြီးခြင်း၊ မာခြင်း၊ ဖျားခြင်း၊ ပိန်ခြင်း၊ ဝခြင်း စသည့် ဖြစ်ခိုက်ဖြစ်ကာလများ ဖြတ်သန်းတည်ရှိသွားသည်ဟု ယူဆခြင်းမျိုး ဖြစ်သည်။
ဤသို့ ဖြစ်ခြင်းသရုပ်ခံ သီအိုရီ (Sustance Thoery) နှင့် တခြားကွဲပြားသော၊ အစုအခိုက် သီအိုရီ (Bundle Theory) တွင်မူ ဤ ဖြစ်ခြင်းသရုပ် (substance) ဟူသော မပြောင်းလဲ-အရင်းခံအရာအဖြစ် ကျိန်းသေပါဝင်နေသည့် အရာ မရှိပေ၊ ဖြစ်ခြင်းသရုပ်အဖို့ ရှုထောင့်အတွင်း နေရာမရှိပေ။

ဖြစ်ခြင်းသရုပ်ခံ သီအိုရီတွင်း ဖြစ်ခြင်းသရုပ် (substance) တို့၏ အမျိုးအသွင်ကွဲ အဆင့်များကို အဲရစ်(စ်)တော့တယ်(လ်) က ဤသို့ ၂ဆင့် ခွဲပြဖူး၏။ မည်သည့်တကောင်သော ကြက်၊ မည်သည့်တယောက်သော လူ ဆိုသည်တို့က ပစ္စည်းထည် (substance) အမျိုးကွဲများ ဖြစ်ကြသည်။ ထိုသို့ အမျိုးကွဲများ ဖြစ်ခြင်းကြောင့် ဖော်ဆောင်သော သဘောသရုပ်များ (properties) အချင်းချင်းလည်း တူညီမည် မဟုတ်။ ကြက် ဟူသော ပစ္စည်းထည်ကို အမှီပြု၍၊ ဆက်စပ်၍ အတောင်ပံ ပါခြင်း၊ မည်သို့သော အမွေးမျိုး ပေါက်ခြင်း စသည့် သဘောသရုပ်တို့ ရှိနေလျက် ကြက် ဟူသော အတောင်ပံပါသည့်၊ ကြက်မွေးပေါက်သည့် ဝတ္ထု (object) တခု ဖြစ်နေသည်။ လူ ဟူသော ပစ္စည်းထည်ကို အမှီပြု၍၊ ဆက်စပ်၍ ခြေ၂ချောင်းနှင့် လက်၂ဘက် ပါခြင်း၊ အသားလည်း စားခြင်း စသည့် သဘောသရုပ်တို့ ရှိနေလျက် လူ ဟူသော ခြေနှင့်လက်တို့ ပါသည့်၊ အသားလည်း စားသည့် ဝတ္ထု (object) တခု ဖြစ်နေသည်။
သို့ဖြင့် ဤသို့သော တွေးနည်းတို့၌ သဘောသရုပ်တို့သည် ပစ္စည်းထည်ကြောင့် ယှဉ်တွဲဖြစ်ပေါ်လာနေရသဖြင့် ပစ္စည်းထည်က အမှီအခိုကင်းသော ဖြစ်တည်မှု [] ဖြစ်နေပေမည်။[][]


အယူအဆကွဲ အမျိုးမျိုး

[ပြင်ဆင်ရန်]

အဲရစ်(စ်)တော့တယ်(လ်)

[ပြင်ဆင်ရန်]

ပထမအဆင့် ပစ္စည်းထည် နှင့် ဒုတိယအဆင့် ပစ္စည်းထည် ဟူသော ၂မျိုးကို အဲရစ်(စ်)တော့တယ်(လ်) ခွဲခြားပြသည်။

  • ကြက်နှစ်ကောင် ရှိလျှင် ၎င်းတို့၏ သဘောသရုပ် အသေးစိတ် အချက်တိုင်းက မတူဘဲရှိနိုင်သည်၊ အမည်တခုစီပင် ခွဲပေးထားနိုင်သည်။ ထို့အတူပင် မောင်ဘဆိုသူနှင့် မောင်မြဆိုသူတွင်လည်း အလုံးစုံ မတူညီသော သဘောသရုပ်များ ကိုယ်စီ ရှိမည်။ ထို့ကြောင့် ဤကြက်ဖြစ်ခြင်းလော ထိုကြက် ဖြစ်ခြင်းလော၊ မောင်ဘ ဖြစ်ခြင်းလော မောင်မြဖြစ်ခြင်းလော စသည့် တခုချင်း ကွဲပြားမှုတို့ကြောင့် အမျိုးမျိုးသော ပထမအဆင့် ပစ္စည်းထည်များ ရှိနေမည်။
  • သို့သော် ကြက်၂ကောင်လုံးမှာ တူညီသော ဗီဇသဘောသရုပ်များ ရှိပေမည်။ ထို့ကြောင့် ကြက်ဖြစ်သည်ချင်း တူညီသော ပစ္စည်းထည် တမျိုးလည်း ရှိနေမည်။ မောင်ဘနှင့် မောင်ပြမှာလည်း ထိုနည်းတူပင် လူဖြစ်သည်ချင်း တူညီသော ပစ္စည်းထည်တမျိုး ရှိနေမည်။ ဤသို့သော မျိုးတူစု ပစ္စည်းထည်တို့မှာ ဒတိယအဆင့် ပစ္စည်းထည်များ ဖြစ်ချေသည်။[]

ပစ္စည်းထည်တို့၌ ဖြစ်ပျက်တတ်သော အပြောင်းအလဲ ၂မျိုးအကြောင်းကို အဲရစ်(စ်)တော့တယ်(လ်)က ဤသို့ ဆိုသည်။

  1. ဗီဇကျလှသော သဘောသရုပ်တို့ မပြောင်းလဲဘဲ အရွယ်အစား၊ အရောင်အသွေး စသည့် အပေါ်ယံ သဘောသရုပ်တို့သာ ပြောင်းလဲခြင်း။ (ဥပမာအားဖြင့် ကြက်တကောင်က အရွယ်ကြီးလာခြင်းကြောင့် ကြက် ဟူသော ဝတ္ထုအဖြစ်မှ ပြောင်းလဲမသွားပေ။ လူတဦးကလည်း နေလောင်၍ အရေပြား မည်းသွားလျှင် လူ ဟူသော ဝတ္ထုအဖြစ်မှ ပြောင်းလဲမသွားပေ။)
  2. ပစ္စည်းသား၏ ဗီဇကျလှသော သဘောသရုပ်တို့ ပြောင်းလဲသွားလျှင်မူ ဝတ္ထုတခုအဖြစ်မှ အခြား ဝတ္ထုတခုအဖြစ်သို့ ရောက်ရှိပေမည်။ (ဥပမာအားဖြင့် ကြက်ကို လူက ချက်စားလိုက်လျှင် ကြက်ဟူသော ဝတ္ထုသီးသန့် ဖြစ်ခြင်း ပျောက်ကွယ်သွားမည်။ လူ၏ သွေးနှင့် အသားတို့ထဲသို့သာ အာဟာရအဖြစ်၊ အခြားဝတ္ထုအဖြစ် ရောက်ရှိသွားမည်။)

ဂေါတမဗုဒ္ဓ

[ပြင်ဆင်ရန်]

ရဟန်းဂေါတမသဘောတရားရေးရာ ရှုထောင့်တွင်မူ (အဲရစ်တော့တယ်တို့ ကြံဆညွှန်းဆိုသည့်) ပစ္စည်းသား ဟူသော အရာ မရှိချေ။ ဝတ္ထုများက အခြား ဝတ္ထုများ စုစည်းမှုကြောင့် ဖြစ်ပေါ်နေသည်ကို လူတို့ အခေါ်အဝေါ်အမျိုးမျိုး တပ်ထားခြင်း[]ဟု ဗုဒ္ဓက ဆိုလိုသည်။ ဗုဒ္ဓ၏ အတွေးအခေါ်တို့၌ -

  • အရာရာတို့၏ (သစ်ပင်အဖြစ်၊ သစ်သားအဖြစ်၊ ပရိဘောဂအဖြစ် စသည့်) ဖြစ်ပေါ်မှုတို့က မတည်မြဲခြင်း (အနိစ္စ)
  • (ဤအရာကတော့ သစ်ပင်သာ ဖြစ်စေတော့၊ ဤအရာကတော့ ပရိဘောဂသာ ဖြစ်စေတော့၊ ဤအရာကတော့ မောင်ဘသာ၊ မောင်မြသာ ဖြစ်စေတော့ စသည်ဖြင့်) နှိုးဆော်ပုံသွင်းနေမှု နောက်ခံသဘောတရား (အတ္တ) မရှိခြင်း[]

တို့ ပါဝင်ပေသည်။[]
အဘိဓမ္မာက ဆိုပုံမှာ အသေးဆုံးသော ရုပ်ဝတ္ထုအပိုင်းအစလေး၌ပင် ပထဝီအာပေါဝါယောတေဇော စသည်တို့က အစိတ်အပိုင်းလေးများသဖွယ် စုဖွဲ့ဆက်တွဲနေသည်ဟု မြန်မာအချို့ နားလည်မှုလွဲကြသည်။ စင်စစ်အားဖြင့် ပထဝီ၊ အာပေါ စသည်တို့မှာ အစိတ်အပိုင်း (component)များ မဟုတ်၊ သဘောသရုပ် (propety)များသာ ဖြစ်သည်။ ဥပမာအားဖြင့် ပထဝီက ဒြပ်မှုန်တို့၏ သိပ်သည်းမှု တိုင်းဖွယ်ဟူသော အခြင်းအရာ ဖြစ်လျက် ဒြပ်စိုင်တိုင်း၌ ကွဲပြားစွာ ရှိနေနိုင်သည်၊ ဝါယောက သက်ရောက်အားတို့ကို ပုံပြောင်းတုံ့ပြန်ပုံ အခြင်းအရာမျိုး ဖြစ်လျက် ဒြပ်စိုင်တိုင်း၌ ကွဲပြားစွာ ရှိနေနိုင်ပြန်သည်။

အကိုးအကား

[ပြင်ဆင်ရန်]
  1. "The Bundle Theory and the Substratum Theory: Deadly Enemies or Twin Brothers?" (2008). Philosophical Studies 141 (2): 175–190. doi:10.1007/s11098-007-9158-0. 
  2. Kim၊ Jaegwon; Sosa၊ Ernest; Rosenkrantz၊ Gary S.။ "substance"။ A Companion to Metaphysics။ Wiley-Blackwell။
  3. Borchert၊ Donald (2006)။ "Ontology"။ Macmillan Encyclopedia of Philosophy, 2nd Edition။ Macmillan။
  4. Ackrill၊ J.L. (1988)။ A New Aristotle Reader။ Princeton University Press။ p. 7။ ISBN 9781400835829
  5. The Collection of Connected Discourses (Saṁyutta Nikāya), Translated from the Pāli by Bikkhu Bodhi. Boston: Wisdom Publications, [2000]. Part 1, 525–526; Part 2, 61 (1). ISBN 0-86171-168-8
  6. Stcherbatsky Th. The Central Conception of Buddhism and the Meaning of the Word "Dharma". London: Royal Asiatic Society, 1923, p. 12
  7. Aṅguttara Nikāya (The Numerical Discourses of the Buddha). A complete translation by Bhikkhu Bodhi. Boston: Wisdom Publications, 2012, III, 137