သစ်တောရေးရာဝန်ကြီးဌာန

ဝီကီပီးဒီးယား မှ

ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး သဘောတူညီချက်အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (Ministry of Environmental Conservation and Forestry) အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးဖြစ်သည်။[၁]

မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်း စုစုပေါင်း စတုရန်းမိုင် ၂၆၁,ရ၆ဝ ရှိသည့်အနက် ၅၅.၅ ရာခိုင်နှုန်း၊ သို့မဟုတ် ၁၄၅,၃ဝ၃ စတုရန်းမိုင်မှာ သစ်တောများ ဖြစ်ကြ သည်။ ယင်းတို့အနက် ၃၄,၆၈ရ စတုရန်းမိုင်မှာ သစ်တောကြိုးဝိုင်းများဖြစ်၍ ၁၁၆,ဝ၁၆ စတုရန်းမိုင်မှာ ကြိုးပြင် သစ်တောများ ဖြစ်ကြသည်။ သစ်တောများပေါ်တွင် အဓိက မှီခိုနေရသည့်အားလျော်စွာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အစိုးရဝန်ကြီးဌာနတခုအနေဖြင့် စီမံအုပ်ချုပ်လေသည်။ သစ်တောများသည် တိုင်းပြည်၏ အဖိုးအနဂ္ဃထိုက်တန် သော ပစ္စည်းများဖြစ်ကြသည့်ပြင် ရာသီဥတု မျှတမှန်ကန်ခြင်း၊ ရေဖူလုံအောင်ရရှိခြင်းနှင့် မြေဩဇာထိန်းသိမ်းခြင်း စသည်တို့ အတွက် ထိန်းသိမ်းကာကွယ်နိုင်သော အကျိုးကျေးဇူးများ ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ တောတောင် ထူထပ်ပေါများသော တိုင်းပြည်များတွင် သစ်တောများ ထိန်းသိမ်းခြင်း ချွတ်ယွင်းပါက အောက်ပိုင်းတွင် ရှိသော မြေညီများတွင် ရေစီးကမ်းပြိုခြင်း၊ နွံများ ဖုံးလွှမ်းခြင်း၊ မြေဩဇာ လျော့ပေါ့ခြင်းနှင့် ရေကြီးခြင်း စသော ဘေးအန္တရာယ်များ တွေ့ရှိတတ်သည်။

ထိုအကျိုးကျေးဇူးများအပြင် ထာဝစဉ် သစ်တောထွက် ပစ္စည်းများ ရရှိရေး၊ သစ်တောများ အဓွန့်ရှည်စွာ တည်မြဲရေးနှင့် တိုးပွားရေးတို့ အတွက် စည်းကမ်းတကျ အုပ်ချုပ်လုပ်ကိုင်နိုင်ရန် ကွက်စိတ် စီမံကိန်းများ ရေးဆွဲ၍ ယင်းအတိုင်း စီမံခန့်ခွဲ ထိန်းသိမ်း စောင့်ရှောက်ရသည်။ သစ်တောများကို တိုင်းကြီး ငါးတိုင်းနှင့် ရှမ်းပြည်နယ်ဟု သတ်မှတ် ပြီးလျှင် ယင်းတို့ကို တစ်ဖန် သစ်တောခရိုင် ၃၅ ခရိုင် ခွဲကာ သစ်တောမင်းကြီးချုပ်၊ သစ်တောမင်းကြီးများ၊ သစ်တောခရိုင်ဝန်များနှင့် အခြား အရာထမ်း အမှုထမ်းများက အုပ်ချုပ်သွားလေသည်။

သစ်တောအုပ်ချုပ်မှု စီမံကိန်းနှင့် သုတေသန[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် သစ်တောဌာနမှ အုပ်ချုပ် သော စတုရန်း မိုင်ပေါင်း ၁၈၅,၃ဝရ တို့အတွက် အသေးစိတ် သစ်တောအုပ်ချုပ်မှု ကွက်စိတ်များ ရေးဆွဲရသည်။ ထိုစီမံကိန်းများသည် ၁ဝ နှစ်မှ ၁၅ နှစ်အတွက် ရေးဆွဲသော စီမံကိန်းများဖြစ်ရာ ကုန် ဆုံးသောအခါ သက်ဆိုင်သည့် နယ်အတွင်း စုဆောင်းရရှိသော ကိန်းဂဏန်းများ၊ ဗဟုသုတများ၊ အကြံ သစ် ဉာဏ်သစ်များနှင့် လက်ရှိ လိုလားသော အခြေအနေကိုထောက်၍ စီမံကိန်းအသစ်များကို ရေးဆွဲရသည်။

သစ်တောစိုက်ပျိုးရေး[ပြင်ဆင်ရန်]

ပြည်တွင်းရှိ သစ်ပင်များ မျိုးဆက်ရေး၊ ကြီးပွားရေး၊ နမူနာစုဆောင်းရေး၊ စမ်းသပ်ရေး စသည့် လုပ်ငန်းများပြုလုပ်ရသည်။ ထိုပြင် သစ်စေ့စုဆောင်း ခြင်း၊ ပျိုးခင်းမှ သစ်ပင်ပေါက်များ ဖြန့်ဖြူးဝေငှခြင်း၊ အပူပိုင်းဒေသနှင့် သင့်တော်သော သစ်ပင်မျိုးစုံကို စမ်းသပ် စိုက်ပျိုးခြင်း၊ ပြည်ပသစ်ပင်များကို စမ်းသပ် စိုက်ပျိုးခြင်း၊ ဘယဆေးပင်များ စုဆောင်းပေးခြင်းများကို ဆောင်ရွက် လုပ်ကိုင်ကြရသည်။

သစ်တော ဘောဂဗေဒ[ပြင်ဆင်ရန်]

ဤဌာနခွဲ၏ လုပ်ငန်းများမှာ သစ်တောထွက် ပစ္စည်း ကိန်းဂဏန်း များ စုဆောင်းခြင်း၊ နည်းသစ် လမ်းသစ်များရှာဖွေခြင်း၊ ရောင်းတန်းမဝင်သေးသော သစ်မျိုးများကို ရောင်းချနိုင်ရန် စီစဉ်ခြင်း၊ အသေးအဖွဲဖြစ်သော သစ်တောထွက်ပစ္စည်းများ ပိုမိုကောင်းမွန်စွာ ထွက်ရန် ကူးသန်းရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့် ကိန်းဂဏန်းများ စုဆောင်းခြင်းနှင့် နိုင်ငံခြားဆက်သွယ် သော လုပ်ငန်းများ ဖြစ်သည်။ ထိုပြင် သစ်သား နမူနာမျိုးစုံ ရရှိရေးနှင့် ယင်းတို့ မည်သို့ မည်ပုံ အသုံးဝင်ကြောင်း မှတ်ချက်များနှင့်အတူ မြန်မာသံရုံများ သို့၎င်း၊ အခြားအလိုရှိသော ပုဂ္ဂိုလ်များနှင့် သုတေသန ဌာနများသို့၎င်း ဖြန့်ဖြူးရသည်။

သစ်ထုတ်လုပ်ရေး[ပြင်ဆင်ရန်]

သစ်များ ပိုမိုထုတ်ယူရန် အတွက် ကျွန်းပင် သင်းသတ်ခြင်းနှင့် သစ်မာများ ထုတ်လုပ်ခြင်းကို ဆောင်ရွက်ရသည်။ မြန်မာနိုင်ငံ သစ်လုပ်ငန်းအဖွဲ့၏ အကူအညီဖြင့် တစ်နှစ် တစ်နှစ်လျှင် ကျွန်းပင်ပေါင်းများစွာကို သင်းသတ်ခဲ့ရသည်။ ထိုပြင် ရောင်းဝယ်ရေးအတွက် ထင်း၊ မီးသွေး၊ ဝါး၊ ကြိမ်၊ ချိပ်နှင့် ရှားများကိုလည်း ထုတ်ယူသည်။ အရေးကြီးသော သစ်တောလမ်းများကို တစ်နှစ်ပတ်လုံး မော်တော်ယာဉ်များဖြင့် သစ်များထုတ်ယူနိုင်ရန် ကျောက်လမ်းများခင်းပေးခြင်း၊ လမ်းများမရှိသေးသည့် နေရာများတွင် အသစ်ဖေါက်လုပ်ခြင်းများကိုလည်း စီစဉ်ရသည်။

လူဦးရေအများဆုံးဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ ဟံသာဝတီနှင့် ရန်ကုန်ခရိုင်များတွင် မြစ်ဝကျွန်းပေါ် ပင်လယ်ရေမြုပ်တောများမှထွက်သော ကနစိုထင်းကိုသာ အသုံးပြုကြသည်။ ကနစိုသည် အလွန် ခိုင်ခန့်၍ သစ်အဖြစ် များစွာအသုံးပြုထိုက်သော သစ်ကောင်းတစ်မျိုးဖြစ်ကြောင်း တွေ့ရသည်။ ထိုကြောင့် ထင်းအဖြစ်သုံးမည့်အစား သစ်အဖြစ် အသုံးပြုရန်နှင့် အခြား ရေမြုပ်သောအမျိုးများကိုလည်း ထင်းနှင့် မီးသွေးအဖြစ် အသုံးချရန် စီမံကိန်းများရှိသည်။ ထိုပြင် ဗြုခေါက်မှ သားရေနယ်ဆေး ခွဲထုတ်ယူနိုင်သေးသည်။ ရှမ်းပြည်နှင့် ချင်းဝိသေသတိုင်းတွင် ထင်းရှူးတောများ ဧရိယာ ၁၆၈၈ စတုရန်းမိုင် ခန့်ရှိရာ ထိုအပင်များမှ ထင်းရှုးဆီ ထုတ်ယူခြင်းနှင့် တာပင်တိုင်ဆီချက်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိလေသည်။

အပူပိုင်းဒေသနှင့် ပုပ္ပားတောင်တစ်ဝိုက်တွင် သစ်တောများ ပြန်လည်ထူထောင်ရေးအတွက် သစ် တောဌာန အရာရှိ အချို့ကို မြေယာကျေးလက် တိုးတက်ကြီးပွားရေး ကော်ပိုရေးရှင်းသို့ လွဲပြောင်းပေးပြီးဆောင်ရွက်စေလျက် ရှိသည်။ ရှမ်းပြည်နယ်တွင် မြေထိန်းသိမ်းခြင်းလုပ်ငန်းကို သစ်တောအရာရှိချုပ် လက်အောက်တွင် ထားရှိပြီးလျှင် ရေစား မြေပြိုခြင်းတို့ကို နည်းအမျိုးမျိုးဖြင့် ကာကွယ် ဆောင်ရွက် လျက် ရှိလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "အမိန့်ကြော်ငြာစာ အမှတ်၊ ၈၃ / ၂၀၁၁ (၆-၉-၂၀၁၁)"၊ နိုင်ငံတော်သမ္မတရုံး၊ ၆ စက်တင်ဘာ ၂၀၁၁။ Archived from the original on 10 February 2021။ 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)