ဆင်အမျိုးအစားများ (မြန်မာ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အမျိုးအစား[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ တွင် ဆင် ကို အောက်ပါအတိုင်း လေးမျိုးလေးစား ခွဲခြားထားသည်။

  1. တည်
  2. ဟံ
  3. စွယ်စုံ
  4. ဟိုင်း

တို့ ဖြစ်သည်။

တည်ဆင်[ပြင်ဆင်ရန်]

အရှားပါးဆုံး အမျိုးအစား ဖြစ်သည်။ မွေးကတည်းကပင် အစွယ်တစ်ချောင်းတည်းသာ ပါ၏။ အစွယ်မှာ အလွန် သန်မာထွားကျိုင်းပြီး ထိုတစ်ချောင်းတည်းသော အစွယ်ကို အလွန် အားကိုးသော ဆင် ဖြစ်သည်။ ထို့ကြောင့် တည်ဆင်များသည် များသော အားဖြင့် အုပ်မှ ထွက်၍ ထီးတည်း နေတတ်ကြသည်။ မည်သူ့ အုပ်ချုပ်မှု ဩဇာကို မှ ခံချင်စိတ် မရှိသလို အခြားဆင်များကိုလည်း အုပ်ချုပ်လိုစိတ် မရှိပေ။ ဘယ်ဘက်တွင် အစွယ်ရှိသော ဆင်ကို ဘယ်တည် ဟု ခေါ်ပြီး ညာဘက်တွင် အစွယ်ရှိသော ဆင်ကို ညာတည် ဟု ခေါ်သည်။

ဟံဆင်[ပြင်ဆင်ရန်]

အစွယ်နှစ်ချောင်းပါသည်။ သို့သော် အစွယ်မှာ သန်မာ ထွားကျိုင်းခြင်း မရှိပဲ အသေးအဖျင်းသာ ဖြစ်သည်။ သစ်ပင် သစ်ခေါက်များကို အစွယ်နှင့် ထိုးခွာစားရာတွင် အစွယ်တစ်ဖက် ကျိုးသွားတတ်သည်။ တစ်ဖက်သာ အစွယ် ရှိသော ဆင်ကို ဘယ်ဟံ သို့မဟုတ် ညာဟံ ဟု ခေါ်ကြသည်။ အခြား ဆင်များလောက် အားခွန်ဗလ မသန်သည့်အပြင် အားကိုးစရာ အစွယ်မရှိ သဖြင့် တောရိုင်းဆင် ဖြစ်ပါက ဟိုင်း၊ စွယ်စုံ၊ တည်ဆင်များကဲ့သို့ အုပ်ထဲမှ ထွက်ပြီး ထီးတည်း မနေရဲကြချေ။ ဆင်အုပ်ထဲတွင် ဟံဆင်ကို ဆင်နှင့် ဆင်ကလေးများကလည်း အားကိုးခြင်း၊ ကြောက်ရွံ့ခြင်း မရှိပေ။ သူ့တွင် သူတစ်ပါးက လေးစားလောက်သော ရုပ်သွင်ကြန်အင် လက္ခဏာများ မတွေ့ရချေ။ ထို့ကြောင့် ဟံဆင်ကို ဟိုင်းနှင့် စွယ်စုံတို့ အုပ်စီးသော ဆင်အုပ်ထဲတွင် နောက်လိုက်ဆင် အဖြစ် အတွေ့ရများသည်။

စွယ်စုံဆင်[ပြင်ဆင်ရန်]

ဖြူဖွေးဝင်းလက်၍ ရှေ့သို့ ရှည်လျားစွာ ကော့တက်နေသော အစွယ်ပိုင်ရှင် ဆင်ပြောင်ကြီးကို ခေါ်ခြင်း ဖြစ်သည်။ ဆင်တို့၏ ကြန်အင်လက္ခဏာ အစုံပါရှိ၍ ဆင်ထဲတွင် အလှဆုံး ထိပ်ခေါင်တင် ဆင်ပင် ဖြစ်သည်။ စွယ်စုံဆင်ပြောင်များသည် များသောအားဖြင့် တောဆင်များထဲတွင် ဆင်ဦးစီး၊ ဆင်ဘုရင်များ ဖြစ်ကြသည်။ သူတို့၏ အစွယ်ကို အလွန်အားကိုး တတ်ကြသည်။ အုပ်မှ ထွက်၍ ထီးတည်း (ထီးခို ဟုလည်း ခေါ်သည်) ဗိုလ်ဝင်ခံ နေတတ်သည်လည်း ရှိသည်။ စိတ်နေစရိုက် ခက်ထန်ကြမ်းကြုတ်သောကြောင့် တခြားဆင်များ က ကြောက်ရွံ့တတ်ကြသည်။ နိုင်ငံပိုင် သစ်ထုတ်လုပ်ရေးဌာန တွင် စွယ်စုံဆင်များက များသောအားဖြင့် ဆင်ဆိုးစာရင်းဝင် သံခလောက် ပိုင်ရှင်များ ဖြစ်ကြသည်။

ဟိုင်းဆင်[ပြင်ဆင်ရန်]

ဆင်မများကဲ့ အစွယ်တိုတိုတိတိ သာ ရှိသည်။ သဘာဝ ဓမ္မက သူ့အား သစ်ခေါက်၊ သစ်ခွံများကို ခွာစားနိုင်ရုံလောက်သာ အစွယ်ကို ဖန်တီးပေးထားဟန် ရှိ၏ အစွယ်မှာ တိုတိုတိတိ ဖြစ်သော်လည်း တုတ်ခိုင်သန်မာသည်။ သစ်ပင်၊ သစ်ခေါက်များကို ထိုးခွာစားရာ၌ အခြား ဆင်များထက် လျင်မြန်ဖျတ်လတ်သည်။ တစ်ထွာကျော် ခန့်သာ ရှိသော အစွယ်သည် သစ်ခေါက်များ ခွာစားရာ၌ အနေတော် ဖြစ်သဖြင့် စားသောအခါ စွယ်စုံဆင်များကဲ့သို့ ရှေ့တိုးနောက်ငင် မဖြစ်ဘဲ သစ်ပင်၏ ပင်စည်နှင့် ပါးစပ်ကို ဟပ်ပြီး ခံပြီးသား ဖြစ်နေတတ်သည်။ နှာမောင်းမှာ လည်း အလွန်တုတ်ခိုင်သန်မာ သဖြင့် သစ်ခေါက်၊ သစ်ခက်များကို ဆောင့်ချိုးခွာနိုင်သော အင်အား ရှိသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖိုးကျော့. ဆင်လုပ်သား, ဒုတိယ အကြိမ်. ပညာရွှေတောင် စာအုပ်တိုက်၊။