ဂီရိ ဆိုင်ကလုန်း မုန်တိုင်း

ဝီကီပီးဒီးယား မှ
(ဂီရိဆိုင်ကလုန်းမုန်တိုင်း မှ ပြန်ညွှန်းထားသည်)
Extremely Severe Cyclonic Storm Giri
အလွန်အမင်း ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အဆင့် ၄ (Saffir–Simpson scale)
အမြင့်ဆုံးအခြေအနေ ရောက်ခါနီးအချိန်တွင် တွေ့ရသော ဆိုင်ကလုန်းဂီရိ (အောက်တိုဘာ ၂၂၊ ၂၀၁၀)
ဖြစ်ပေါ်ခြင်းအောက်တိုဘာ ၂၀၊ ၂၀၁၀
ကွယ်ပျောက်ခြင်းအောက်တိုဘာ ၂၃၊ ၂၀၁၀
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၁၉၅ ကီလိုမီတာနှုန်း (တစ်နာရီ ၁၂၀ မိုင်နှုန်း)
1-minute sustained: ၂၅၀ ကီလိုမီတာနှုန်း (တစ်နာရီ ၁၅၅ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၅၀ mbar (hPa)၊ ၂၈.၀၅ inHg
(Estimated at 922 mbar (hPa; 27.23 inHg) by JTWC)
အသေအပျောက်တိုက်ရိုက် ၁၅၇ ဦး၊ သွယ်ဝိုက် ၁၀ ဦး
ပျက်စီးမှု$359 သန်း (၂၀၁၀ USD)
သက်ရောက်သည့် ဧရိယာမြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဂီရိ ဆိုင်ကလုန်း၏ လမ်းကြောင်း

ဘင်္ဂလားပင်လယ်အော်၌ စတင် ဖြစ်ထွန်းခဲ့သော ဂီရိ (GIRI) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ၂၀၁၀ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း တလျှောက် ဝင်ရောက် တိုက်ခတ်ပြီး အင်အားအလွန် ပြင်းထန်သည်။

Gategory အဆင့် ၂ ရှိ ဂီရိ မုန်တိုင်းသည် တနာရီလျှင် ၈၀ မိုင်နှင့်အထက်ထိ တိုက်ခတ်လာနိုင်ပြီး အင်အားပြင်းသော မုန်တိုင်းတခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သတိပေးခဲ့သည်။ မုန်တိုင်းအား အနီရောင် အဆင့်ထိ သတ်မှတ်ထားသည်။ ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ပင်လယ်ကမ်းရိုးတန်း တလျှောက်သို့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဝင်ရောက် တိုက်ခတ်သည်။ ယခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် စတုတ္ထမြောက် မုန်တိုင်းဖြစ်သဖြင့် မိုးလေ၀သ ဌာနများက 04B ဟုပညာရပ်ဆိုင်ရာ အမှတ်အသားဖြင့် မှည့်ခေါ်ထားပြီး မုန်တိုင်း အဆင့်ရောက်ရှိလာသည့်အခါ ဂီရိ ဟုအမည်မှည့်ခေါ်ခဲ့သည်။ ဂီရိ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြီးသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး စတင်ဖြစ်ပေါ်ရာနေရာမှာ ဘင်္ဂပင်လယ်အော် အရှေ့အလယ်ပိုင်းဖြစ်သည်။

ထိုသို့လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ အောက်တိုဘာ ၂၀ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး အားပိုမိုကောင်းလာခဲ့သည်။ ထိုအဆင့်တွင် တနာရီလေတိုက်နှုန်း မိုင်၄၅ ဝန်းကျင်သာရှိခဲ့သော်လည်း အောက်တိုဘာ ၂၂ ရက်နေ့တွင်မူ လိမ္မော်ရောင် အဆင့်သတ်မှတ်သည့် မုန်တိုင်းငယ်မှ အနီရောင် အဆင့်ရှိသည့် အားကောင်းသော မုန်တိုင်းအဖြစ်သို့ပြောင်းလဲခဲ့သည်။ လေတိုက်နှုန်းမှာလည်း မုန်တိုင်း၏ ဗဟိုချက်တွင်လေတိုက်နှုန်းမှာ အမြင့်ဆုံးတနာရီ ၇၅ မှ ၈၅ မိုင်ထိ ရောက်ရှိလာခဲ့သည်။ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင်၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ ထိုနေ့ ညနေ ၃နာရီခွဲ တိုင်းထွာချက်များအရ ဂီရိ မုန်တိုင်းသည် အားအလွန်ကောင်းသော ဆိုင်ကလုံး မုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိခဲ့ပြီး ရခိုင်ကမ်းရိုးတန်းသို့ ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အရ မုန်တိုင်းဗဟို ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ချိန်သည် အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲ ၂နာရီ၄၅ မိနစ်ဖြစ်ပြီး ညနေ ၅နာရီတွင် မုန်တိုင်းတခုလုံး ကုန်းတွင်းသို့ဝင်ရောက်ခဲ့သည်။

၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ဂီရိ မုန်တိုင်းကြီးမှာ ပျက်ပြယ်ခြင်း မရှိသေးပဲ ကုန်းတွင်းမုန်တိုင်း အဖြစ်ဆက်လက် တည်ရှိကာ မြန်မာနိုင်ငံ အတွင်းပိုင်းဖြစ်သည့် မန္တလေးတိုင်း နှင့်စစ်ကိုင်းတိုင်း အောက်ပိုင်းသို့ အရှေ့မြောက်ဘက်ဆီ ဦးတည်ကာ ရွှေ့လျားခဲ့ရာမှ အောက်တိုဘာ ၂၃ ရက်နေ့ညနေ ၅နာရီတိုင်းထွာချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း ဘုတလင်မြို့ အနီးတွင် အားပျော့ပျက်ပြယ်သွားခဲ့သည်ဟု ၂၃ ရက်နေ့ ည ထုတ်ပြန်ကြေညာခဲ့သည်။

သတင်းထုတ်ပြန်ချက်[ပြင်ဆင်ရန်]

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များတွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အားကောင်းလာနိုင်ခြင်းရှိ၊ မရှိစောင့်ကြည့်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဆက်လက်၍ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲတိုင်းထွာချက်တွင် ထိုနေ့မှ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ မုန်တိုင်း သတိပေးကြေညာချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။ အဝါရောင်အဆင့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာကြောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့နယ်များဘက်သို့ ဦးတည်နေကြောင်း၊ နောက် ၃၆ နာရီအတွင်း ကုန်းတွင်းပိုင်းကိုဝင်ရောက်နိုင်ကြောင်းဆက်လက်ကြေညာသည်။ အောက်တိုဘာလ၂၂ ရက်နေ့ နံနက် ၅ နာရီခွဲ တိုင်းထွာချက်တွင် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသော မုန်တိုင်းငယ်သည် ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေရာမှ ဂီရိအမည်ရှိဆိုင်ကလုန်းမုန်တိုင်းအဖြစ် အနီရောင်အဆင့်သို့ ရောက်ရှိလာကြောင်း ကြေညာသည်။ ထိုနေ့နံနက်မှနောက် ၁၈ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းသည်။ ဆက်လက်ကြေညာရာတွင် နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရကျောက်ဖြူမြို့ အနောက်တောင် ဘက်မိုင် ၇၀ ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မွန်းတည့် ၁၂ နာရီတွင်စစ်တွေနှင့်ကျောက်ဖြူ မြို့များအကြားမှ စတင်ဖြတ်ကျော်၍ ကုန်းတွင်းပိုင်းဝင်ရောက်စဉ် လေတိုက်နှုန်းသည် တစ်နာရီလျှင်မိုင် ၇၀ မှ ၇၅ မိုင်အထိရှိနိုင်ကြောင်း၊ ဒီရေအမြင့်ဆုံး ၁၂ ပေခန့် အထိ မြင့်တက်မည်ဟု ခန့်မှန်းကြောင်းကြေညာသည်။ ကျောက်ဖြူခရိုင်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့်အမ်းမြို့နယ်များ၊ စစ်တွေခရိုင်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ မြေပုံမြို့နယ်များကို မုန်တိုင်း ဒီရေအန္တရာယ်ကျရောက်နိုင်သည်ဟုဖော်ပြသည်။


မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီကလည်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်များကို စတင်ထုတ်ပြန်သည်။ ဆက်လက်၍ မုန်တိုင်း အန္တရာယ်ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် မြေပြိုကျမှု အန္တရာယ်များမှ ကြိုတင်ကာကွယ်တားဆီးရန် သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးသတိပေးနှိုးဆော်ချက်၊ မသန့်ရှင်းသော ရေကြောင့်ဖြစ်သောရောဂါများ ကာကွယ်ရေးနှိုးဆော်ချက်များ ထုတ်ပြန်ခဲ့သည်။

ဂီရိ မုန်တိုင်းဝင်ရောက်လာပုံ[ပြင်ဆင်ရန်]

အောက်တိုဘာလ ၂၂ ရက်နေ့ ၁၂ နာရီခွဲ တိုင်းထွာချက်ထုတ်ပြန်သောအခါ ဂီရိမုန်တိုင်းသည် အနီရောင် အရေးပေါ်အခြေအနေ အဆင့်ဖြစ်ပြီး ကျောက်ဖြူမြို့အနောက်ဘက် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုပြီး မုန်တိုင်းဗဟိုချက်သည် စစ်တွေနှင့် ကျောက်ဖြူမြို့အကြားမှ ယနေ့ညနေပိုင်းတွင် ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်မည်ဟုဆိုသည်။ ထိုနေ့ ၃ နာရီကျော်တွင် ဂီရိသည် အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ် ရောက်ရှိပြီး ကျောက်ဖြူမြို့အနီးမှ ဗဟိုချက်ဖြတ်ကျော်နေကြောင်းသိရှိရသည်။ အညိုရောင်အရေးပေါ်အဆင့်အဖြစ်ကြေညာခဲ့သည်။ မုန်တိုင်းကြီး၏ ဗဟိုချက်အနီးအမြင့်ဆုံး လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၁၀၀ ခန့်ရှိပြီး တစ်ခါတစ်ရံ မိုင် ၁၂၀ အထိရှိနိုင်သည်ဟုဆိုသည်။ ည ၇ နာရီအချိန်တွင် အားအလွန်ကောင်းလာသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ကျောက်ဖြူမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ နောင်တော်ကျွန်း၊ အဇင်ကြီးကျွန်းနှင့် ကျွန်းသာယာကျွန်းများအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နေသည်။


ဂီရိဆိုင်ကလုန်းမုန်တိုင်းကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဆင့် ၂ ရှိသော မုန်တိုင်းဟုဆိုသည်။ Saffir Simpson Scale (Hurricanes)စနစ်ဖြင့် အဆင့်ခွဲခြားသတ်မှတ်ချက်အရဆိုလျှင် အဆင့် ၂ သည် လေတိုက်နှုန်း တစ်နာရီလျှင် ၉၆မိုင်မှ မိုင် ၁၁၀ အထိရှိသည်။ ပြင်းအားကို 'သင့်' ဟုသတ်မှတ်သည်။ လှိုင်းကြီးမှု ခြောက်ပေမှ ရှစ်ပေအထိမြင့်သည်ဟု ဆိုသည်။ Enhanced Fujita Scale (Tornadoes) စနစ်ဖြင့် အဆင့်ခွဲခြား သတ်မှတ်ချက်အရဆိုလျှင် အဆင့် ၂ သည် လေတိုက်နှုန်း တစ်နာရီလျှင် မိုင်၁၁၀ မှ ၁၃၅ မိုင်အထိရှိသည်။ ပျက်စီးမှုကို 'ပြင်းထန်' ဟုသတ်မှတ်သည်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းကို စီအင်အင် သတင်းဌာနက ကြေညာရာ၌ တစ်နာရီလျှင်မိုင် ၁၄၀ အထိလေတိုက်နှုန်းရှိသည်ဟုဆိုသည်။ အယ်လ်ဂျဇီးရား ရုပ်သံကမူ ၁၅၅ မိုင်နှုန်းအထိ တိုက်ခတ်သည်ဟု ထုတ်လွှင့်သည်။ ပြင်ပမီဒီယာအချို့က ဂီရိမုန်တိုင်းကို ပြင်းအား အဆင့် ၄ ဟုသတ်မှတ်သည်များရှိသည်။ အဆိုပါမုန်တိုင်းသည် အောက်တိုဘာလ ၂၃ ရက်တွင် ရခိုင်ရိုးမကိုဖြတ်ကျော်ပြီး အရှိန်မသေဘဲ မကွေးတိုင်းဒေသကြီးမှ မန္တလေးတိုင်းဒေသကြီးရှိ ညောင်ဦးမြို့ အနီးတစ်ဝိုက်တွင် မွှေနှောက်တိုက်ခတ်ခဲ့သည်။ ထို့နောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားရာ၂၃ ရက်နေ့ညနေတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြောင်မြို့နယ် (မုံရွာမြို့ အရှေ့မြောက်ဘက်မိုင် ၃၀ ခန့်အကွာ) တွင် ရပ်၍မွှေနှောက်သည်။ ညနေ ၅ နာရီခွဲတွင် မုံရွာမြို့မြောက်ဘက် မိုင်၂၀ ကျော်ရှိ ဘုတလင်မြို့တွင် နောက်ဆုံးတိုက်ခတ်ခဲ့ပြီးမှ လေဖိအားနည်းရပ်ဝန်း အားပျော့ပျက်ပြယ်သွားခဲ့သည်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြီးသည် အောက်တိုဘာလ ၂၂ ရက်နေ့နှင့် ၂၃ ရက် နေ့များတွင် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံကုန်းတွင်းပိုင်း မိုင် ၃၀၀ ကျော်အထိ ဖြတ်ကျော် ဝင်ရောက်ခဲ့သည့် ထူးခြားသော မုန်တိုင်းကြီး ဖြစ်ကြောင်း သိရှိရသည်။


ပျက်စီး ဆုံးရှုံးမှု[ပြင်ဆင်ရန်]

ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် မြို့နယ် ခုနစ်မြို့နယ် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့သည်။ မကွေးတိုင်းဒေသကြီးတွင် ခုနစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးမြို့နယ် မုန်တိုင်းဒဏ်သင့်၍ ပျက်စီး ဆုံးရှုံးမှုများရှိခဲ့သည်။ ကျေးရွာပေါင်း ၇၁ ရွာမုန်တိုင်း ဒဏ်ခံခဲ့ရသည်။ အနည်းဆုံးလူဦးရေ ၂,၆၀,ဝဝဝ မျှ မုန်တိုင်း ဒဏ်ခံခဲ့ရပြီး လူပေါင်း ၁၀çဝဝဝ တို့မှာ ဆိုးရွားစွာခံခဲ့ရသည်။

မုန်တိုင်းသတိပေးနှိုးဆော်ချက်များအားကောင်းမှု၊ သတင်းနှင့်ဆက်သွယ်ရေး မီဒီယာ၏ ထိရောက်မှု၊ ဒေသဆိုင်ရာရှိ ပြည်သူများ၏ သတိရှိမှု၊ နိုးကြားမှု၊ ကြိုတင်တိမ်းရှောင်ရန် အတွေ့အကြုံရှိမှုတို့ကြောင့် ဤမျှဖျက်အားကြီးသော မုန်တိုင်းဒဏ်ကို ခံရပြီး စစ်တမ်းများအရ ၄၅ ဦး သာသေဆုံးခဲ့သည်။ မုန်တိုင်း၏ ဗဟိုချက်လမ်းကြောင်းတွင်ရှိသော မြေပုံမြို့တွင် ပျက်စီးမှု ရာခိုင်နှုန်း ၉၀ ရှိသည်။ ကျောက်ဖြူမြို့သည် ရာခိုင်နှုန်း ၇၀ ပျက်စီးသည်။ မင်းပြား၊ စစ်တွေ၊ အမ်း၊ ပေါက်တော၊ မာန်အောင်မြို့နယ်များနှင့် ထိုမြို့နယ်များရှိကျေးရွာများစွာ အထိနာ ခဲ့သည်။ ထို့အပြင် မကွေးတိုင်းဒေသကြီးတွင်လည်း ဧရာဝတီမြစ်ရေ ရိုက်ခတ်မှုဒဏ်ကို မြို့အတော်များများ အလူးအလဲခံခဲ့ရသည်။ လူအသေအပျောက်အနည်းငယ်သာရှိသည်။


အကူအညီများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့်လူမှုရေး အဖွဲ့များ၊ ကုလသမဂ္ဂလက်အောက်ခံ ဒဗလျူအက်ဖ်ပီ၊ ယူအင်ဒီပီ၊ ယူနီဆက်ဖ်စသော အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက မုန်တိုင်းသင့်ဒေသများသို့ အမြန်ဆုံးသွားရောက်၍ အကူအညီပေးခဲ့သည်။ နိုင်ငံအများအပြားကလည်း ဂီရိမုန်တိုင်းဒဏ်ခံရသည့် မြန်မာနိုင်ငံမှ ပြည်သူလူထုကို စာနာထောက်ထားသောအားဖြင့်အလှူငွေများ၊ ပစ္စည်းများ၊ ဆေးဝါးများကို ကူညီပံ့ပိုးပေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သို့ရောက်ရှိပြီး မုန်တိုင်းသင့်ဒေသများရှိ ပြည်သူလူထုကို အားပေးစကားပြောကြားသည်။ မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်များ၊ ကျေးရွာများသို့ သွားရောက်လှည့်လည်အားပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)