ကမာကူရ ဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
ကမာကူရ ဗုဒ္ဓရုပ်ပွားတော်

ကမာကူရ ဗုဒ္ဓရုပ်ပွားတော်(ကိုးတိုကုအိန် (高徳院?)) သည် ဂျပန်နိုင်ငံ၊ ကမာကူရမြို့၌ တည်ရှိပြီး၊ ဂျပန် ရောက်သူတိုင်း သွားဖူးသော ဗုဒ္ဓ ရုပ်ပွားတော် ဖြစ်သည်။ ကမာကူရမြို့သည် ကျေးလက်မြို့ ဖြစ်သော်လည်း အလွန် ဖွံ့ဖြိုးပြီး၊ တိုက်တာများ ခေတ်မီလှပကာ ပေ ၂၀ အကျယ်သာ ရှိသော လမ်းများက ညီညာ ပြန့်ပြူး၍ သန့်ရှင်းသည်။ အများဆုံး ၁၀ ပေခန့်သာ ရှိသော ပလက်ဖောင်းများကို ကျောက်ပြား စီစီရီရီ ခင်းထား၍ သပ်ရပ်သည်။ ထို ကမာကူရမြို့သို့ တိုကျိုမှ ရထားစီးရပြီး၊ ဘူတာရုံမှ ဘုရားကြီးသို့ လမ်းလျှောက်ပါက နာရီဝက်၊ ဘတ်စ် စီးပါက ၁၀ မိနစ် ကြာသည်။

ဘုရားသမိုင်း[ပြင်ဆင်ရန်]

ခရစ်သက္ကရာဇ် ၁၂၄၃ တွင် သစ်သားဖြင့် စတင် ထုဆစ်ကိုးကွယ်သော ကမာကူရဘုရားကြီးသည် ၁၂၄၈ တွင် လေမုန်တိုင်းကြောင့် တန်ဆောင်းတော်နှင့် ရုပ်ပွားတော် ပျက်စီးသွား၍ ၁၂၅၂ တွင် ယခု ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော်ကြီးကို တည်ထား ကိုးကွယ်ရာ၊ ၁၂၁ တန် (ပေါင် ၂,၇၄,၄၂၈) [၁]လေးသည်။ အမြင့် ၁၃.၃၅ မီတာ (၄၃.၈ ပေ)၊ မျက်နှာတော် အရှည် ၂.၃၅ မီတာ (၇.၇ ပေ)၊ မျက်စိတော် အရှည် ၁ မီတာ၊ ပါးစပ်တော်အရှည် ၀.၈၂ မီတာ (၂.၇ ပေ)၊ နားရွက်တော်အရှည် ၁.၉ မီတာ (၆.၂ ပေ)၊ ဒူးနှစ်ဖက်ထိပ် ၉.၁ မီတာ (၂၉.၉ ပေ)၊ လက်မတော် လုံးပတ် ၀.၈၅ မီတာ (၂.၈ ပေ) ရှိသည်။

ကြေးကိုသွန်းသော ဤဆင်းတုတော်ကြီးကို ရုပ်တုဆရာ အိုနိုဂိုရိုအေမှန်နှင့် ထန်ဂျီဟိစမိုတို့က အမျိုးသမီး ဣဓနိုနိက္ခုနေနှင့် ရဟန်းတော် ဂျီကိုတို့၏ စေခိုင်းချက်အရ သွန်းလုပ်သည်။ ဆရာတော်သည် ရုပ်တုတော်ကြီး သွန်းလုပ်ရန် မူလကြံစည်သူဖြစ်သည့်ပြင် အထက်မှ အမိုးကာရန် တန်ဆောင်းဆောက်ခြင်းနှင့် လူအများ ကုသိုလ်ပါဝင်ရန် အလှူငွေ ကောက်ခံခြင်းကို ပြုခဲ့သည်။ ခရစ်နှစ်-၁၄၉၅ ဒီလှိုင်းကြီးရေအဟုန်ဖြင့် တန်ဆောင်းကြီး ပျက်စီးမျောပါသွားသော်လည်း ပလ္လင်ပေါ်၌ ကျန်ရစ်သော ရုပ်ပွားတော်ကြီး ထိခိုက်ဒဏ်ရာ လုံးဝမရှိပါ။

ခရစ်နှစ် ၁၉၂၃ စက်တင်ဘာလတွင် ငလျင်ကြီး လှုပ်စဉ်က ပလ္လင်တော် တစ်စိတ်တစ်ပိုင်း ပျက်စီးသော်လည်း ကိုယ်တော်၌ တစ်စုံတစ်ရာ ပျက်စီးခြင်း မရှိပါ။ ပလ္လင်ပျက်ကို ခရစ်နှစ် ၁၉၂၆တွင် ပြင်ဆင်သည်။

ရာသီဥတုဒဏ် ကာကွယ်နိုင်ရန် တန်ဆောင်ကြီးကိုလည်း ဆောက်လုပ်ခဲ့သော်လည်း၊ ၁၃၃၄ တွင် မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းကြီး မြေခပြန်ရာ၊ ဗုဒ္ဓဘာသာဝင်များ အားမလျှော့ဘဲ အသစ် ပြန်ဆောက်လှူသည်။ ၁၃၆၉ တွင် လေမုန်တိုင်းဒဏ်ကြောင့်ပင် ထပ် ပြိုပျက်ရာ၊ ဂျပန်ပြည်သူများ ထပ်မံ ဆောက်လုပ် လှူဒါန်းကြပြန်သည်။ ၁၄၉၈ တွင် ငလျင်နှင့် ဆူနာမီကြောင့် တန်ဆောင်းကြီး ပျက်စီးသော်၊ ကြေးသွန်းရုပ်ပွားတော်ကြီးသည် ယနေ့အထိ လေဟာပြင်၌ ထီးထီး တည်ကျန်ရစ်တော့သည်။

ခရစ်နှစ် ၁၉၆၀-၆၁၌ ပြင်ဆင်ကြသောအခါ ဥက္ခောင်းတော်ကြီး အလေးကို ခံနိုင်ရန် လည်တိုင်တော်ကို များစွာ ခိုင်မာစေခြင်း နှင့် ငလျင်လှုပ်ချိန်ဝယ် ပလ္လင်တော် ပေါ်၌ ကိုယ်လုံးတော်သည် အနည်းငယ် လှုပ်ခွင့်ရပါမှ ဆောင်းဒဏ်ကို ခံနိုင်မည် ဖြစ်၍ ထိုသို့ လှုပ်နိုင်အောင် စီမံခြင်းတို့ ပြုလုပ်ထားသည်။

ထူးခြားချက်[ပြင်ဆင်ရန်]

ဝိပဿနာ ကမ္မဋ္ဌာန်း ဈာန်ဝင်စားနေသည့် ပုံစံ ကမာကူရ ရုပ်ပွားတော်၏ ထူးခြားချက်မှာ မြန်မာနိုင်ငံမှ ကမ္မဋ္ဌာန်းထိုင်ရုပ်ပွားတော်များကဲ့သို့ လက်ဖဝါး နှစ်ဖက်ကို ထပ်မထားဘဲ လက်ချောင်းများကို 'ထ'ပုံစံ ကွေးထား၍ လက်မထိပ်ချင်း ထိထားခြင်း ဖြစ်သည်။ ဘုရားကြီးသည် ငလျင်ဒဏ်၊ ဆူနာမီဒဏ်များကို ကြံ့ကြံ့ခံလာရာ၊ ၁၉၂၃ ကန်တိုငလျင်ကြီးတွင် ဘုရားကြီး ပလ္လင်တော် ပျက်စီး၍ ၁၉၂၅ တွင် ပြန်လည် ပြုပြင်ရသည်။

ဘုရားဝင်းအတွင်း ဝင်ရောက်ရန် တဦးလျှင် ယန်း ၃၀၀ ပေးရ၍ ပြည်တွင်း ပြည်ပ ဘုရားဖူးများ အားလုံး လက်မှတ် ဝယ်ရသည်။ ပြတိုက် ဝင်ရောက်လေ့လာလိုလျှင် ယန်း ၂၀၀ ဖြစ်ပြီး၊ ဘုရားကြီး ပုံတူ ရုပ်ပွားတော်များ၊ ဓာတ်ပုံများ၊ ပန်းချီကားများ ရောင်းချပေးသော အမှတ်တရ အရောင်းဆိုင်တန်း၌ သုံးလက်မ သတ္တုရုပ်ပွားတော် တဆူကို ယန်း ၁၂၀၀ (မြန်မာငွေ ၁၀,၀၀၀ ကျော်) ဖြစ်ကာ ကိုးကွယ်ပါက ဘေးဥပဒ်ကင်းသည်ဟု နိုင်ငံခြား ဘုရားဖူးတိုင်းက ယုံကြည်ကြသည်။ မြန်မာနိုင်ငံတွင် ရွှေတိဂုံစေတီတော်မဟာမြတ်မုနိဘုရားကြီးပုဂံယဉ်ကျေးမှုနယ်မြေ စသည့် နေရာအနည်းငယ်၌သာ ဝင်ကြေး ကောက်ခံပြီး ပြည်တွင်း ဘုရားဖူးများ အခမဲ့ ဖူးမြော်နိုင်သော်လည်း ဂျပန်နိုင်ငံတွင် ကမာကူရ၊ နာရာ၊ အူရှိကု စသည့် ဗုဒ္ဓဘာသာ ဆိုင်ရာ ရုပ်ပွားတော်များ၊ ဂျပန်ရိုးရာ ဘာသာရေး ကျောင်းတော်များ၊ ပြတိုက်များ၊ အပန်းဖြေစခန်းများသို့ အခမဲ့ လုံးဝ ဝင်ခွင့် မရဘဲ၊ ပြည်တွင်းပြည်ပ ဘုရားဖူးများကို ဝင်ကြေးကောက်ခံပြီး နေ့စဉ် ဘုရားဖူးများဖြင့် စည်ကားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျိုတိုမှ တောင်လေးလုံးသို့ ဆောင်းပါး၊ ညွန့်မောင်(တောင်လေးလုံး)၊ မန္တလေးနေ့စဉ်၊ ၅-၁၁-၂၀၁၈၊ စာ - ၁၄
  2. ဝင်းထက်။ "ဂျပန်နိုင်ငံရှိ ကြည်ညိုဖွယ်ရာ ကမာကူရ ဗုဒ္ဓရုပ်ပွာ‌းတော်"။ 

ကိုဩဒိနိတ်: 35°19′01″N 139°32′09″E / 35.31684°N 139.53573°E / 35.31684; 139.53573