ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်း
ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်း
[ပြင်ဆင်ရန်]ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသည် ပင်လယ်ဥပဒေများ ပြဋ္ဌာန်း နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုကော်မရှင်က ပင်လယ်ရေးရာ ကိစ္စများကို လေ့လာစုံစမ်းသည်။ ၁၉၅၈ ခုနှစ်တွင် ပထမအကြိမ် အပြည် ပြည်ဆိုင်ရာ ပင်လယ်ဥပဒေ ညီလာခံကိုလည်းကောင်း၊ ၁၉၆ဝ ပြည့်နှစ်တွင် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ပင်လယ် ဥပဒေ ညီလာခံကိုလည်းကောင်း ကျင်းပသည်။ တတိယအကြိမ် ပင်လယ်ဥပဒေညီလာခံ၏ ဒုတိယအစည်းအဝေးကို ၁၉၇၄ ခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်မြို့၌ ကျင်းပသည်။ ထိုအစည်းအဝေးတွင် ပိုင်နက်ပင်လယ်၊ သီးသန့်စီးပွားရေးဇုံ၊ ကမ်းလွန်ရေတိမ်ပိုင်း ပင်လယ်မှ သယံဇာတပစ္စည်းများ၊ ပင်လယ်ရေကြောင်း သွားလာရေး၊ ငါးဖမ်းခြင်းနှင့် ငါးမျိုး ထိန်းသိမ်းရေး၊ အဏ္ဏဝါသုတေသနနှင့် ပင်လယ်ရေထု ညစ်ညမ်းမှု စသော ဘာသာရပ်များစွာကို ဆွေးနွေးတိုင်ပင် ခဲ့သည်။ ဤသို့ဖြင့် တတိယအကြိမ် ကုလသမဂ္ဂ ပင်လယ် ဥပဒေ ညီလာခံသည် ပင်လယ်ဥပဒေနှင့် စပ်ဆိုင်သော ကိစ္စ ရပ်များ အားလုံးအတွက် တစ်ခုတည်းသော သဘောတူစာချုပ် (ကွန်ဗင်းရှင်း)ကို ၁၉၈၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင် ကုလ သမဂ္ဂဌာနချုပ်၌ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။
ယင်းသဘောတူစာချုပ် (ကွန်ဗင်းရှင်း) မူကြမ်းကို အမေရိကန်ပြည်ထောင်စု၊ တူရကီနိုင်ငံ၊ ဗင်နီဇွဲလားနှင့် အစ္စရေးနိုင်ငံ လေးနိုင်ငံက ကန့်ကွက်မဲပေးသည်။ ဘယ်လ်ဂျီယမ်၊ ဘူဂေးရီးယား၊ ဘိုင်လိုရုရှား၊ ချက်ကိုစလို ဗက်ကီးယား၊ ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ပြည်ထောင်စုသမ္မတ ဂျာမနီ၊ ဟန်ဂေရီနိုင်ငံ၊ အီတလီနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ မွန်ဂိုးလီးယားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ယူကရိန်းနိုင်ငံ၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗြိတိန်စသော ၁၇ နိုင်ငံက မဲမပေးပဲနေသည်။ သို့ဖြစ်၍ တညီတညွတ်တည်း အတည်ပြုနိုင်ခြင်း မဟုတ်ပဲ နိုင်ငံပေါင်း ၁၃ဝ က ထောက်ခံ သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ဥပဒေ သဘောတူညီချက် ကွန်ဗင်းရှင်းတွင် ပုဒ်မပေါင်း ၃၂ဝ နှင့် နောက်ဆက်တွဲ ကိုးခု ပါရှိသည်။ ထိုသဘောတူညီချက်တွင် ကျွန်းအဓိပ္ပာယ်မှအစ ပင်လယ် ပြင်တွင် လူသားတို့ အသုံးပြုသော ကိစ္စရပ်အားလုံးနှင့် စပ်လျဉ်း၍ ရေးဆွဲထားသည်။ ထိုကိစ္စရပ်များမှာ ပင်လယ် သမုဒ္ဒရာဒေသ၌ သင်္ဘောများ ဖြတ်သန်းသွားလာရေး၊ လေယာဉ်ပျံများ ပျံသန်းရေး၊ ပင်လယ်မှ သယံဇာတပစ္စည်းများ တူးဖော်ထုတ်ယူရေး၊ သက်ရှိသတ္တဝါများ ထိန်းသိမ်းမွေးမြူရေး၊ ပင်လယ်ရေထု ညစ်ညမ်းမှုမှ ကာကွယ်ရေး၊ ငါးဖမ်းရေး စသော ကိစ္စရပ်များ ဖြစ်သည်။
ပင်လယ်ဥပဒေကွန်ဗင်းရှင်း ကမ်းရိုးတန်းနိုင်ငံများသည် သက်ဆိုင်ရာ ကမ်းခြေမှ ၁၂ မိုင်အထိ ပင်လယ်တွင် အချုပ် အခြာအာဏာပိုင်ခွင့် ရှိသည်။ သို့ရာတွင် နိုင်ငံခြားသင်္ဘောများ အနေဖြင့် အပြစ်ကင်းစင်သော ဖြတ်သန်းသွားလာမှုမျိုးကို ပြုနိုင်ခွင့်ရှိသည်။ ကျွန်းစုနိုင်ငံများသည် ကျွန်းများ၏ ပြင်ပ အဝေးဆုံး နေရာများမှ မျဉ်းဖြောင့်တန်းဆွဲ၍ အတွင်းပိုင်း ပင်လယ်ဧရိယာတွင် အချုပ်အခြာအာဏာရှိလေသည်။ နိုင်ငံတကာမှ သင်္ဘောများနှင့် လေယာဉ်ပျံများသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးအတွက် အသုံး ပြုသည့် ရေလက်ကြားများတွင် ဖြတ်သန်းသွားလာခွင့် ရှိသည်။ သို့ရာတွင် အချိန်ကြာသင့်သည်ထက် ကြာခြင်း၊ ဖြတ်သန်း သွားလာရာအနီးရှိ နိုင်ငံများကို ခြိမ်းခြောက်ခြင်း မပြုရန် ယင်းသဘောတူညီချက်တွင် ပြဋ္ဌာန်းထားသည်။
ကမ်းလွန်ရေတိမ်ပိုင်းသည် ကမ်းခြေမှ အနည်းဆုံး မိုင် ၂ဝဝ အထိ ကွာဝေးနိုင်ပြီး သီးခြား အခြေအနေများတွင် ကမ်းခြေမှ မိုင် ၃၅ဝ အထိ သို့မဟုတ် ထို့ထက်ပို၍ ကွာဝေး နိုင်သည်။ ကမ်းရိုးတန်းနိုင်ငံများသည် ကမ်းလွန် ပင်လယ်ရေတိမ်ပိုင်းတွင် သယံဇာတပစ္စည်းများ ရှာဖွေ တူးဖော် ရန် အချုပ်အခြာ အခွင့်အရေးရရှိသည်။ သို့ရာတွင် မိုင် ၂ဝဝ ထက်ပို၍ ကွာဝေးသော ရေတိမ်ပိုင်းမှ ရေနံနှင့် အခြားသယံ ဇာတပစ္စည်းများ ထုတ်ယူရာမှ ရရှိသည့် ဝင်ငွေများကို နိုင်ငံ တကာနှင့် ခွဲဝေခံစားရမည်ဟု ယင်းကွန်ဗင်းရှင်းက ပြဋ္ဌာန်းထားသည်။
ကမ်းရိုးတန်းနိုင်ငံများသည် မိုင် ၂ဝဝ သီးသန့် စီးပွားရေး ဇုံတွင် သံဇာတပစ္စည်းများနှင့် အချို့သော စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များအတွက် အချုပ်အခြာ အခွင့်အရေး ရှိကြ သည်။ ထို့ပြင် သိပ္ပံသုတေသနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးတို့အတွက်လည်း စီရင်ပိုခွင့် အာဏာရရှိသည်။ ကုန်းပိတ်နိုင်ငံများသည် သီးသန့် စီးပွားရေးဇုံ၌ သက်ဆိုင် ရာ ကမ်းရိုးတန်းနိုင်ငံက ငါးများကို အပြည့်အဝဖမ်းယူ သုံးစွဲ ခြင်း မပြုနိုင်သည့်အခါ ငါးဖမ်းလုပ်ငန်းကို ဝင်ရောက် ဆောင်ရွက် နိုင်ကြသည်။ ကုန်းပိတ်နိုင်ငံများသည် ပင်လယ် ပြင်သို့ သွားလာနိုင်ခွင့် ရှိသည့်အပြင် ထိုသို့ သွားစဉ် မည်သည့်ယာဉ်များဖြင့် မဆို ဖြတ်သန်းသွားလာနိုင်သည်ဟု ပင်လယ်ပြင်ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ကုလသမဂ္ဂ ပင်လယ်ဥပဒေ ကွန်ဗင်းရှင်းအရ တည်ထောင်မည့် နိုင်ငံတကာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့သည် ပုဂ္ဂလိက ကုမ္ပဏီများသို့ ပင်လယ်ကြမ်းပြင်မှ သတ္တုများ ထုတ်ယူသုံးစွဲခွင့်လိုင်စင်များ ချပေးရန်ကိုလည်းကောင်း၊ တချိန်တည်းတွင် ယင်းအဖွဲ့က သတ္တုတူးဖော်ထုတ်ယူရေး လုပ်ငန်းဌာန ဖွဲ့စည်း ဆောင်ရွက်ရန်ကိုလည်းကောင်း စီစဉ် ထားသည်။
နိုင်ငံများသည် ပင်လယ်ရေပြင် ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ကြရမည်၊ နိုင်ငံတနိုင်ငံသည် ရေထုညစ်ညမ်းမှု ဖြစ်ပါစေ လျော်ကြေးပေးရန် တာဝန်ရှိသည်ဟု ယင်းကွန် ဗင်းရှင်းက အတိအလင်း ချမှတ်ထားသည်။ နိုင်ငံများသည် ပင်လယ်ဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည် ဖြစ်ပြီး သဘောတူညီမှု မရပါက အငြင်းပွားမှုအများစုကို မလိုက်နာလျှင် မနေရသည့် လုပ်ထုံး လုပ်နည်းဖြင့် အဆုံးအဖြတ်ခံယူရမည် ဖြစ်သည်။ ယင်းလုပ်ထုံး လုပ်နည်းများအရ ဆောင်ရွက်ရန် ပင်လယ်ဥပဒေနှင့် စပ်လျဉ်း သော အပြည်ပြည်ဆိုင်ရာ ခုံရုံးနှင့် လက်ရှိ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့အား လုပ်ပိုင်ခွင့်များ အပ်နှင်း မည် ဖြစ်လေသည်။
၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁ဝ ရက်နေ့ အတွင်းတွင် ကုလသမဂ္ဂ တတိယအကြိမ်မြောက် ပင်လယ် ဥပဒေညီလာခံ၏ အပြီးသတ် ဆောင်ရွက်ချက်မှတ်တမ်းနှင့် ပင်လယ်ဥပဒေ ကွန်ဗင်းရှင်း လက်မှတ်ရေးထိုးပွဲကို ဂျမေကာ နိုင်ငံ မွန်တီဂိုဘေးမြို့တွင် ကျင်းပသည်။ အစည်းအဝေး တက် ရောက်သော ကိုယ်စားလှယ် အဖွဲ့ပေါင်း ၁၅၁ ဖွဲ့အနက် တူရကီနိုင်ငံမှတစ်ပါး ကိုယ်စားလှယ်အဖွဲ့ အားလုံးက အပြီးသတ် ဆောင်ရွက်ချက် မှတ်တမ်းကို လက်မှတ်ရေးထိုးသည်။ ပင်လယ်ဥပဒေကွန်ဗင်းရှင်းကိုမူ ကိုယ်စားလှယ်အဖွဲ့ပေါင်း ၁၁၉ ဖွဲ့က လက်မှတ်ရေးထိုးသည်။ ထိုကိုယ်စားလှယ်အဖွဲ့များမှ နိုင်ငံပေါင်း ၁၁၇ နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ ကွတ်ကျွန်း ကိုယ်စားလှယ်အဖွဲ့နှင့် နမီးဗီးယားဆိုင်ရာ ကုလသမဂ္ဂကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ ဖြစ်သည်။ မြန်မာနိုင်ငံ သည် ၁၉၇၇ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပထမအကြိမ် ပြည်သူ့ လွှတ်တော် သမ္မတအစည်းအဝေးက ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုံများဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေ အရ မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းကြောင်းနှင့် သီးသန့်စီးပွားရေးဇုံသည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၂ဝဝ အထိ ကျယ်ဝန်းကြောင်း သတ်မှတ်ထားသည်။ ပင်လယ်ဥပေဒ ညီလာခံ၏ အပြီးသတ် ဆောင်ရွက်ချက် မှတ်တမ်းနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ဥပေဒကွန်ဗင်းရှင်း တို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်အုန်း ခေါင်းဆောင်သော မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က ပါဝင် လက်မှတ်ရေးထိုးခဲ့လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)