ဂြိုဟ်များ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကောင်းကင်ကို တန်ဆာဆင်လျက်ရှိသော ဗိမာန်များ ဂြိုဟ်သည် ကမ္ဘာမြေကြီးကဲ့သို့ပင် နေစကြာဝဋ္ဌာ၏ တစ်စိတ် တစ်ဒေဖြစ်သည်။ သို့သော် ဂြိုဟ်နှင့် ဤကမ္ဘာမြေမှာ သဘာဝ ချင်း ကွဲပြားခြားနားလှ၏။အချို့မှာ ကမ္ဘာထက်ငယ်၍ အချို့မှာ အဆပေါင်းများစွာကြီးသည်။ အချို့မှာ အလွန်ပူ၍ အချို့မှာ အလွန်အေးသည်။ အချို့တွင် လေမရှိ။ အချို့တွင် ရေမရှိပေ။


အနောက်နိုင်ငံ နက္ခတ္တဗေဒအလို၌ ဂြိုဟ်ဟူသည်မှာ နေကို ဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများ ဖြစ်လေ သည်။ ဂြိုဟ်သည် ကြယ်နှင့် ကွာခြားသည်။ ဂြိုဟ်၌ ကြယ် ကဲ့သို့ ကိုယ်ပိုင်အလင်းရောင် မရှိချေ။


ဂြိုဟ်မှထွက်သော အလင်းရောင်သည် နေမှရသော အလင်းရောင်သာ ဖြစ်သည်။ ဂြိုဟ်တို့သည် နေကို အမြန်နှုန်းအမျိုးမျိုးဖြင့် လှည့်ပတ်နေကြသည်။ နေကို လှည့်ပတ်နေကြသော ယင်းတို့၏ လမ်းကြောင်းများသည် တစ်လမ်းစီ ဖြစ်ကြသည်။ ထိုလမ်းကြောင်းများ၏ ပုံသဏ္ဌာန်မှာ ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ သိပ္ပံပညာအရ ယနေ့အထိ သိရသလောက်မှာ နေကို လှည့် ပတ်နေသော ဂြိုဟ်ပေါင်း ၉ လုံးသာရှိသည်။ နေနှင့်အနီးဆုံးမှ အစပြု၍ အစဉ်အတိုင်း ဖော်ပြရသော် မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မား၊ (အင်္ဂါ ဂြိုဟ်)၊ ဂျူပီတာ ( ကြာသပတေးဂြိုဟ်)၊ ဆက်တာန် (စနေဂြိုဟ်)၊ယူရေးနပ်၊ နက်ပကျွန်းနှင့် ပလူတိုတို့ ဖြစ်ကြ၏။ ထိုဂြိုဟ်အားလုံးပင် အနောက်ဖက်မှ အရှေ့ဖက်သို့ လည်ကြသည်။ မာကျူရီနှင့် ဗီးနပ်ဂြိုဟ်တို့သည် နေနှင့်ကမ္ဘာကြားတွင် ရှိ၍ ကျန်ဂြိုဟ်များ များမှာမူ ကမ္ဘာလမ်းကြောင်း အပြင်ဖက်တွင် ရှိကြသည်။ နေကို လှည့်ပတ်ရာတွင် မာကျူရီနှင့် ဗီးနပ်တို့သည် ကမ္ဘာ ထက် မြန်၍ ကျန်ဂြိုဟ်များသည် ကမ္ဘာထက် နှေးသည်။ မားနှင့် ဂျူပီတာအကြားတွင် နေကို လှည့်ပတ်သွား နေကြ သော ဂြိုဟ်ကလေးပေါင်း မြောက်မြားစွာ ရှိသေးသည်။ အဆိုပါ ဂြိုဟ်အားလုံးတို့သည် နေစကြာဝဠာ မိသားစုထဲ တွင် ပါဝင်ကြသော်လည်း တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြား နားကြကုန်သည်။ ဂြိုဟ်အချို့သည် ကမ္ဘာထက်ငယ်ကြ၍ အချို့မှာမူ ကမ္ဘာထက် အဆပေါင်းများစွာ ကြီးမားကြသည်။ အချို့မှာ အလွန်ပူ၍ အချို့မှာ အလွန်အေးသည်။ ဂြိုဟ်အချို့ တွင် လေမရှိ။ ဂြိုဟ်အချို့တွင် ရေမရှိပေ။ မာကျူရီသည် နေနှင့် အနီးဆုံးဂြိုဟ်ဟု ဆိုရသော်လည်း နေမှမိုင်ပေါင်း ၃၆ဝဝဝဝဝဝ ခန့် ဝေးကွာသည်။ အချင်းမှာ မိုင် ပေါင်း ၃ဝဝဝ ကျော် ဖြစ်သဖြင့် ကမ္ဘာထက်ငယ်သည်။ ဂြိုဟ်အားလုံး အနက် နေကို အမြန်ဆုံးလှည့်ပတ်သောဂြိုဟ် ဖြစ်၏။ မာကျူရီ သည် ၈၈ ရက်နှင့် နေကို တစ်ပတ်ပြည့်အောင် လှည့်သဖြင့် ထိုဂြိုဟ်၌ တစ်နှစ်တွင် ရက်ပေါင်း ၈၈ ရက်သာရှိသည်။ နေနှင့်မည်သည့်အခါမျှ မဝေးကွာသောကြောင့် ထိုဂြိုဟ်သည် နေရောင်တွင် ပျောက်နေလေ့ရှိသည်။ တစ်ခါတစ်ရံ နေဝင်ပြီး နောက် တစ်နာရီလောက်ကြာအောင်အထိ အနောက်ယွန်းယွန်း ကောင်းယံ၌ဖြစ်စေ၊ တစ်ခါတစ်ရံ နံနက် နေမထွက်မီ အရုဏ် တက်အချိန်တွင် အရှေ့ယွန်းယွန်း ကောင်းကင်ယံ၌ဖြစ်စေ၊ ယင်းကို တွေ့မြင်ရတတ်ပေသည်။ယင်းဂြိုဟ်၌ လေ၊ သို့မဟုတ် လေထု မရှိချေ။ ထိုဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရန် မည်မျှကြာသည်ကို အငြင်းပွားလျက် ရှိကြသည်။ သို့ရာတွင် နေကို လှည့်ပတ်စဉ် မိမိဝင်ရိုးပေါ်၌ တစ်ပတ်လည်သည်ကိုမူ တွေ့ရ၏။ နေဖက်သို့ လှည့်နေသောအပိုင်း၏ မျက်နှာပြင် အပူချိန်သည် ၆၅ဝ ဒီဂရီ ဖာရင်ဟိုက်ခန့် ဖြစ်သည်။ အခြား ဖက်အပိုင်းမှာမူ အလွန်အေးသည်။ ဗီးနပ်သည် အလွန်တစ်ရာ တောက်ပသောကြောင့် ယင်းကို ကောင်းကင်တွင် အခြားဂြိုဟ်များထက် လွယ်ကူစွာမြင်ရသည်။ နေနှင့် လတို့ကလွဲလျှင် ဗီးနပ်သည် အထွန်းလင်းဆုံး ဖြစ်၏။ လကဲ့သို့ပင် ပုံသဏ္ဌာန် ပြောင်းသည်။ ပြည့်ဝန်းနေချိန်တွင် ဗီးနပ်သည် ကမ္ဘာနှင့် အလွန်ဝေးသောကြောင့် အလွန်သေး ငယ်စွာ မြင်ရသည်။ လခြမ်းပုံဖြစ်နေချိန်တွင်မူ၊ ဗီးနပ်သည် အထွန်းလင်းဆုံး ဖြစ်၏။ ဗီးနပ်ဂြိုဟ်လုံး၏ အချင်းမှာ ၇၅၇၅ မိုင်ခန့် ရှိသောကြောင့် အရွယ်အားဖြင့် ကျွန်ုပ်တို့ ကမ္ဘာနီးပါး မျှ ရှိသည်။ ထိုဂြိုဟ်၏ ပတ်ဝန်းကျင်၌ အလွန်ထူထပ်သော လေထုရှိသည့်အတွက် မှန်ပြောင်းဖြင့် ကြည့်သောအခါ ဂြိုဟ်၏ မျက်နှာပြင်ကို မမြင်ရချေ။ ဗီးနပ်ဂြိုဟ်ကို တိမ်တောင်တိမ်လိပ်များ အမြဲဖုံးအုပ်နေသော ကြောင့် ထိုဂြိုဟ်၌ လေရှိမည်မျာ သေချာသည်။ နေမှရရှိသော အပူချိန်သည်လည်း သက်ရှိသတ္တဝါ တစ်မျိုးမျိုးတို့ နေနိုင်ရန် အတွက် လုံလောက်သည်ဟု ယူဆနိုင်စရာ အကြောင်းရှိသည်။ သို့သော် လူတို့နေနိုင်ရန်အတွက် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ရေခိုးရေငွေ့တို့ လုံလောက်စွာရှိ မရှိကိုကား မည်သူမျှ သေချာ စွာ မပြောနိုင်ချေ။ မားသည် အရွယ်အားဖြင့် ကမ္ဘာ၏ တစ်ဝက်မျှသာရှိသည်။ ထိုဂြိုဟ်သည် အချို့အချက်များတွင် ကမ္ဘာနှင့် ဆင်တူသည်။ မားဂြိုဟ်သည် ဝင်ရိုးပေါ်၌ တစ်ပတ်လည်ရာတွင် ကမ္ဘာက ဝင်ရိုးပေါ်၌ တစ်ပတ်လည်သလောက်ပင် ကြာမြင့်သည်။ ထိုအချိန်မှာ ၂၄ နာရီ ၃၇ မိနစ် ဖြစ်၏။ ကမ္ဘာ၏ ဝင်ရိုးစောင်းသလောက် မား၏ ဝင်ရိုးလည်း စောင်းသည်။ ကမ္ဘာဂြိုဟ်၌ ဖြစ်ပေါ်သော ရာသီဥတုမျိုး မား၌လည်း ဖြစ် ပေါ်သည်။ သို့ရာတွင် မား၌ဖြစ်သော ရာသီဥတုတို့သည် ကမ္ဘာ ၌ ဖြစ်သော ရာသီဥတုတို့ထက် အချိန်ကာလအားဖြင့် ၂ဆပို၍ ကြာသည်။ မားဂြိုဟ်၏ မျက်နှာပြင်သည် ကမ္ဘာ၏ မျက်နှာပြင် ထက် ပို၍ပြေပြစ်သည်။ ကမ္ဘာပေါ်၌ရှိသော ကုန်းမြင့်မား၊ တောင်တန်းကြီးများ မားပေါ်၌ မရှိချေ။ မား၏ ဝင်ရိုးစွန်း အရပ်များ၌ ဖြူနေခြင်းမှာ နှင်းများ ဖုံးအုပ်ထားသောကြောင့်ဟု ယူဆရသည်။ မားပေါ်တွင် ချောင်းများ၊ မြောင်းများ ရှိသည်။ သက်ရှိ သတ္တဝါများ ဧကန်ရှိသည်ဟူ၍မူ မည်သူမျှ မဆိုနိုင် သေးချေ။ မားပေါ်တွင် လေထုရှိသည်ဟု ဆိုရသော်လည်း ကမ္ဘာ၏ လေထုလောက် ထူထပ်သိပ်သည်းခြင်း မရှိချေ။ မား၏ ဆွဲအားသည်လည်း ကမ္ဘာ၏ဆွဲအားလောက် မကြီးချေ။ ကမ္ဘာပေါ်တွင် ၆ ပေခုန်နိုင်သူသည် မားပေါ်၌ ၁၆ ပေမျှ ခုန်နိုင်ပေမည်။ ပျမ်းမျှအပူချိန်သည် ရေခဲသည့် အပူချိန်ထက် နည်းမည်ဟု ခန့်မှန်းရသော်လည်း ရှည်လျားသော နွေရာသီတွင် မူ ထိုထက်ပူလိမ့်မည်ဟု ယူဆရသည်။ ဂျူပီတာသည် ဂြိုဟ်များတွင် အကြီးဆုံးဖြစ်သော ကြာသ ပတေးဂြိုဟ်ကို ခေါ်သည့် အမည်ပင် ဖြစ်၏။ ထိုဂြိုဟ်ကြီး သည် ကျွန်ုပ်တို့ ကမ္ဘာမှ မိုင်ပေါင်း ၆ဝဝဝဝဝဝဝဝ ကွာဝေး၍ ပမာဏအားဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာထက် အဆပေါင်း ၁၃ဝဝ ရှိ၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆသာ ရှိသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း ၈၂၉ဝဝ၊ အီကွေ တာ (အလယ်ရစ်)၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည်ဟု ဆို လေသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှတစ်ပါး၊ အထွန်းလင်းဆုံးဂြိုဟ်ကြီးဖြစ်၍ တောက်ပသော အရံဂြိုဟ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေးအလိုက် ဆိုရလျှင် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို ၁၂ နှစ်ခန့် တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။ မိမိဝင်ရိုးစွန်း ပေါ်တွင် တစ်ပတ်လည်ရန်မှာ ၉ နာရီ ၅၅ မိနစ် ကြာသည်။ ဂျူပီတာကို မှန်ပြောင်းဖြင့် ကြည့်သောအခါတွင် မည်း၍ တောက်ပြောင်သော အစင်းကြောင်းများကို တွေ့ရသည်။ အမည်းစက်များလည်း တစ်ခါတစ်ရံ ပေါ်ပေါက်လာတတ်၏။ ထိုအမည်းစက်များသည် တဖြည်းဖြည်း မှိန်သွားကြပြီးလျှင် ကွယ်ပျောက်သွားတတ်ကြ၏။ ထိုအမည်းစက်များသည် ဂြိုဟ် အတွင်းမှထွက်လာသော ဓာတ်ခိုးဓာတ်ငွေ့များ ဖြစ်တန်ရာသည် ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြလေသည်။ နေမှ ဂျူပီတာ အကွာအဝေးသည် နေမှ ကမ္ဘာ အကွာအဝေးထက် ၅ ဆမျှ ရှိသည်။ ထိုကြောင့် အပူချိန်သည် ဖာရင်ဟိုက် ဒီဂရီ သုညအောက်များစွာ ကျရောက်ပေမည်။ ဖာရင်ဟိုက် ဒီဂရီ -၂ဝဝ (သုညအောက် ဒီဂရီ ၂ဝဝ)လောက် အပူချိန်ရှိသည်ဟူ၍ ခန့်မှန်းချက်ရှိသည်။ များမကြာမီကပင် နက္ခတ္တဗေဒပညာရှင် တို့သည် ဂျူပီတာဂြိုဟ်ပေါ်၌ အမိုးနီးယားဓာတ်ငွေ့နှင့် မက်သိန်းဓာတ်ငွေ့တို့ ရှိကြောင်း သိရှိခဲ့ကြလေသည်။ ဆက်တန်ဂြိုဟ်သည် ဒုတိယအကြီးဆုံးဂြိုဟ် ဖြစ်သည်။ ထိုဂြိုဟ်တွင် ကွင်းများပါရှိသဖြင့် အလွန်ထူးဆန်းသည်။ ယခု အခါ ထိုကွင်းများကို ဒြဗ်ဖြင့် တစ်သားတည်း ပြီးနေသည်ဟု မယူဆတော့ဘဲ ထိုဂြိုဟ်ကို အလွန်များပြားသော ဥက္ကာများက ဝန်းရံလှည့်ပတ်နေသောကြောင့် အဖြူရောင်ကွင်းများသဏ္ဌာန် ဖြစ်ပေါ်နေသည်ဟု ဆိုလေသည်။ ဆက်တန်ဂြိုဟ်၌ ကွင်း ၃ ကွင်း ရှိသည်။ ထိုကွင်းတို့၏အဝန်းသည် အလွန်ကျယ်ဝန်းကြီး မား၍ အတွင်းအကျဆုံးသော ကွင်း၏ အနားမှာ အပြင်ဖက် အကျဆုံး အနားသို့ မိုင်ပေါင်း ၄၃၅ဝဝ မျှ ကျယ်၏။ ထိုကွင်းတို့၏ အထူမှာ ၁ဝ မိုင်ခန့်ရှိမည်။ ဆက်တန်ဂြိုဟ် သည် ဝင်ရိုးပေါ်၌ တပတ်လည်ရန် ၁ဝ နာရီ ၁၄ မိနစ်ကြာ သည်။ ဆက်တန်ဂြိုဟ်၏ ကွင်းများသည် ၁၅ နှစ်ခန့်တွင် တစ်ကြိမ် ကမ္ဘာဖက်သို့ ထောင်လိုက်တည့်တည့်ကျသဖြင့် ကမ္ဘာမှ ထိုကွင်းများကို အလွန်အားကောင်းသော တယ်လီ စကုပ်ဖြင့် ကြည့်သော်ငြားလည်း မမြင်ရသလောက်ရှိသည်။ ယူရေးနပ်၊ နက်ပကျွန်းနှင့် ပလူတိုဂြိုဟ်တို့၏ အကြောင်း ကိုမူ အနည်းအကျဉ်းမျှသာ သိရှိရသေးသည်။ ကမ္ဘာမှ အလွန် တရာ ဝေးကွာလှသောကြောင့် အလွန် အားကောင်းသော တယ်လီစကုပ်ဖြင့် ကြည့်လင့်ကစား ထွန်းလင်းနေသော ကောင်းကင်တန်ဆာကလေးများအဖြစ်မှလွဲ၍ အခြားမည်သည့် အကြောင်းအချက်များကိုမျှ မတွေ့မြင်ရပေ။ဂျူပီတာ၊ ဆက်တန် တို့နှင့် နှိုင်းစာလျှင် ယူရေးနပ်နှင့် နက်ပကျွန်းတို့သည် သေး ငယ်သော်လည်း ကမ္ဘာနှင့်နှိုင်းစာလျှင်ကား အလွန်ပင် ကြီးမား ပေသည်ဟု နက္ခတ္တဗေဒပညာရှင်တို့က ယူဆကြသည်။ မာကျူရီ၊ ဗီးနပ်၊ ပလူတိုတို့မှလွဲ၍ အခြားဂြိုဟ်များ၌ အရံ ဂြိုဟ်များ ရှိသည်။ ပလူတို၌ အရံဂြိုဟ် မရှိတန်ရာဟု ယူဆ ထားသည်။ ကျွန်ုပ်တို့ ကမ္ဘာကို လှည့်ပတ်နေသောလသည် ကမ္ဘာ၏ အရံဂြိုဟ်ဖြစ်၏။ မား၌ အလွန်ငယ်သော အရံဂြိုဟ် ၂ လုံးရှိသည်။ ဂျူပီတာ၌ အရံဂြိုဟ် ၁၁ လုံး၊ ဆက်တန်၌ ၉ လုံး၊ ယူရေးနပ်၌ ၅ လုံး၊ နက်ပကျွန်း၌ ၁ လုံး အသီးသီး ရှိကြသည်။ အာကာသလောကတွင် ပလူတိုကိုလွန်၍ အခြားဂြိုဟ်များကို ရှိကောင်းရှိပေဦးမည်။ဂြိုဟ်သစ်များကို ရှာဖွေသော လုပ်ငန်းမှာ စတင်ခဲ့ပြီဖြစ်ရာ နောင်အခါ မည်သို့သော ဂြိုဟ်များကို ထပ်မံ တွေ့ဦးမည်ကို စောင့်ကြည့်ရန်သာ ရှိပေသည်။ မြန်မာအခေါ်၌ ဂြိုဟ်ဟူသည်မှာ အိမ်၊ သို့မဟုတ် ဗိမာန် ဟု အဓိပ္ပာယ်ရ၏။ နေကို တနင်္ဂ‌နွေဂြိုဟ်မင်း လကို တနင်္လာ ဂြိုဟ်မင်းဟူ၍ သတ်မှတ်သည်။ အထက်က ပြဆိုခဲ့သော အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေဂြိုဟ်တို့အပြင် ရာဟု ဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟုလည်း ရှိသေးသည်။ အောက်ပါဇယား၌ ဂြိုဟ်များကို သိပ္ပံပညာအရ၎င်း၊ သက္ကဋ ပါဠိ၊ ဟင်ဒီ၊ မြန်မာ အခေါ်များအရ၎င်း၊ အစဉ်အတိုင်း နှိုင်း ယှဉ်၍ ပြလိုက်သည်။ သိပ္ပံပညာ သက္ကဋ /ပါဠိ ဟင်ဒီ မြန်မာ မာကျူရီ ဗုဓ ဗုဒ္ဓ ဗုဒ္ဓဟူးဂြိုဟ် ဗီးနပ် ဂုကြ ဂုကြ သောကြာ ကမ္ဘာ -- ပထွီ Ó ပထဝီ -- မား မံဂလ / အင်္ဂါရ မံဂလ အင်္ဂါ ဂျူပီတာ ဗဟသ္မတိ / ဂုရု ဗဟသ္မတိ /ဂုရု ကြာသပတေး ဆက်တန် ဂနိ ဂနိ စနေ ယူရေးနပ် -- ဝါရုဏ -- နက်ပကျွန်း -- ဟရိဂြဟ(ဂြိုဟ်စိမ်း) -- ပလူတို -- ပီတဂြဟ -- -- ရာဟု -- ရာဟု -- ကေတု -- ကိတ် -- နေ -- တနင်္ဂနွေ -- လ -- တနင်္လာ

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)