ချည်ခင်စွတ်ငှက်
Ciconia episcopus | |
---|---|
![]() | |
Mangaon, Raigad, Maharashtra India | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Ciconiiformes |
မျိုးရင်း: | Ciconiidae |
မျိုးစု: | Ciconia |
မျိုးစိတ်: | C. episcopus
|
ဒွိနာမ | |
Ciconia episcopus (Boddaert, 1783)
|
ချည်ခင်စွတ်ငှက် (Ciconia episcopus) သည် ကြီးမားသောရေငှက်တစ်မျိုး ဖြစ်သည်။ ငှက်ကျားမျိုးရင်း တွင် ပါဝင်သည်။ သိပ္ပံအမည်မှာ စီကိုးနီးယား အက်ပီစကိုးပတ် ဖြစ်သည်။ သားပေါက်ရာတွင် တစ်ကောင်ချင်း (သို့မဟုတ်) အုပ်စုကလေးများဖြင့် ကျက်စားတတ်သည်။ သစ်တောများအတွင်းရှိ နွံတောများ၊ စိုက်ပျိုးမြေများနှင့် စိမ့်တောများအပါအဝင် သဘာဝပတ်ဝန်းကျင်မျိုးစုံတွင် ကျက်စားသည်။ ချည်ခင်စွတ်ငှက်သည် အာဖရိကတိုက်နှင့် အာရှတိုက်အရှေ့ပိုင်းနိုင်ငံများ အနှံ့အပြားတွင်တွေ့ရှိရသည်။[၂][၃] မြန်မာနိုင်ငံအတွင်းတွင်လည်း ချည်ခင်စွတ်ငှက်သည် တစ်နှစ်ပတ်လုံး ရှိတတ်သည်။
သွင်ပြင်လက္ခဏာ
[ပြင်ဆင်ရန်]ချည်ခင်စွတ်ငှက်သည် အလျား ၃၆ လက်မခန့် ရှိသည်။ ခြေတံအလွန်ရှည်သည်။ နှုတ်သီးရှည်၍ သန်မာသည်။ အတောင် ကျယ်ပြန့်သည်။ ပျံသန်းရာတွင် အလွန်မြန်၍ လင်းတများကဲ့သို့ အလွန်မြင့်မားစွာလည်း ပျံနိုင်သည်။ ချည်ခင်စွတ်ငှက်၏ အသံသည် အောသည်။ အာခေါင်သံနှင့် ဝက်ကဲ့သို့ မြည်သည်။ သို့သော် ဆောင်းရာသီ၌ အသံမပေးဘဲ နေတတ်သည်။
ရေကောင်းစွာရသော ဒေသများတွင် တစ်ကောင်ချင်းသော်လည်းကောင်း၊ စုံတွဲသော်လည်းကောင်း၊ အုပ်ဖွဲ့၍သော်လည်းကောင်း တွေ့ရတတ်သည်။ ရေလွှမ်းမိုးသောနေရာနှင့် လယ်ကွင်းများတွင်လည်း အစာရှာဖွေ၍၊ ဖား၊ ငါး၊ တီကောင်နှင့် ပိုးမွှားများကို စားသည်။ စရိုက်အားဖြင့် ငြိမ်သက်စွာ နေတတ်သည်။
ချည်ခင်စွတ်ငှက်သည် မိုးဦးကျတွင် သားပေါက်သည်။ အသိုက်ကို သစ်ကိုင်းပေါ်တွင် တုတ်ချောင်း၊ သစ်ကိုင်းများဖြင့် လုပ်၍ ကောက်ရိုး၊ မြက်၊ ငှက်မွှေး၊ ငှက်တောင်တို့ဖြင့် ကာရံထားသည်။ တစ်မြုံလျှင် ဥ ၃၊ ၄ လုံး ရှိတတ်၍ ဥများမှာ လက်ဦးတွင် အဖြူရောင်ဖြစ်သော်လည်း နောင်အခါ ညိုမည်းသွားသည်။ ဥအရွယ်မှာ ပျမ်းမျှအလျား ၂.၅ဝ လက်မနှင့် ပြက် ၁.၈၃ လက်မခန့်ရှိသည်။ အသိုက်ကို လက်ပံပင်ထက်၌ ဖွဲ့တတ်သည်။ ချည်ခင်စွတ်ငှက်သည် သစ်ပင်တစ်ပင်တည်းကို သာစွဲ၍ နှစ်စဉ်နှစ်တိုင်း အသိုက်ဖွဲ့တတ်သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2020). "Ciconia episcopus". IUCN Red List of Threatened Species 2020. IUCN.
- ↑ Sundar, K.S. Gopi (2020). "Woolly-necked Stork - a species ignored". SIS Conservation 2: 33–41. 12 April 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . မော်ကွန်းတင်ပြီးမိတ္တူ။ 12 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 October 2021 တွင် ပြန်စစ်ပြီး။
- ↑ "Known and potential distributions of the African Ciconia microscelis and Asian C. episcopus Woollyneck Storks" (2020). SIS Conservation 2.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)