ရှာလမိန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရှာလမိန်း ရုပ်တူပုံ(၇၄၂-၈၁၄)

(မှတ်ချက်။ ။အမည်နာမများကို ပြင်သစ်အသံထွက်အတိုင်းဖြစ်ရန် အနီးစပ်ဆုံး မြန်မာသံဖြင့် ဖလှယ်ကာ ရေးသားထားခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အသံထွက် နှင့် ဖလှယ်ထားခြင်းမဟုတ်ပါ။)

'မဟာရှာလမိန်းဟု ကျော်ကြားသည့် ဘုရင်ကို ပြင်သစ်သားတို့က ဂုဏ်ယူစွာ အမှတ်ရကြသည်။ မြင့်မြတ်သည့် ရောမအင်ပါယာ(အနောက်ရောမအင်ပါယာ)ကို ပြန်တည်ထောင်သူ၊ ဆက်ဇွန်နီကို အောင်နိုင်သူ အစရှိသဖြင့် စွမ်းဆောင်ခဲ့သဖြင့် ထိပ်တန်းမင်းဧကရာဇ် တစ်ပါးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်သည်။

မာတိကာ

[ပြင်​ဆင်​ရန်​] မျိုးရိုးစဉ် နှင့် ငယ်ဘဝ

အဖိုးဖြစ်သူ ရှားလ် မာတယ်လ် မှာ မွတ်စလင်တို့ကို အပြီးသတ် ချေမှုန်းလိုက်သည့် နာမည်ကျော် တိုးစစ်ပွဲတွင် ဦးဆောင်ခဲ့သည့် ဖရန့်ခ် ခေါင်းဆောင်ဖြစ်သည်။ ၄င်းကွယ်လွန်ပြီးနောက် သားဖြစ်သူ ပေပင် ကို ပြင်သစ်အပေါင်းတို့၏ ဘုရင်အဖြစ် တင်မြောက်လိုက်သဖြင့် ရှေ့မှရှိနှင့်ပြီးဖြစ်သည့် အားနည်းလှသော မာရိုဗန်ဂျန် မင်းဆက်(Merovingian)မှာ ဆုံးခန်းတိုင်ပြီး ကာရိုလင်ဂျန် မင်းဆက်သစ်ပေါ်ထွန်းလာသည်။ ပေပင်မှာ အရပ်ပုလွန်းသူဖြစ်သဖြင့် ငပုပေပင် (Pepin the Short)ဟုပင် သမိုင်းတွင်သူဖြစ်သည်။ ရှာလမိန်းကို နောင်တွင် ၄င်းနန်းစိုက်ရာ အာချန်နှင့် မနီးမေဝးတွင် ၇၄၂က ဖွားမြင်သည်။ (ထိုမြို့မှာ ယနေ့ ဂျာမနီနိုင်ငံ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေသည်။)

[ပြင်​ဆင်​ရန်​] ထီးနန်းရပုံ

၇၆၈တွင် ပေပင်နတ်ရွာစံရာ ကျန်ရစ်ခဲ့သည့် ပဒေသရာဇ် ဖရန့်ခ်နိုင်ငံကို ရှာလမိန်း နှင့် ညီတော် ကာလိုမန်တို့ နှင့်နှစ်ဦးသား တစ်ဝက်စီ ခွေဲဝအုပ်ချုပ်သည်။ သို့သော် ၇၇၁တွင် ကာလိုမန် ရုတ်တရက် ကွယ်လွန်သဖြင့် အသက် ၂၉နှစ်ရှိ ရှာလမိန်းသည် ပြိုင်ဘက်ကင်း ပြင်သစ်(ဖရန့်ခ်)ဘုရင်ဖြစ်လာခဲ့သည်။ ထိုအချိန်သည် ဖရန့်ခ်တို့ ဩဇာအင်အား အထွတ်အထိပ် ရောက်နေချိန်ဖြစ်ကာ နိုင်ငံ၏ကျယ်ပြန့်မှုမှာ ယနေ့ပြင်သစ်နိုင်ငံ တစ်ခုလုံးမှ မကပဲ၊ ဘယ်လ်ဂျီယံ၊ ဟော်လန် နှင့် ဆွစ်ဇာလန် အပါအဝင် ယနေ့ ဂျာမနီ၏ အစိတ်အပိုင်း အတော်များများပါ ပါဝင်သည်။

ရှာလမိန်း

[ပြင်​ဆင်​ရန်​] နယ်ပယ်ချဲ့ထွင်ခြင်း

နန်းတက်သည်နှင့် ညီတော်၏ သားမယားများ ခိုလှုံနေသည့် အီတလီမြောက်ပိုင်းရှိ လွန်းဘားနယ်ကို စစ်ပြုသည်။ စစ်မဖြစ်မှီ လွန်းဘားသူ မိဖုရား ဒေစီဒေရေဒါကို ကွာရှင်းသည်။၇၇၄တွင် လွန်းဘားမင်းများ ကို အနိုင်ရပြီး ပိုင်နက်နယ်မြေ ကျယ်ပြန့်လာသည်။ ကာလိုမန်၏ သားမယားများကို ဖမ်းဆီးခဲ့ပြီး ၄င်းတို့၏ ဇာတ်သိမ်းကို မည်သူမျှ မသိတော့ပေ။

ဂျာမနီမြောက်ပိုင်းရှ ဆက်ဇွန်နီ ပြည်ကြီးကို သိမ်းယူခြင်းကို ၇၇၂ကပင် စတင်အားထုတ်သည်။ ၃၂နှစ်ကြာ စစ်ပွဲ ကြီးငယ်များစွာ တိုက်ခိုက်ခဲ့ရပြီး ၈၀၄တွင်မှ အပြီးသတ် အောင်မြင်သည်။ ထိုမျှ စစ်ပွဲကြာရှည်ရသည်ကြောင့် တစ်ကြောင်း၊ ခရစ်အယူဝါဒသို့ အတင်းအကျပ်ကူးပြောင်းစေပြီး မနာခံပါက ရက်စက်စွာ သတ်ဖြတ် နှိပ်ကွပ်ခဲ့သည်ကြောင့် တစ်ကြောင်း စစ်ပွဲအပြီးတွင် ဆက်ဇွန်ဦးရေမှာ လေးပုံ တစ်ပုံခန့် လျော့နည်းသွားရသည်။

ထို့ပြင် ဂျာမနီတောင်ပိုင်းနှင့် ပြင်သစ်အနောက်တောင်ပိုင်းဒေသများတွင်လည်း နယ်ပယ်များကို ထိန်းသိမ်းရန် စစ်ပွဲများဆင်နွဲခဲ့သေးသည်။သိမ်းပိုက်နယ်ပယ်များ၏ တည်ငြိမ်ရေးအတွက် အရှေ့ဖက်နှင့် တောင်ဖက်ဒေသများတွင် အဗာများနှင့်စစ်ပွဲများစွာဆင်နွဲခဲ့ရသည်။ အကြမ်းအားဖြင့် ရှာလမိန်း၏ ပိုင်နက်မှာ ဂျာမနီရှိ ဘာဘေးရီးယားနယ် အထိဟုဆိုသော်လည်း ဩဇာခံနယ်မှာ ထိုဒေသမှ အရှေ့ဖက် ခရိုအေးရှား အထိကျယ်ပြန့်ပေသည်။

၇၇၈တွင် စပိန်နိုင်ငံသို့ ကျူးကျော်သည်။ အောင်မြင်အောင် မတိုက်ခိုက်နိုင်သော်လည်း ပြင်သစ်နှင့် စပိန်ကြားတွင် ကြားခံနယ်အဖြစ် မိမိဩဇာခံသော စပိန်ချီနယ် ဟုခေါ်သောနယ်ကို တည်ထောင်ပေးနိုင်သည်။ သူ့နန်းသက် ၄၅နှစ်အတွင်း ဖရန့်ခ်တို့သည် စစ်ပွဲကြီးငယ်ပေါင်း ၄၄ကြိမ်တိုက်ခဲ့ရပြီး အနောက်ဥရောပတစ်ခွင်တွင် ကျယ်ပြန့်သည့် အင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။ ရောမအင်ပါယာပျက်သုဉ်းပြီးနောက်တွင် ယခုကဲ့သို့သော အင်ပါယာကို ပြန်လည်ထူထောင်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ကြောင့် ခရစ်နှစ် ၈၀၀ပြည့်၊ခရစ်စမတ်နေ့တွင် ရောမမြို့တွင် ပုပ်ရဟန်းမင်းကြီး တတိယလီယိုက ရှာလမိန်းအား သရဖူအပ်နှင်းပြီး ရောမဧကရာဇ် အဖြစ်ကြေညာပေးသည်။ ထို့ကြောင့် ရှာလမိန်းသည် ဩဂတ်စတက်ဆီဇာ ကိုတရားဝင်ဆက်ခံသူအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သဘောတရားအရ လွန်ခဲ့သည့် နှစ်၃၀၀က ပျက်စီးခဲ့သော ရောမအင်ပါယာကို ရှာလမိန်းကပြန်ထူထောင်ပေးသည်ဟုဆိုရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် နယ်ပယ်တိုင်းတာမှုတွင် ရှာလမိန်း၏ အင်ပါယာမှာ အနောက်ရောမအင်ပါယာကို မမှီ၊ ထက်ဝက်ကျော်သာရှိသည် ဟုဆိုရမည်။ လူမျိုးအရအားဖြင့်လည်း ရှာလမိန်းမှာ ဖရန့်ခ်(ပြင်သစ်)ဖြစ်သောကြောင့် ရောမသားမဟုတ်ပေ။

ထိုအချက်များအပြင် အရေးပါသည့် အခြားအချက်မှာ ရောမခရစ်ယာန်ကျောင်းတော်နှင့် ဆက်ဆံရာတွင် ရှာလမိန်းက ဦးဆောင်သူဖြစ်ပြီး ပုပ်ရဟန်းမင်းမှာ နိုင်ငံရေးအရ ဝင်ရောက် ဩဇာပေးနိုင်ခြင်းမရှိခဲ့ ပေ။

File:Charlemagne empire.jpg
ရှာလမိန်း၏ အင်ပါယာပြ မြေပုံ

[ပြင်​ဆင်​ရန်​] နတ်ရွာစံခြင်း နှင့် နောက်ဆက်တွဲ

နန်းသက်တလျှောက် အနောက်ဥရောပ ကုန်မတတ်တိုက်ခိုက်သိမ်းသွင်းခဲ့သော ရှာလမိန်းသည် ၈၁၄တွင် နန်းစိုက်ရာ အာချန်တွင် နတ်ရွာစံသည်။ နတ်ရွာမစံမှီ မိမိအင်ပါယာကို သုံပိုင်းပိုင်းပြီး သားတော်သုံးပါးကို ခွေဲ၀ပေးရန် စီစဉ်သော်လည်း သားတော်နှစ်ပါးက သူ့အလျင်ကွယ်လွန်သွားသဖြင့် ကျန်ရစ်သည့် သားတော် ဘုရားတရားသမား ကြည်ညိုသူ လူဝီက တစ်ဦးတည်း ဆက်ခံသည်။ သို့သော် လူဝီမှာလည်း ဆက်ခံသူမထားပဲ နတ်ရွာစံပြန်ရာ လူဝီ၏သားတော် နှစ်ပါးက အင်ပါယာကို ခွဲယူကြသဖြင့် စစ်ဖြစ်ပွားရာမှ ရှာလမိန်းထူထောင်သည့် အင်ပါယာကြီးမှာ သူကွယ်လွန်ပြီး နှစ်၃၀အကြာတွင် အပိုင်းကြီး ၃ ပိုင်းကွဲသွားခဲ့ရသည်။ ပထမအပိုင်းမှာ ယနေ့ ပြင်သစ်နိုင်ငံ အကုန်နီးပါး၊ ဒုတိယအပိုင်းမှာ ယနေ့ ဂျာမနီနိုင်ငံ အကုန်နီးပါး၊ တတိယအပိုင်းမှာ ပြင်သစ်ဂျာမနီ နောင်ဖက်နယ်စပ်တစ်လျှောက် နှင့် အီတလီမြောက်ပိုုင်း ဒေသများ ဖြစ်သည်။

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်