ဘိုးသာ၊ ဆာ

ဝီကီပီးဒီးယား မှ
(ဆာဘိုးသာ မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပွဲစားကြီး ဆာဘိုးသာသည် ကိုလိုနီခေတ်ဦး မြန်မာ့စီးပွားရေး လောက ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းတွင် မြန်မာ တိုင်းရင်းသားများထဲမှ အကျွမ်းကျင်ဆုံး စပါးပွဲစားကြီး၊ ဆာဘွဲ့ ချီးမြှင့်ခံရသည့် ရန်ကုန်မြို့ မျက်နှာဖုံး သူဌေးကြီး တဦးအဖြစ် ထင်ရှားသည်။ ရွှေတိဂုံ စေတီတော်၏ ဘဏ္ဍာတော်ထိန်း၊ ဂေါပက အဖွဲ့ဝင် လူကြီးအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်၍ သာသနာရေး၊ လူမှုရေးနှင့် နိုင်ငံရေးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပြုခဲ့သည်။ သာသနာရေးနှင့် ပတ်သက်၍ အလှူအတန်း ရက်ရောသူ၊ လူမှုရေးနှင့် ပတ်သက်၍ အင်းစိန်တွင် ဆေးရုံ တည်ဆောက်ခဲ့သူ၊ အကူအညီ တောင်းခံလာသမျှ မလွတ်တမ်း ပေးကမ်းသူ အဖြစ် လူသိများသည်။ နိုင်ငံရေးတွင်မူ ဘုရင်ခံ၏ အတိုင်ပင်ခံ အကြံပေး အဖွဲ့ဝင်၊ 'တူသာသင်း' (ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း) အဖွဲ့ဝင် အဖြစ် သမိုင်းမှတ်တမ်း တင်ခြင်း ခံရပါသည်။ ပန်းကန်စက်ဦးသော်ဆာဦးသွင် စသော မြန်မာ့မျိုးချစ်သူဌေးများနှင့် လွန်စွာ ရင်းနှီးသည်။ အမျိုး-ဘာသာ-သာသနာအကျိုးအတွက် ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ခြင်းကြောင့် လွန်စွာထင်ရှားခဲ့သည်။

ပွဲစားကြီး ဆာဘိုးသာ (၁၈၅၇-၁၉၃၃)[ပြင်ဆင်ရန်]

ဆာ ဘိုးသာ

၁၈၉၇ ခုနှစ်တွင် ဟံသာဝတီခရိုင် (ယခု သံလျင်မြို့နယ်) ဖားကူးရွာ၌ ဖွားသည်။ အဖ လယ်သမား ဦးညွန့်၊ အမိ ဒေါ်ဒွေး ဖြစ်သည်။ မွေးချင်း ၆ ယောက်တွင် ပဉ္စမမြောက် သားဖြစ်၍ နှမ တယောက် ရှိသည်။


ငယ်စဉ်က ဖားကူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ စာပေများ သင်ယူခဲ့သည်။ အသက် ၂ဝ တွင် ပုဇွန်တောင်ချောင်း၌ စပါးသယ်သည့် လှေသူကြီး အဖြစ် လုပ်ကိုင်သည်။ ထိုစဉ်က ထင်ရှားသော ပွဲစားကြီး ဦးဝိုက်၏ စပါးများကို သယ်ယူ ပို့ဆောင်ရာမှ ပွဲစားကြီး ဦးဝိုက်၏ သမီးဦးနှင့် အိမ်ထောင်ကျသည်။ အိမ်ထောင်ကျပြီးနောက် ယောက္ခမ၏ ပွဲစားလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။


ပုဇွန်တောင်ရပ်ရှိ စတုန်းဟန် ကုမ္ပဏီ စပါးစက်တွင် ပွဲစားကလေး အဖြစ် စပါး ပေးသွင်းသည်။ ပွဲစားလုပ်ငန်းတွင် ရိုးသားမှု၊ သမာဓိတည်ကြည်မှု၊ ကြိုးစားမှု၊ စီးပွားရေး လာဘ်မြင်မှုများကြောင့် ပွဲစားကြီး အဖြစ် တဖြည်းဖြည်း ထင်ရှားလာသည်။ ပုဇွန်တောင် အမှတ် (၁) နှင့် အမှတ် (၂) ဆန်ကြိတ်စက်များတွင် စပါးများ ပေးသွင်းရာ တနှစ်လျှင် စပါးတင်းရေ ငါးသန်းခန့် အထိ ပေးသွင်းနိုင်ခဲ့သည်။ စတီးဘာရားသား၊ ဘလုပ်ဘရားသား ကုမ္ပဏီများတွင် စပါးအဝယ်တော် အဖြစ် ဆောင်ရွက်သည်။ ဆန်စပါး လုပ်ငန်းတွင် မြန်မာလူမျိုးများထဲမှ အကျွမ်းကျင်ဆုံး ပုဂ္ဂိုလ်ကြီး အဖြစ် သတ်မှတ်ခံရသည်။ မြန်မာစပါး ပွဲစားကြီးအသင်း (Burmese Paddy Broker Society) ကို မိတ်ဆွေများနှင့် အတူ ဦးဆောင် တည်ထောင်ခဲ့သည်။ အသက် ၆၈ နှစ် အရွယ် ၁၉၂၅ ခုနှစ်၊ ကုမ္ပဏီ အလုပ်မှ အနားယူချိန်တွင် စတီးဘရားသား ကုမ္ပဏီက ပင်စင် တလ ကျပ်တထောင် ချီးမြှင့်ခဲ့သည်။


၁၉၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဒေလီ ဒါဘင်မင်းပွဲသို့ တက်ရောက်ခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် သူရိယ သတင်းစာကို ကုမ္ပဏီလီမိတက် ဖွဲ့ရာ အစုရှယ်ယာ ပါဝင်သည်။ ကိုလိုနီခေတ်အတွင်း 'အမျိုးဘာသာ သာသနာ' ကြွေးကြော်သံဖြင့် တည်ထောင်သည့် ဝိုင်အမ်ဘီအေ အသင်းကြီးတွင်လည်း ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဝိုင်အမ်ဘီအေ အသင်းတိုက် တည်ဆောက်ရေး အတိုင်ပင်ခံ လူကြီးအဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ပဲခူးမြို့ ဝိုင်အမ်ဘီအေ အသင်း နှစ်ပတ်လည် အစည်းအဝေးကြီးများတွင်လည်း တက်ရောက် အားပေးခဲ့သည်။


၁၉၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ အတိုင်ပင်ခံ အကြံပေး အဖွဲ့ဝင်၊ ဥပဒေပြု လွှတ်တော်အမတ်၊ ရန်ကုန်မြို့ သမာဓိမြို့ဝန် အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယ အတွင်းဝန်ချုပ် မစ္စတာ မွန်တေဂူနှင့် တွေ့ဆုံရန် သွားရောက်သည့် မြန်မာတိုင်းရင်းသား ကိုယ်စားလှယ် ၁၁ ဦးတွင် သမဝါယမအသင်း ကိုယ်စားလှယ် အဖြစ် ဦးဘတူ၊ ဦးသင်းတို့နှင့် အတူ ပါဝင်ခဲ့သည်။ ထိုအချိန်က ဝိုင်အမ်ဘီအေ အသင်း ခေါင်းဆောင် ဦးဘအေး၊ ဦးမေအောင် တို့နှင့်အတူ သွားရောက်ခဲ့ခြင်း ဖြစ်သည်။


၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် သူရိယမဂ္ဂဇင်းပါ ဦးဘကလေး၏ ကာတွန်းကို အကြောင်းပြု၍ ရွှေတိဂုံစေတီ ဘုရားလူကြီး ဦးဘိုးသာနှင့် ဝိုင်အမ်ဘီအေ လူငယ်ခေါင်းဆောင်များ သဘောကွဲလွဲခဲ့သည်။ ကာတွန်းမှာ "ဖိနပ်မချွတ်ချင်သော မျက်နှာဖြူ လင်မယားကို ဘုရား ဂေါပက လူကြီးများက ကျောပိုး၍ ဘုရားကုန်းတော်ပေါ်သို့ ပို့ပေးနေပုံ" ကို သရုပ်ဖော်ထားသည်။ ထိုအချိန်တွင် ဝိုင်အမ်ဘီအေ အသင်းမှ လူငယ်ခေါင်းဆောင်များသည် အမျိုး၊ ဘာသာ၊ သာသနာရေးရာများ သာမက နိုင်ငံရေးကို ပါဝင် ဆောင်ရွက်လာရာ ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း ဦးဆောင်သည့် လူကြီးပိုင်း အချို့နှင့် လူငယ်များ ဂိုဏ်းကွဲကာ 'တူသာသင်း' အဖွဲ့သည် ဝိုင်အမ်ဘီအေကို စွန့်ခွာသွားကြသည်။ ထိုအချိန်မှ စ၍ ဦးဘိုးသာသည် တူသာသင်း အဖွဲ့နှင့် အတူ ပြည်သူ အများစုနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။ ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ဂျူဗလီဟော၌ တူသာသင်း အဖွဲ့မှ ကြီးမှူးသည့် 'အင်္ဂလန်သွား ဖေပုရှိန် (ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်) ကိုယ်စားလှယ်အဖွဲ့ ကန့်ကွက်ပွဲ' တွင် ဦးဘိုးသာ သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ဝိုင်အမ်ဘီအေ အသင်းဘက်မှလည်း 'တူသာသင်း' အဖွဲ့အား ပြန်လည် ကန့်ကွက်ပွဲက်ု ဂျူဗလီဟော၌ ဩဂုတ်လ ၁၇ ရက်တွင် ကျင်းပခဲ့သည်။ ကန့်ကွက်ပွဲတွင် ဦးဘိုးသာ ကဲ့သို့ အစိုးရဘက်တော်သားများကို အယုံကြည် မရှိကြောင်း၊ မင်းတိုင်ပင် အမတ် အဖြစ် မခန့်ထိုက်ကြောင်း ကြေညာခဲ့သည်။


ဦးဘိုသာသည် ရန်ကုန်မြို့ မျက်နှာဖုံး သူဌေးကြီး ဖြစ်ရုံမျှမက စေတနာ သဒ္ဓါတရားလည်း ထက်သန်၍ အလှူအတန်း ရက်ရောသည်။ သာသနာရေး ကိစ္စများ၌ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြုသည်။ ရွှေတိဂုံ စေတီတော်၏ မြောက်ဘတ်တွင် တန်ဆောင်းဆောက်လုပ် လှူဒါန်းရာ 'ဆာဘိုးသာ တန်ဆောင်း' ဟု လူသိများသည်။ ၁၈၈၈ ခုနှစ်တွင် ပုဇွန်တောင်အရပ်ရှိ အစိုးရ နော်မန်ကျောင်းကြီးကို အစိုးရထံမှ ဝယ်ယူ၍ စာချဆရာတော် ဦးပညာအား လှူဒါန်းကာ ပစ္စည်းလေးပါး ဒါယကာ၊ ကျောင်းဒါယကာ ခံယူသည်။ ၁၈၉ဝ ပြည့်နှစ်မှ စတင်၍ အခြား မိတ်ဆွေများနှင့် ပူးပေါင်းကာ ဆရာတော် ဦးပညာ (နောင် အဂ္ဂမဟာပဏ္ဍိတ နော်မန်ကျောင်းကြီး ဆရာတော်) ကို အမှူးပြု၍ ဝိနည်း စာပြန်ပွဲကြီးကို ဦးဆောင် ကျင်းပခဲ့သည်။ ကိုလိုနီခေတ် အတွင်း အစောဆုံး စာပြန်ပွဲကြီး ဖြစ်၍ ဂိုဏ်းဂဏ မရွေး ထင်ရှားခဲ့သည်။ ၁၈၉၉ ခုနှစ်၊ စာပြန်ပွဲကြီးတွင် မန္တလေးမြို့ ပခန်း သာသနာပိုင် ဆရာတော်၊ ၁၉ဝ၉ ခုနှစ်၊ စာပြန်ပွဲတွင် တောင်ခွင် သာသနာပိုင် ဆရာတော်၊ ရဟန္တာဟု ထင်ရှားသော ဘုန်းတော်ကြီး ဦးသီလ၊ ဟံသာဝတီဂိုဏ်းအုပ် ငါးထပ်ကြီး ဆရာတော်တို့ ကြွရောက် အားပေးခဲ့သည်။


၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအနီး မြေ ၄.၂၅ ဧကကို ငွေ ၁၄,၂ဝဝ ကျပ် ပေး၍ ဝယ်ယူပြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကို ဦးဆောင် တည်ထားခဲ့ရာ ခြောက်ထပ်ကြီးဘုရား ဟူ၍ ထင်ရှားသည်။ ၁၉၃၁ ခုနှစ်တွင် ခြောက်ထပ်ကြီး ဘုရားအနီး၌ မဟာဗုဒ္ဓါရာမတိုက် ( ဘုရားကြီးတိုက်) ကို တည်၍ ဦးကောဏ္ဍညအား လှူဒါန်းခဲ့သည်။ ရန်ကုန်မြို့ စေတီယင်္ဂဏ ဝတ်အသင်း (၁၉၁၃) ၏ အမှုဆောင်လူကြီး အဖြစ် စေတီယင်္ဂဏ စာပြန်ပွဲ၊ စာမေးပွဲများ ကျင်းပရေး အတွက် နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သည်။ ထို့ပြင် ဦးဘိုးသာသည် ရန်ကုန်တက္ကသိုလ် ဆောက်လုပ်ရေးနှင့် ပထမကမ္ဘာစစ် အတွက် စစ်စရိတ် အလှူငွေများကို လှူဒါန်းရုံမျှမက အခြားသူများထံမှလည်း အလှူခံပေးသည်။ အင်းစိန်ဆေးရုံ တည်ဆောက်ရေး တွင်လည်း လှူဒါန်းခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ် အစိုးရက ၁၉၁၇ ခုနှစ်တွင် KIH ကေအိုင်အိပ်ချ်ဘွဲ့၊ ၁၉၁၉ ခုနှစ်တွင် အိုဘီအီးဘွဲ့၊ ၁၉၂၃ ခုနှစ်တွင် စီအိုင်အီး၊ ၁၉၂၇ ခုနှစ်တွင် ဆာဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။


ဦးဘိုးသာသည် အိမ်ထောင်သုံးဆက် ရှိ၍ ပထမအိမ်ထောင် ပွဲစားကြီး ဦးဝိုက်၏ သမီးဦး ဖြစ်သည်။ ဒုတိယဇနီးမှာ ဒေါ်ပု ဖြစ်၍၊ တတိယဇနီးမှာ ဒေါ်ရီ ဖြစ်သည်။ ဒေါ်ရီနှင့် သား နှစ်ယောက်၊ သမီး တယောက် ထွန်းကားသည်။ သမီးဖြစ်သူ မဦးရင်မှာ အိုင်စီအက်စ် ဦးပိုင်နှင့် လက်ထပ်ခဲ့သည်။


ပွဲစားကြီး ဆာဘိုးသာသည် ၁၉၃၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ရန်ကုန်မြို့၊ ကင်းဘဲလမ်း (ငါးထပ်ကြီးဘုရားလမ်း) အိမ်အမှတ် ၄၇ (ဘီ) နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

မောင်ဇေယျာ ရေးသားသော 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်၊ ၂၀၁၀၊ မတ်လ၊ UNITY စာပေမှ (ပထမအကြိမ်)