ခင်မောင်ရင် (ရုပ်ရှင်သရုပ်ဆောင်)

ဝီကီပီးဒီးယား မှ
ခင်မောင်ရင်
မွေးဖွားမောင်အောင်ဒင်
မြန်မာသက္ကရာဇ် ၁၂၆၄- ခုနှစ်
မအူပင်မြို့ဧရာဝတီတိုင်း
ကွယ်လွန်၁၉၄၆ ခုနှစ် နှစ်ဦးပိုင်း (မြန်မာသက္ကရာဇ် ၁၃ဝ၇ ခုနှစ်)
နိုင်ငံလူမျိုးမြန်မာနိုင်ငံ
အလုပ်အကိုင်အဆိုတော် ရုပ်ရှင်သရုပ်ဆောင်
ကျော်ကြားမှုအရင်းခံထင်ရှားသော အဆိုတော်၊ ရုပ်ရှင်မင်းသား
ထင်ရှားသည့်
လုပ်ဆောင်မှု
ဗိုလ်အောင်ဒင် ရုပ်ရှင်ဇာတ်ကား၊ နဂါးနီသီချင်း
အိမ်ထောင်ဖက်(များ)ဒေါ်သန်းသန်း သား ခင်မောင်သန်း၊ခင်မောင်သိန်း
မိဘ(များ)ဦးကျော်လှ + ဒေါ်သောင်းမေ

ခင်မောင်ရင် (မြန်မာ ၁၂၆၄ – ၁၃ဝ၇) သည် ထင်ရှားသော အဆိုကျော်နှင့် ရုပ်ရှင်ဇာတ်လိုက်မင်းသား တစ်ဦးဖြစ်သည်။ ခင်မောင်ရင်ကို မြန်မာသက္ကရာဇ် (၁၂၆၄)ခုနှစ်တွင် မအူပင်မြို့၌ ဖွားမြင်သည်။ မိဘများမှာ ဦးကျော်လှ နှင့် ဒေါ်သောင်းမေတို့ ဖြစ်ကြ၍ သားချင်းငါးဦးရှိရာ ခင်မောင်ရင်သည် သားဦးဖြစ်သည်။ ငယ်နာမည်မှာ မောင်အောင်ဒင်ဖြစ်သည်။

မအူပင်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားနေဆဲ ခရစ်နှစ်၁၉၂၀ပြည့်နှစ် ပထမကျောင်းသား သပိတ်ကြီးနှင့် ဆုံခဲ့သည်။ ထို့နောက် မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းနှင့် ဝက်စလီယန်သာသနာပြုကျောင်းများ၌ ပညာဆက်လက်သင်ကြားပြန်သည်။ ကျောင်းမှထွက်သောအခါ ရေစကြိုမြို့အမျိုးသားကျောင်းတွင် ဆရာအဖြစ် ခေတ္တထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့ အစိုးရပုံနှိပ်တိုက် လစ်သိုဂရတ်ဖစ်ဌာန(ကျောက်ပုံနှိပ်ဌာနခွဲ) တွင် (၁ဝ)နှစ်ကြာမျှ အလုပ်လုပ်ခဲ့သည်။

အစိုးရပုံနှိပ်တိုက်တွင် အမှုထမ်းလျက်ရှိစဉ် ဘားမားဖိုတိုပလေးဖလင်း ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဦးဘငြိမ်းနှင့် ရင်းနှီးလာသောအခါ ဦးဘငြိမ်း၏ တိုက်တွန်းချက်အရ ဧကပါဒုကဇာတ်ကားတွင် မင်းသားအဖြစ် ပထမဆုံးပါဝင်အသုံးတော်ခံသည်။ ထို့နောက် မကြာမြင့်မီပင် မသန်းသန်းနှင့်အကြောင်းပါခဲ့သည်။

ခင်မောင်ရင်မှာ ဟန်အမူအရာကောင်းလှသဖြင့် ပွဲဦးထွက် ဇာတ်ကားပင်ဖြစ်လင့်ကစား လူအများသဘောကျကြသည်။ ထို့ကြောင့် အလုပ်မှထွက်၍ ရုပ်ရှင်နယ်သို့ ကူးပြောင်းသွားခဲ့ လေသည်။

ခင်မောင်ရင်သည် ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ၌၊ နေနှင့်လ ရွှေနှင့်မြဝတ္တရားအချစ်ဆုံးဗိုလ်အောင်ဒင်မိုးခေါင်ကျော်စွာ စသော အသံတိတ် အသံထွက်ဇာတ်ကား ပေါင်းများစွာတွင် ဇာတ်လိုက်အဖြစ် ပါဝင်ခဲ့လေသည်။ မိုးခေါင်ကျော်စွာမှာ ခင်မောင်ရင် နောက်ဆုံးပါဝင်သော ဇာတ်ကားဖြစ်လေသည်။

ခင်မောင်ရင်သည် ရုပ်ရှင်ထဲ၌ အမူအရာသာကောင်းသည် မဟုတ်၊ အသံကောင်း၍ သီချင်းကို ငြိမ့်အေးပြတ်သားစွာ သီဆိုနိုင်သည်။ သူဆိုခဲ့သောဇာတ်ကားထဲမှ သီချင်းများသည်လည်း ကောင်း၊ စကြာသိုက်၊ ဘိုးဘိုးအောင်၊ နဂါးနီ၊ ကုသဝတီ၊ ဆိပ်ကမ်းသာ အစရှိသော ဓာတ်ပြားသီချင်းများသည် လည်းကောင်း၊ လူကြိုက်များ၍ ယခုထက်တိုင် ခေတ်စားလျက်ရှိသည်။

ခင်မောင်ရင်သည် ကာလပေါ်သီချင်းများကိုသာမက ရှေး သီချင်းကြီးများကိုလည်း နိုင်နင်းစွာဆိုနိုင်သည်။ မန္တလေးမြို့တွင် ကျောင်းနေစဉ်က သီချင်းကြီး၊ သီချင်းခံ့များကို ဆရာကောင်းများထံတွင် နည်းယူသင်ကြားခွင့်ရရှိခဲ့သည်။ ပပငယ်ဝင်းဝင်း အစချီသောပတ်ပျိုးမှာ ခင်မောင်ရင် နှစ်သက်သော သီချင်းကြီးတစ်ပုဒ်ဖြစ်သည်။ ကိုယ်တိုင်သီဆို၍ ဓာတ်ပြားသွင်းခဲ့လေသည်။ သူသည် အတီးအမှုတ်တူရိယာဖက်တွင် အဘက်ဘက်မှ ခေါက်မိသော်လည်း တယောကို ပိုမိုနိုင်နင်းလေသည်။

၁၉၃၇ခုနှစ်တွင် နဂါးနီစာအုပ်အသင်း ပေါ်ပေါက်လာခဲ့ရာ ခင်မောင်ရင်သည် နဂါးနီသီချင်းကို ကိုယ်တိုင် သီဆို၍ ဝါဒဖြန့်ခဲ့လေသည်။ သူသည် ကစားခုန်ကစားမှုများကိုလည်းဝါသနာပါသည်။ အစိုးရပုံနှိပ်တိုက်စာရေးအဖြစ်ဖြင့် လုပ်ကိုင်လျက်ရှိစဉ် ဘီအေအေဘောလုံးပွဲများတွင် ဖရင်းယူနီယန်အသင်းမှ ပါဝင်ကစားခဲ့သည်။

၁၉၃၉ခုနှစ်တွင် ခင်မောင်ရင်သည် ဗြိတိသျှဘားမား ကုမ္ပဏီမှ ထွက်လိုက်သည်။ ထိုအချိန်တွင် သူ၏ ကျန်းမာရေး အခြေအနေမှာလည်း ယုတ်လျော့နေလေပြီ။ စစ်အတွင်း၌ မအူပင်မြို့သွားရောက်၍ ညီ၊ ညီမများနှင့်အတူ နေထိုင်ခဲ့လေသည်။ ဇနီးဖြစ်သူ ဒေါ်သန်းသန်းနှင့် သား ၂ ယောက်ထွန်းကားပြီး ခင်မောင်ရင်သည် ၁၉၄၆ခု နှစ်ဦးပိုင်းတွင် အမှတ် ၂၂၊ သတိပဋ္ဌာန်လမ်း ၊ ကျောက်မြောင်းနေအိမ်၌အူရောင်ရောဂါနှင့် ကွယ်လွန်ခဲ့သည်။

ခင်မောင်ရင်သည် မျိုးချစ်စိတ်ထက်သန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ လူအများနှင့် ဖော်ဖော်ရွေရွေ ပေါင်းသင်းဆက်ဆံတတ်သည့်အပြင် အပေးအကမ်းရက်ရောပေသည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည်။ အပေါင်းအသင်း မိတ်ဆွေသင်္ဂဟ ဆွေမျိုးသားချင်းများနှင့် စကားလက်ဆုံကျသည့်အခါများတွင် ရယ်ရွှင်စရာများကို ပြောလေ့ရှိတတ်သည်။ ခင်မောင်ရင် ရိုက်ကူးခဲ့သောဇာတ်ကားများနှင့် သီဆိုခဲ့သောသီချင်းများမှာ ယနေ့တိုင်ကျော်ကြားလျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)