စတီဖင်ဟော့ကင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စတီဖင်ဟော့ကင်း
Stephen Hawking.StarChild.jpg
၁၉၈၀ ခုနှစ်များက နာဆာတွင် တွေ့ရသော စတီဖင်ဟော့ကင်း
မွေးဖွား Stephen William Hawking
(1942-01-08) ၈ ဇန်နဝါရီ၊ ၁၉၄၂ (အသက် ၇၄)
အောက်စဖို့မြို့အင်္ဂလန်နိုင်ငံ
နေထိုင်ရာ ယူနိုက်တက်ကင်းဒမ်း
နိုင်ငံလူမျိုး ဗြိတိသျှ
နယ်ပယ်
အဖွဲ့အစည်းဌာန
မိခင်ကျောင်း
ဘွဲ့ယူစာတမ်း Properties of Expanding Universes (၁၉၆၅)
ပါရဂူဘွဲ့ ကြီးကြပ်သူ Dennis Sciama
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကြော်ကြား ဆုတံဆိပ်များ
  • Adams Prize (၁၉၆၆)
  • Fellow of the Royal Society (၁၉၇၄)
  • Eddington Medal (၁၉၇၅)
  • Maxwell Medal and Prize (၁၉၇၆)
  • Heineman Prize (၁၉၇၆)
  • Hughes Medal (၁၉၇၆)
  • Albert Einstein Award (၁၉၇၈)
  • Order of the British Empire (၁၉၈၂)
  • RAS Gold Medal (၁၉၈၅)
  • Dirac Medal (၁၉၈၇)
  • Wolf Prize (၁၉၈၈)
  • Order of the Companions of Honour(၁၉၈၉)
  • Prince of Asturias Award (၁၉၈၉)
  • Andrew Gemant Award (၁၉၉၈)
  • Naylor Prize and Lectureship (၁၉၉၉)
  • Lilienfeld Prize (၁၉၉၉)
  • Albert Medal (Royal Society of Arts) (၁၉၉၉)
  • Copley Medal (၂၀၀၆)
  • Presidential Medal of Freedom (၂၀၀၉)
  • Fundamental Physics Prize (၂၀၁၂)
  • Royal Society of Arts
အိမ်ထောင်ဘက်
  • Jane Wilde Hawking (၁၉၆၅-၁၉၉၅ ကွာရှင်း)
  • Elaine Mason (၁၉၉၅-၂၀၀၆ ကွာရှင်း)
ရင်သွေး(များ)
  • Robert
  • Lucy
  • Timothy
ဝက်ဘ်ဆိုဒ်
hawking.org.uk

စတီဖင် ဝီလီယံ ဟော့ကင်း (အင်္ဂလိပ်: Stephen William Hawking) အား ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် ဖွားမြင်ကာ ကိန်းဘရစ် တက္ကသိုလ်တွင် သက်ရှိထင်ရှား သီအိုရီ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်သည်။ သူသည် ကွမ်တမ် မက္ကင်းနစ်နှင့်သက်ဆိုင်သော လုပ်ငန်းများစွာအား ထောက်ပံ့ပေးသူလည်း ဖြစ်သည်။[၁][၂] မော်တာတပ်ဆင်ထားသည့် ဘီးတပ်ကုလားထိုင်ကလေးသည် ကိန်းဘရစ်တက္ကသိုလ်တွင် အထင်ရှားဆုံး ယာဉ်ကလေးဖြစ်သည်။ ဘီးတပ်ကုလားထိုင်ကလေးက အထင်ရှားဆုံးနိုင်ငံသားကို တင်ဆောင်ပြီး၊ လူပြည့်ကျပ်နေသည့် ကင်းစ်ပရိတ်လမ်းအတိုင်း ပြေးလာချိန်တွင် အမှောင်ထုက အင်္ဂလန်နိုင်ငံ ကိန်းဘရစ်မြို့ပေါ်သို့ လွှမ်းခြုံခဲ့ပြီဖြစ်သည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ပါလာသူမှာ၊ သူ၏ မျက်နှာမှ ကြွက်သားများနှင့် ဘယ်ဘက်လက်ပေါ်မှ လက်နှစ်ချောင်းကိုသာ လှုပ်ရှားနိုင်သည်။ အဝတ်အစားကို ကိုယ်တိုင်ဝတ်ဆင်၍ မရ။ ဘီးတပ်ကုလားထိုင်တွင် ချိတ်ဆက်ထားသည့် ကွန်ပျူတာခလုတ်ခုံ တစ်ခုကို ပင်ပန်းကြီးစွာ ရိုက်နှိပ်ပြီး အလုပ်လုပ်စေသည့် အသံဖော်စက်မှ တဆင့်သာလျှင် အခြားသူများနှင့် ပြောဆိုဆက်သွယ်၍ ရသည်။ ရောဂါဘယက သည်ပုဂ္ဂိုလ်အား သူ၏ ရုပ်ခန္ဓာတွင် အကျဉ်းကျနေအောင် ဖန်တီးထားသည်။ သို့သော်လည်း သူ၏ သတ္တိနှင့် သူ၏ ဟာသစကားများကိုတော့ အကောင်းပကတိ ချန်ထားရစ်သည်။ သူ၏ အသိဉာဏ်က လွတ်လပ်စွာ လှည့်လည် ကျက်စားနိုင်အောင် ဖန်တီးပေးသည်။ သူ၏ အသိဉာဏ်က တကယ်လည်း လွတ်လပ်စွာ လှည့်လည်ကျက်စားသည်။ အနတ္တမှ အနန္တသို့ လည်းကောင်း၊ အက်တမ်ထက်ငယ်သည့် ကမ္ဘာလောကမှနေ၍ စင်္ကြာဝဠာ၏ ဟိုမှာဘက်ကမ်းသို့ လည်းကောင်း လှည့်လည်ကျက်စားသည်။ ဘီးတပ်ကုလားထိုင်ထဲမှ ပုဂ္ဂိုလ်မှာ ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး ရူပဗေဒပညာရှင်တဦး ဖြစ်သည့် စတီဖင်ဟော့ကင်း ပင်ဖြစ်သည်။

အမေရိကန် သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်၊ ၂ဝဝ၉ ခုနှစ်။

ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ သူ၏ ဖခင်ကြီးက ဆေးပညာ ဆည်းပူးရန် တိုက်တွန်းသည်ကို ငြင်းဆန်ပြီး၊ စတီဖင်ဟော့ကင်းသည် သင်္ချာနှင့် သီအိုရီဆန်သည့် ရူပဗေဒပညာတို့ကို အာရုံစူးစိုက် လေ့လာသည်။ ပထမ အောက်စဖို့ဒ်၊ ထို့နောက် ကိန်းဘရစ် တက္ကသိုလ်တွင် ဖြစ်သည်။ သို့သော်လည်း အသက် ၂၁ နှစ် အရွယ်တွင် လူဂီးရစ်ရောဂါ ဟု သိထားကြသည့် ရောဂါလက္ခဏာများ သူ့တွင် ပြသလာသည်။ သည်ရောဂါမျိုးက လူကို မလွဲမသေ သွက်ချာပါဒ ဝေဒနာ ခံစားရစေပြီး၊ အလုပ်အများစုကို လုပ်ကိုင်၍ မရအောင် ဖန်တီးလိမ့်မည်။[၃] သီအိုရီဆန်သည့် ရှုပဗေဒပညာရှင် တစ်ဦးအတွက် ကိရိယာ၊ တစ်ရပ်သာ လိုအပ်ခြင်းကတော့ ကံကောင်းသည်ဟု ဆိုရမည်။ စိတ်ဆိုသည့် ကိရိယာပင် ဖြစ်သည်။ ဟော့ကင်းသည် ယင်းကိရိယာကို အလွန်ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချသည်။ ဘွဲ့ယူမည့် ကျောင်းသားဘဝတွင် ရှိနေသေးစဉ်၊ “ တွင်းနက်ကြီး ” များကို သူ စိတ်ဝင်စားလာခဲ့သည်။ တွင်းနက်ကြီးများဆိုသည်မှာ ကြယ်တာရာများ သေပွဲဝင်နေသည့် ကာလအတွင်း ဖန်တီးခြင်းခံရသည့် အလွန် ထူးဆန်းသည့်အရာများ ဖြစ်ကြသည်။ သူသည် သင်္ချာပညာရှင် ရောဂျာပင်းရို့စ်နှင့် အတူတွဲကာ တွင်းနက်ကြီးများ၏ အလယ်ဗဟိုတွင် တစ်ခုနှင့်တစ်ခု လွန်စွာကွဲပြားသည့် အရာများရှိနေကြောင်း သင်္ချာနည်းအရသက်သေပြရန် နည်းစနစ်သစ် တစ်ရပ်ကို တီထွင်ခဲ့သည်။ သူ ရည်ညွှန်းသည့် အရာများမှာ တွန်းလှန်၍ မရလောက်သည့် ဒြပ်ဆွဲအားများ ရှိနေသည့် အလွန့်အလွန် သိပ်သည်းပြီး အတိုင်းအတာ မရှိသည့် အရာများ ဖြစ်ကြသည်။ စင်္ကြာဠာတခုလုံးသည် တခုတည်းသော ထူးခြားသည့်အရာမှ ဖြန့်ကြက်ထွက်လာခြင်း ဖြစ်နိုင်ပုံကိုလည်း သူက ဆက်လက် တွက်ချက်ပြခဲ့သည်။ စကြာဝဠာကို မွေးဖွားပေးသည့် မဟာပေါက်ကွဲမှုကြီးသည် တွင်းနက်ငယ်များကို ဖန်တီးပေးခဲ့ပုံရကြောင်း၊ တွင်းနက်ငယ် တစ်ခုစီသည် ပရိုတွန်၏ အရွယ်အစားသာ ရှိသော်လည်း၊ ဒြပ်ထုမှာမူ တောင်တစ်လုံးမျှ ကြီးမား နိုင်ကြောင်း နောက်ပိုင်းတွင် သူက အခိုင်အမာ ပြောကြားခဲ့သည်။ ထို့နောက်တွင် “ တွင်းနက်ကြီးများမှ နေ၍ မည်သည့်အရာမှ မလွတ်မြောက်နိုင်၊ အလင်းသည်ပင်လျှင် တွင်းနက်ကြီးများမှ မလွတ်မြောက်နိုင် ” ဟူသည့် တစ်ကမ္ဘာလုံး လက်သင့်ခံထားသည့် ယုံကြည်ချက်ကို ပယ်ဖျောက်သည့် အနေဖြင့် ဟော့ကင်းက တွင်းနက်ငယ်ကလေးများ (ပို၍ ကြီးသည်များလည်း ပါဝင်သည်) သည် ဖြာထွက်ရောင်ခြည်များ ထုတ်လွှင့်ကြသည်ဟု စောဒက တက်ခဲ့သည်။ တဖြည်းဖြည်းနှင့် နောက်ဆုံးတွင် ဟော့ကင်း၏အဆို မှန်ကန်သည်ဟု အခြားသိပ္ပံပညာရှင်များ ဝန်ခံခဲ့ကြရသည်။ တွင်းနက်ကြီးများမှ ရောင်ခြည်ထုတ်လွှင့်မှုများကိုလည်း ဟော့ကင်း ဖြာထွက်ရောင်ခြည် (Hawking Radiation) ဟု သိလာကြသည်။

နာဆာ၏ နှစ်ငါးဆယ်ပြည့်အခမ်းအနားတွင် သူ့သမီး လူစီဟော့ကင်းမှ သရုပ်ပြသပေးနေပုံ။

ဟော့ကင်းသည် သူ၏ ဒုက္ခိတဘဝအပေါ် အာရုံနှစ်ထားခြင်း မရှိပါ။ သူ၏ အသံဖော်စက်မှ တဆင့် စကားလုံးနည်းနည်းဖြင့် ရှင်းလင်းအောင် ပြောကြားသည့် မှတ်ချက်များတွင် ဟာသများ နှောနေတတ်သည်။ သို့သော်လည်း သူသည် ခေါင်းလည်း မာတတ်သည်၊ ရိုင်းပျတတ်သည်၊ ဒေါသဖြစ် လွယ်တတ်သည်။ သူ၏ ဇနီး ဂျိန်းသာ မရှိပါက သူ၏ အလုပ်အကိုင် ဘယ်တော့မှ တစ်ရှိန်ထိုး အောင်မြင် မလာနိုင်ပါဟု ဟော့ကင်းက အလေးအနက် ပြောဆိုတတ်သည်။ လူဂီးရစ်ရောဂါ ရှိ မရှိ သူ ဆေးစစ်ခံပြီး၍ များမကြာမီ၊ ရောဂါဆိုးရွားပြီး တိုးတက်ကြီးထွားလာတတ်သည့် သဘောသဘာဝကို သတိထားမိသော ဂျိန်းက သူ့အားလက်ထပ်ခဲ့သည်။ သို့ဖြင့် ဟော့ကင်းမှာ မျှော်လင့်ချက်များ ရရှိလာပြီး၊ သူ၏ လေ့လာဆည်းပူးမှုများ ဆက်လက်ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးစ စောစောပိုင်း ကာလတွင် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဟော့ကင်း၏ ခြေလက်အင်္ဂါများ ပို၍ပို၍ မလှုပ်နိုင် မရှားနိုင် ဖြစ်လာသည့်အခါ၊ ဂျိန်းက သူ၏ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းရန် ဝတ်ကြီးဝတ်ငယ် ပြုခဲ့သည်။ သူတို့၏ ၂၅ နှစ်တာ အိမ်ထောင်သက်ကို ၁၉၉၀ ပြည့်နှစ်တွင် ဟော့ကင်း ဆိုင်းမဆင့် ဗုံမဆင့် ဖြတ်ဆောက်လိုက်သည့် အခါတွင်တော့ သူ၏ မိတ်ဆွေအပေါင်းအသင်းများ တုန်လှုပ်သွားခဲ့ကြရသည်။ သူသည် ၁၉၉၅ ခုနှစ်တွင် ယခင်က သူ့အား ပြုစုခဲ့သည့် သူနာပြုဆရာမတဦးကို လက်ထပ်ခဲ့သည်။

သူ၏ ၁၉၉၈ အရောင်းအသွက်ဆုံးစာအုပ် ဖြစ်သည့် “ အချိန်၏သမိုင်း အကျဉ်း ” အမည်ရှိ စာအုပ်ဖြင့် ဟော့ကင်းသည် ကမ္ဘာတွင် လူသိအများဆုံး သိပ္ပံပညာရှင် ဖြစ်လာခဲ့ပုံ ရသည်။ မယုံနိုင်လောက်သည့် အရေးအသားမျိုးများ ပါရှိသည့် ရူပဗေဒပညာရပ်ဆိုင်ရာ စာအုပ်ထူကြီး တစ်အုပ်ကို အဘယ်ကြောင့် အပြေးအလွှားဝယ်ယူနေကြပါ သလဲဟု မေးစရာ ရှိသည်။ ဟာသနှော၍ ပြောတတ်သည့် ဟော့ကင်းကတော့ သည်လို ဖြေကြားခဲ့သည်။

“ ဒုက္ခိတဖြစ်နေတဲ့ ပါရမီရှင်တစ်ဦးရဲ့ အတွေးအခေါ်ကို ဘယ်သူမှ လွန်ဆန်လို့ မရပါဘူးဗျာ”[၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Gardner, Martin (September/October 2001). "Multiverses and Blackberries". "Notes of a Fringe-Watcher". Skeptical Inquirer. Volume 25, No. 5.
  2. Price, Michael Clive (February 1995). "THE EVERETT FAQ". Department of Physics, Washington University in St. Louis. Retrieved 17 December 2014.
  3. "How Has Stephen Hawking Lived to 70 with ALS?"၊ Scientific American၊ 7 January 2012။ 23 December 2014 တွင် ပြန်စစ်ပြီး။ "Q: How frequent are these cases of very slow-progressing forms of ALS? A: I would say probably less than a few percent." 
  4. ၂၀ ရာစု အကြီးကျယ်ဆုံး ပုဂ္ဂိုလ်များ