ပြည်တွင်းငြိမ်းချမ်းရေး (၂၀၁၁)

ဝီကီပီးဒီးယား မှ

အထွေထွေရွေးကောက်ပွဲများ ကျင်းပသည့် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ထဲမှာပင် ဥပဒေဘောင်အတွင်း မဝင်ရောက်သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲပြီးစီး၍ အသစ်ဖွဲ့စည်းလိုက်သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့မှ တိုင်းရင်းသားအဖွဲများအားလုံးအား ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်အရ ငြိမ်းချမ်းရေး အစီအစဉ်၏ ကနဦးအဆင့်အဖြစ် အပစ်အခတ်ရပ်စဲရန်ဖြစ်ပြီး ပထမဦးစွာ 'ဝ'အဖွဲ့ နှင့် မိုင်းလားအဖွဲ့များနှင့်လည်းကောင်း၊ ထို့နောက်တွင် ကလို့ထူးဘောတပ်ဖွဲ့ (ယခင် DKBA) နှင့်လည်းကောင်း ကနဦးသဘောတူညီချက်များ ရယူနိုင်ခဲ့သည်။ ကျန်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့၏ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်[ပြင်ဆင်ရန်]

ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/၂၀၁၁ ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက် အပြည့်အစုံမှာ -

၁။ နိုင်ငံတော်အစိုးရသည် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရန်အတွက် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့်ပြည်သူ တစ်ရပ်လုံး ပူးပေါင်း တည်ဆောက် သွားရန် အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။
၂။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လို သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့တစ်ဖွဲ့ ချင်းအလိုက် ပထမအဆင့်အနေဖြင့် ပဏာမဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။
၃။ ပဏာမ ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရ ဘက်မှ ဆွေးနွေးမည့် အဖွဲ့အစည်း ဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဖွဲ့အစည်းနှင့် ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်သည်။

ဟု ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်အရ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

ဝ လက်နက်ကိုင်တပ်ဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

ပဏာမအဆင့်[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရသို့ ကမ်းလှမ်းလာသော 'ဝ'အထူးဒေသ(၂) အဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ရှမ်းပြည်နယ် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့ တက်ရောက်ခဲ့ကြပြီး 'ဝ'အထူးဒေသ(၂)အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဗဟိုကော်မတီဝင် ဦးကျောက်ကွမ်းအမ်း နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗဟိုကော်မတီဝင် ဦးပေါက်ယူလျန်၊ ဗဟိုကော်မတီဝင် ဦးအောင်မြင့် တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲအပြီးတွင် 'ဝ'ဒေသနှင့် ဆက်စပ်နယ်မြေများ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးများ ပူးပေါင်းဆောင်ရွက်ရန် ပဏာမသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းမည့် ငြိမ်းချမ်းရေ ဖော်ဆောင်ရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ [၁]

ပထမအကြိမ်[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် 'ဝ'အထူးဒေသ(၂)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီတွင် လားရှိုးမြို့၌ နှစ်ဘက်တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စများအား ပထမအကြိမ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးခဲ့ကြရာတွင် 'ဝ' အထူးဒေသ (၂) အဖွဲ့ခေါင်းဆောင် ဦးရှောက်မင်လျံမှ 'ဝ'အထူးဒေသ(၂)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ တိုင်းပြည်ပြိုကွဲအောင် မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရေရှည် ဆက်လက် ထိန်းသိမ်း၍ နယ်စပ်ဒေသတည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ ပညာရေးကျန်းမာရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်ရေး၊ ဝန်ထမ်းများ ပြန်လည် တာဝန်ပေးစေလွှတ်ရေး၊ မူးယစ်ဆေးဝါး ပပျောက်အောင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအခြေခံလုပ်ငန်းများ စီမံဆောင်ရွက်ပေးရေး ကိစ္စများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့် အဖွဲ့ဝင် ကိုးဦး၊ 'ဝ' အထူးဒေသ (၂)မှ အဖွဲ့ခေါင်းဆောင် ဦးရှောက်မင်လျံ (ဒုတိယဥက္ကဋ္ဌ) နှင့် အဖွဲ့ဝင် (၁၅)ဦး တို့ တက်ရောက်ကြသည်။ [၂]

မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

ပဏာမအဆင့်[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုင်ငံတော်အစိုးရသို့ ကမ်းလှမ်းလာသော မိုင်းလား အထူးဒေသ(၄) အဖွဲ့နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ရှမ်းပြည်နယ် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းမြင့်၊ ရှမ်းပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖွံ့ဖြိုးရေးမှူး ဦးအောင်ကျော်မြင့် တို့ တက်ရောက်ခဲ့ကြပြီး မိုင်းလား အထူးဒေသ(၄)အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် အထူးဒေသ(၄) ဒုတိယဥက္ကဋ္ဌ ဦးစံပေ့ နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော အထွေထွေအတွင်းရေးမှူး ဦးအိုက်ရှဲန်လာ၊ ဒုတိယစစ်ဦးစီးမှူး ဦးလမ်းအောင်၊ ဆက်ဆံရေးမှူး ဦးဇင်ခမ်းနော် တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲအပြီးတွင် မိုင်းလား အထူးဒေသ(၄) နယ်မြေအတွင်း ဆက်စပ်နယ်မြေများ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ပူးပေါင်းဆောင်ရွက်ရန် ပဏာမ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းမည့် ငြိမ်းချမ်းရေ ဖော်ဆောင်ရေးအဖွဲ့နှင့် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။ [၁]

ကလို့ထူးဘောတပ်ဖွဲ့(ယခင်DKBA)နှင့် ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

ကရင်ပြည်နယ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကလို့ထူးဘောတပ်ဖွဲ့ (ယခင် DKBA) တို့သည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် ဘားအံမြို့၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမငြိမ်းချမ်းရေး သဘောတူညီချက် (၅)ချက်ကို လက်မှတ်ရေးထိုးကြသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် ခေါင်းဆောင်သော ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ဝင် လေးဦးတို့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြပြီး ပဏာမငြိမ်းချမ်းရေး သဘောတူညီချက် (၅)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသဘောတူညီချက် (၅)ချက်မှာ

  • (၁) ကရင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကလို့ထူးဘောတပ်ဖွဲ့တို့သည် (၆.၁၁.၂၀၁၁)ရက်နေ့မှစ၍ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် သဘောတူသည်။
  • (၂) ပစ်ခတ်တိုက်ခိုက်မှုများရပ်ဆိုင်းထားစဉ်ကာလအတွင်း ကလို့ထူးဘောတပ်ဖွဲ့သည် ဆုံဆည်းမြိုင်နေရာပတ်ဝန်းကျင်တွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်။
  • (၃) နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆက်ဆံဆွေးနွေးမှုများ ပြလုပ်နိုင်ရန်အတွက် ကလို့ထူးဘောတပ်ဖွဲ့အား မြဝတီမြို့တွင် ယာယီဆက်ဆံရေးစခန်း ဖွင့်လှစ်ရန် သဘောတူသည်။
  • (၄) ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားစဉ်ကာလအတွင်း နှစ်ဦးနှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည်။
  • (၅) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့နှင့် ဗိုလ်ချုပ်စောလားပွယ် ခေါင်းဆောင်သော ကလို့ထူးဘောတပ်ဖွဲ့မှ အဆင့်မြင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် နှစ်ဦးနှစ်ဖက်သဘောတူညီသောနေရာ၊ သဘောတူညီသောအချိန်ကာလတို့တွင် တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်ဖွဲ့ဝင်များ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ဆက်လက်ဆွေးနွေးသွားနိုင်ရေးများကို သဘောတူသည်။ [၃]

ကေအိုင်အိုအဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက် မွန်းလွဲ ၂နာရီ ၃၅ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရွှေလီမြို့ရေပူစမ်းဟိုတယ်၌ အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဦးသိန်းဇော်ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သော အဖွဲ့နှင့် ကချင်ပြည်နယ်မှ ကေအိုင်အို အဖွဲ့ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သော ဗဟိုကော်မတီဝင် (၆)ဦးတို့သည် ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် ကေအိုင်အိုအဖွဲ့တို့သည် ပထမအဆင့် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန်ညှိနှိုင်းခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်အဖွဲ့တို့သည် အမှတ်တစ်ရ လက်ဆောင်ပစ္စည်းများကို အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ [၄]

ကေအင်ယူအဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

ပြည်ထောင်စု အစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ အစိုးရသစ်တက်လာပြီးနောက် ကေအန်ယူ ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များအကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။

ကေအန်ယူဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖိုးမှ ဦးဆောင်ပြီး တရားရေးဌာန ပဒိုစောဒေးဗစ်ထောနှင့် သစ်တောရေးရာ တာဝန်ခံ ပဒိုစောအားတိုးတို့ တက်ရောက်ခဲ့ကြသည်။ ယခုဆွေးနွေးမှုသည် ပဏာမတွေ့ဆုံဆွေးနွေးမှု ဖြစ်ပြီး၊ နှစ်ဘက်စလုံးမှ အပြုသဘော နားလည်မှု ရရှိခဲ့ကြကြောင်း ဘီဘီစီ သတင်းဌာနတွင် ဖော်ပြထားသည်။ [၅]

အက်စ်အက်စ်အေ(မြောက်)အဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]


အက်စ်အက်စ်အေ(တောင်)အဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ (၂)ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တောင်ကြီးဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးအောင်သူတြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးဇော်ထွန်းမြင့်ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်နှင့် RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ ဦးစိုင်းလူး ဦးဆောင်သည့် ရှမ်းပြည်တပ်မတော်မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့မှ ဦးအောင်မင်း၊ ဦးခင်မောင်စိုး နှင့် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းမြင့်တို့၏ ရှေ့မှောက်၌ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့သည် ပဏာမဆောင်ရွက်ရန် သဘောတူညီချက်အချို့အား လက်မှတ်ရေးထိုးကြပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ထို့နောက် ဗိုလ်မှူးကြီးအောင်သူ နှင့် ဦးစိုင်းလူးတို့သည် ပဏာမ သဘောတူညီချက်စာချုပ်အား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ [၆]

စီအင်အက်ဖ်အဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]


ကေအင်ပီပီအဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]


အင်အမ်အက်စ်ပီအဖွဲ့နှင့်ငြိမ်းချမ်းရေး[ပြင်ဆင်ရန်]


ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မြန်မာ့အလင်းသတင်းစာ (၉.၉.၂၀၁၁)
  2. မြန်မာ့အလင်းသတင်းစာ (၄.၁၀.၂၀၁၁)
  3. ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။ [[လင့်ခ်သေ]]
  4. မြန်မာ့အလင်းသတင်းစာ (၁.၁၂.၂၀၁၁)
  5. ကေအန်ယူနဲ့ အစိုးရကိုယ်စားလှယ် ဆွေးနွေး - BBC News မြန်မာ
  6. မြန်မာ့အလင်းသတင်းစာ (၄.၁၂.၂၀၁၁)