ယေဘုယျနှိုင်းရသီအိုရီ

ဝီကီပီးဒီးယား မှ
နဂါးငွေ့တန်း ဂယ်လက်ဆီအတွင်း နေအဖွဲ့အစည်းထုထည်ပေါင်း ၁၀ ဆ ရှိသော တွင်းနက်အား ၆၀၀ ကီလိုမီတာအကွာမှ မြင်ရပုံ (သရုပ်ပြချက်)[၁]

ယေဘုယျနှိုင်းရသီအိုရီ(အင်္ဂလိပ်: general theory of relativity သို့မဟုတ် Einstein's theory of gravity) သည် အဲလ်ဘတ် အိုင်းစတိုင်း မှ ၁၉၁၅ ခုနှစ်တွင် ဖော်ထုတ်ခဲ့သော ဒြပ်ဆွဲအားဆိုင်ရာ ဂျီဩမေတြီသီအိုရီဖြစ်သည်။[၂] ခေတ်ပေါ်ရူပဗေဒတွင် လက်ရှိအသုံးပြုနေသော ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းဖော်ပြချက်လည်း ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် အထူးနှိုင်းရသီအိုရီနှင့် နယူတန်စကြဝဠာဆိုင်ရာဒြပ်ဆွဲအားနိယာမ တို့ကို ယေဘုယျကျမျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် အာကာသနှင့် အချိန်ကို သို့မဟုတ် အာကာသအချိန်ကို ဂျီဩမေတြီဂုဏ်သတ္တိအဖြစ် ပေါင်းစည်း၍ ရှင်းလင်းဖော်ပြပေးသည်။ အာကာသအချိန်၏ ကွေးညွတ်မှုသည် ပါဝင်တည်ရှိနေသည့် အားလုံးသော ဒြပ်နှင့် ရောင်စဉ်တို့၏ စွမ်းအင်နှင့် အဟုန်တို့ဖြင့် တိုက်ရိုက် ဆက်စပ်သည်။ ဆက်စပ်မှုကို အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းဖြင့် ဖော်ပြသည်။

ယေဘုယျနှိုင်းရသီအိုရီ၏ ဟောကိန်းအချို့သည် ရှေးရိုးရူပဗေဒမှ ဖော်ထုတ်ပေးသော ဟောကိန်းများဖြင့် သိသိသာသာ ကွဲပြားခြားနားသည်။ အထူးသဖြင့် အချိန်ပါဝင်ခြင်း၊ အာကာသ၏ ဂျီဩမေတြီလွတ်လပ်စွာကျဆင်းသော အရာဝတ္တုအလင်းပျံ့နှံ့မှု စသည်တို့ဖြင့် သက်ဆိုင်လျှင် သိသာစွာ ကွဲပြားခြားနားသည်။ ဥပမာတို့မှာ ဒြပ်ဆွဲအားဆိုင်ရာ အချိန်အလိုက်ပြောင်းလဲခြင်း၊ ဒြပ်ဆွဲအားမှန်ဘီလူး၊ အလင်း၏ ဒြပ်ဆွဲအားဆိုင်ရာ အနီရွေ့ခြင်း၊ ဒြပ်ဆွဲအားဆိုင်ရာ အချိန်နှေးခြင်း စသည်တို့ ဖြစ်သည်။ ယနေ့အချိန်အထိ စောင့်ကြည့်လေ့လာမှုများနှင့် စမ်းသပ်တွေ့ရှိချက်များ အားလုံးသည် ယေဘုယျနှိုင်းရသီအိုရီနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုပြီး ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် တစ်ခုတည်းသော ဒြပ်ဆွဲအားဆိုင်ရာ နှိုင်းရသီအိုရီ မဟုတ်သော်လည်း လက်တွေ့ရလဒ်များဖြင့် အမြဲကိုက်ညီသော အရိုးရှင်းဆုံး သီအိုရီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မဖြေရှင်းနိုင်သေးသော မေးခွန်းများလည်း ကျန်ရှိနေသေးသည်။ ယေဘုယျနှိုင်းရသီအိုရီအား ကွမ်တမ်ရူပဗေဒဖြင့် မည်ကဲ့သို့ ညီညွတ်အောင် ပေါင်းစည်းကာ ပြီးပြည်စုံပြီး ကိုယ်တိုင်ညီညွတ်မှုရှိသော ကွမ်တမ်ဒြပ်ဆွဲအားသီအိုရီကို မည်သို့ ဖော်ထုတ်ရမည်နည်း ဆိုသည့်မေးခွန်းမျိုး ဖြစ်သည်။

အိုင်စတိုင်း၏ သီအိုရီသည် နက္ခတ္တရူပဗေဒနှင့် ပတ်သက်၍ အရေးပါသော ဖော်ထုတ်ချက်များ ရှိသည်။ ဥပမာ တွင်းနက်များ ဖြစ်သည်။ တွင်းနက်ဆိုသည်မှာ ၎င်း၏ အာကာသအချိန်သည် လွန်စွာ ကွေးညွတ်နေ၍ အလင်းအပါအဝင် မည်သည့်အရာမှ လွတ်မြောက်နိုင်ခြင်းမရှိသော နေရာဒေသဖြစ်သည်။ ဒြပ်ထုကြီးမားသော ကြယ်ကြီးများ ပြိုကွဲခြင်းဖြင့် တွင်းနက်များ ဖြစ်ပေါ်လာသည်။ အချို့သော အာကာသဝတ္တုများမှ ထုတ်လွှတ်သော ရောင်ခြည်များသည် တွင်းနက်များကြောင့်ဖြစ်ကြောင်း လုံလောက်သော သက်သေများ ရှိပြီးဖြစ်သည်။ ဥမာ မိုက်ကရိုကွာဆာများနှင့် တက်ကြွလှုပ်ရှားသောဂလက်ဆီဝတ်ဆံ များသည် ကြယ်ဒြပ်ထုပမာဏရှိ တွင်းနက်များနှင့် များစွာပိုမိုဒြပ်ထုကြီးမားသော တွင်းနက်အမျိုးအစားများကြောင့်ဖြစ်သည်။ ဒြပ်ဆွဲအားကြောင့် အလင်းကွေးညွတ်သောအခါ ဒြပ်ဆွဲအားမှန်ဘီလူးကို ဖြစ်ပေါ်စေသည်။ ဥပမာ ကြားနေရာရှိ ဒြပ်ထုကြီးမားသောအရာက ဝေးလံသော အာကာသမှ အရာဝတ္တများ၏အလင်းကို ကွေးညွတ်စေသောအခါ ၎င်းဝေးလံသော အရာဝတ္တုကိုပင် ပုံရိပ်အများအပြား မြင်ရခြင်းဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများ၏ တည်ရှိမှုကိုလည်း ဟောကိန်းထုတ်ထားရာ LEGO ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများ တိုင်းတာရေးကိရိယာက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒြပ်ဆွဲအားဆိုင်ရာလှိုင်းများကို တိုက်ရိုက်တိုင်းတာ တွေ့ရှိခဲ့သည်။ ယေဘုယျနှိုင်းရသီအိုရီသည် လက်ရှိ စကြဝဠာပြန့်ကားမှု ပုံစံအခြေပြုထားသော သီအိုရီလည်းဖြစ်သည်။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. GW150914: LIGO Detects Gravitational Waves။ 18 April 2016 တွင် ပြန်စစ်ပြီး။
  2. O'Connor, J.J. and Robertson, E.F. (1996), General relativity. Mathematical Physics index, School of Mathematics and Statistics, University of St. Andrews, Scotland. Retrieved 2015-02-04.

အခြားကြည့်ရန်[ပြင်ဆင်ရန်]