ချစ်သောင်း
သီရိပျံချီ နိုင်ချစ်သောင်း | |
---|---|
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ကတိုးကော့နှပ်ရွာ မော်လမြိုင်မြို့၊ ဗြိတိသျှဘားမား | ၁၆ အောက်တိုဘာ၊ ၁၈၉၉
ကွယ်လွန် | ၉ ဇူလိုင်၊ ၁၉၈၇ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၈၇)
ကြင်ဖော်(များ) | ဒေါ်လှမြင့် |
မိခင်ကျောင်း | အင်ပီရီယာကောလိပ် လန်ဒန်တက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံ့ဝန်ထမ်း |
ကျော်ကြားမှု | ဓာတုဗေဒမင်းကြီး စက်မှုလက်မှု၊ သတ္တုတွင်း၊ အလုပ်သမားနှင့် ယဉ်ကျေးမှု ဝန်ကြီး |
ဆုတံဆိပ်များ | နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) သီရိပျံချီဘွဲ့ (၁၉၅ဝ) |
နိုင်ချစ်သောင်း (၁၈၉၉- ၁၉၈၇) သည် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) နှင့် သီရိပျံချီဘွဲ့ရ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဖြစ်ခဲ့ပြီး လူမှုရေး၊ ဘာသာရေး၊ ပညာရေးစသော အဖွဲ့အစည်းများ တွင် ပါဝင် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]နိုင်ချစ်သောင်းကို ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကိုလိုနီခေတ် မော်လမြိုင်မြို့ ကတိုးကော့နှပ်ရွာ၌ အဖ နိုင်အောင်ဒွန်းနှင့် အမိ ဒေါ်မြမေတို့ကမွေးဖွားသည်။ ဗုဒ္ဓဘာသာ မွန်လူမျိုးဖြစ်သည်။
မော်လမြိုင်မြို့ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်း၌ ပညာသင်ကြားရာ ၁၉၁၆ ခုနှစ်တွင် သတ္တမတန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင်သဖြင့် အထက်တန်းပညာ စကောလားရှစ်ဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၁၉ ခုနှစ်တွင် ၁ဝ တန်းစာမေးပွဲကို ဘာသာရပ် ရှစ်ဘာသာရှိသည့် အနက် ခုနစ်ဘာသာ ဂုဏ်ထူး (အင်္ဂလိပ်စာ၊ စိတ်ကြိုက် အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ၊ သင်္ချာ တစ်၊ သင်္ချာနှစ်၊ ပထဝီ) ဖြင့် အောင်မြင်ခဲ့ပြန်သောကြောင့်ကော လိပ်တက်ရန် ပညာသင်ဆုရရှိခဲ့ပြန်သည်။
ပညာရေး
[ပြင်ဆင်ရန်]ကောလိပ်ကျောင်းတွင် ဥပစာတန်းကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များ၌ဂုဏ် ထူးဖြင့် အောင်မြင်ခဲ့ပြန်ပြီး ၁၉၂၃ ခုနှစ်တွင်သိပ္ပံဘွဲ့ကိုဓာတုဗေဒ ဂုဏ်ထူးတန်းဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပြန်သည်။ သိပ္ပံဘွဲ့စာမေး ပွဲဖြေဆိုရာ၌ တစ်တန်းလုံး အမှတ်အများဆုံး ရသဖြင့်ဦးရွှေလေး ၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်းခံရသည်။
ထို့ပြင် နိုင်ငံခြားပညာတော်သင် ဆုကိုလည်းရရှိခဲ့သဖြင့် အင်္ဂလန်နိုင်ငံသို့သွားရောက်၍ အင်ပီရီယာ ကောလိပ်နှင့်တော်ဝင် သိပ္ပံကောလိပ်၌ ပညာဆက်လက်ဆည်းပူးခဲ့ရသည်။ ဓာတုဗေဒ ပညာရပ်များကို ဆက်လက်ဆည်းပူးခဲ့ပြီး ၁၉၂၆ ခုနှစ်မှ ၁၉၂၈ ခုနှစ်အတွင်း ဓာတုဗေဒပညာရပ်ကို သုတေသနပြုခဲ့သဖြင့် မဟာ သိပ္ပံ (သုတေသန) ဘွဲ့ကို လန်ဒန် တက္ကသိုလ်မှ ရရှိခဲ့သည်။ ထို့ပြင် D.I.C, A.R.C.S နှင့် F.C.S ဘွဲ့များကို လည်းရရှိခဲ့သည်။
နိုင်ငံ့ဝန်ထမ်း
[ပြင်ဆင်ရန်]ထို့နောက် ၁၉၂၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတု ဗေဒဌာန၌ လက်ထောက် ကထိကအဖြစ် အမှုထမ်းခဲ့ပြီး ၁၉၃ဝ ပြည့်နှစ်တွင် နိုင်ငံတော် ဓာတုဗေဒ မင်းကြီးအဖြစ် ခန့်အပ်ခြင်းခံ ခဲ့ရသည်။
နိုင်ချစ်သောင်းသည် ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရလက်ထက် တွင် စက်မှုလက်မှု၊ သတ္တုတွင်း၊ အလုပ်သမားနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနများ၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ထို့နောက် အိမ်စောင့်အစိုးရ သက်တမ်းပြီးဆုံး၍ ဝန်ကြီးချုပ် ဟောင်း ဦးနုလက်ထက်တွင် အကြံပေးကော်မတီ လူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ အစိုးရ၏တာဝန် ပေးချက်အရ မွန်ရေးရာ အဖွဲ့တွင်လည်း အဖွဲ့ဝင်လူကြီးအဖြစ် ၁၉၅၄ ခုနှစ်မှ ၁၉၆၂ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။
နိုင်ချစ်သောင်းအား ၁၉၅ဝ ပြည့်နှစ်တွင် နိုင်ငံတော်က သီရိပျံချီဘွဲ့ကိုချီးမြှင့်အပ်နှင်းခဲ့သည်။ ထို့ပြင် ၁၉၈ဝ ပြည့်နှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် ကောင်စီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ကို နိုင်ချစ်သောင်းအား ချီးမြှင့်အပ်နှင်းခဲ့သည်။
နိုင်ချစ်သောင်းသည် နိုင်ငံတော်တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက် ခဲ့ရရာ ၁၉၅၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒနှီးနှောဖလှယ်ပွဲ တက် ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် ချစ်ကြည်ရေးအဖွဲ့ကို ခေါင်းဆောင်၍ တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများသို့ လည်းကောင်း သွားရောက်ခဲ့သည်။
နိုင်ချစ်သောင်းသည် နိုင်ငံတာဝန်သာမက လူမှုရေး၊ ဘာသာရေး၊ ပညာရေးစသော အဖွဲ့အစည်းများ တွင်ခံခိုင်လည်း ပါဝင် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။ ရွှေတိဂုံဂေါပကအဖွဲ့ နာယက အဖွဲ့ဝင် တစ်ဦးအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဥက္ကဋ္ဌ (၁၉၅၇-၁၉၅၉) အဖြစ် လည်းကောင်း၊ မြို့မ အမျိုးသား အထက်တန်းကျောင်းအုပ်ချုပ်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဇီဝိတဒါနဆေးရုံ (ဗဟန်း) ၏ အုပ် ချုပ်မှု ကော်မတီဥက္ကဋ္ဌ (၁၉၇၄-၁၉၈၂) အဖြစ်လည်း ကောင်း၊ ရာမည တိုင်းလုံးဆိုင်ရာ မွန်အသင်းကြီး၏ ဥက္ကဋ္ဌအ ဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
မိသားစု
[ပြင်ဆင်ရန်]ဦးချစ်သောင်း သည် ၁၉၃၆ ခုနှစ်တွင် ဒေါ်လှမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသုံးယောက်ထွန်းကားခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ရသီရိပျံချီဦးချစ်သောင်း သည် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ကွယ် လွန်သည်။ ကွယ်လွန်ချိန်တွင် သားနှစ်ယောက်ကျန်ရစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)