အတ္တလန္တိတ် စာချုပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝင်စတန်ချာချီ တည်းဖြတ်ခဲ့သည့် အတ္တလန္တိတ်စာချုပ်၏ နောက်ဆုံးစာကြမ်း

အတ္တလန်တိတ် စာချုပ်[ပြင်​ဆင်​ရန်​]

စိန့်ဂျိမ်းနန်းတော် ကြေညာချက်ထွက်ပြီး မကြာမီ အချိန်တွင် အတ္တလန်တိတ် စာချုပ် (Atlantic Charter) ဟူသော အမည်ဖြင့် ကြေညာချက် တခု ထွက်ပေါ်လာ ခဲ့သည်။ အမေရိကန် သမ္မတ ဖရန်ကလင် ဒီလာနိုးရုစဗဲ့ (Franklin Delno Roosevelt) နှင့် ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ (Winston Churchill) တို့ အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း အထူးလျှို့ဝှက်စွာ ဆွေးနွေးရာမှ ထွက်ပေါ်လာသော ရလဒ် ဖြစ်သည်။ တွေ့ဆုံကြသည့် နေရာ အတိအကျမှာ နယူးဖောင်လန်ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်း အနီး အတ္တလန်တိတ် သမုဒ္ဒရာ အတွင်း ပလာဆင့်ရှာ ပင်လယ်အော် (Placentia Bay) ၏ တခုသော နေရာ၌ ကျောက်ဆူးချထားသော ယူအက်(စ)အက်(စ) ဩဂတ်စတာ (USS Augusta) ဖျက်သင်္ဘောပေါ်၌ ဖြစ်၏။ နေ့ရက်သည် ၁၉၄၁ ခု၊ ဩဂုတ် ၁၄ ဖြစ်သည်။

ဖက်ဆစ် ဝင်ရိုးတန်း နိုင်ငံတို့ ကြမ်းချင်တိုင်း ကြမ်းနေချိန်၊ ကြမ်းသလောက် ရမ်းသလောက်လည်း အောင်မြင်နေချိန်၊ ဟစ်တလာမူဆိုလီနီနှင့် ဂျပန် စစ်ခေါင်းဆောင်များ လက်ခမောင်း ခတ်နေသည့် အချိန်ကာလ ဖြစ်၏။ အတ္တလန်တိတ် သမုဒ္ဒရာ၏ နေရာ အနှံ့အပြားတွင် ဂျာမန်တို့၏ လက်ချက်ကြောင့် ဗြိတိသျှ စသည့် မဟာမိတ် သင်္ဘောတို့ တစုပ်စုပ် မြုပ်နေသည့် အချိန်လည်း ဖြစ်၏။ ထိုစဉ်က တခုတည်းသော ဆိုရှယ်လစ်နိုင်ငံ ဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စုကိုပင် နာဇီဂျာမနီက စတင် ရန်မူနေလေပြီ။

အမေရိကန်နှင့် ဗြိတိသျှ ထိပ်သီး ခေါင်းဆောင် နှစ်ဦးတို့ တွေ့ဆုံကြသည့် နေရာ၊ အချိန်အခါနှင့် အကြောင်း ကိစ္စတို့မှာ အထူးကိစ္စတို့ ချည်းသာ ဖြစ်ရကား ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ကြေညာချက်သည် မြန်မာ၊ အိန္ဒိယ စသည့် ကိုလိုနီနိုင်ငံများ အပါအဝင် တကမ္ဘာလုံးသို့ ပဲ့တင်ထပ် သွားခဲ့လေ၏။ အတ္တလန်တိတ် စာချုပ်ပါ စာပိုဒ် ၈ ပိုဒ် အနက် စာပိုဒ် ၈ ကို အောက်တွင် အရင်းအတိုင်း တိုက်ရိုက် ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။

"(၈) ဂျာမန် နာဇီ အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းပြီးနောက် နိုင်ငံ အသီးသီးတို့အား ၎င်းတို့ အသီးသီး၏ ပိုင်နက် နယ်နိမိတ် အတွင်း၌ စိတ်ချ လုံခြုံစွာ နေထိုင်နိုင်ကြစေရန် အလို့ငှာ လည်းကောင်း၊ ဒေသ အရပ်ရပ်ရှိ လူအားလုံးတို့အား စိုးရိမ်ကြောင့်ကြ၊ ကြောက်ရွံ့ရမှုနှင့် ဆင်းရဲတောင့်တ အလိုမပြည့်ဝမှုတို့မှ လွတ်ကင်းကြစေရန် အလို့ငှာ လည်းကောင်း၊ လွတ်လပ်စွာ နေထိုင်နိုင်ကြစေခြင်း အလို့ငှာ လည်းကောင်း လိုအပ်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ခေါင်းဆောင် နှစ်ဦးတို့က မျှော်မှန်းထားကြကြောင်း …"

ဤအချက်သည် လွန်ခဲ့သည့် နှစ်လခန့်က ထုတ်ပြန်ခဲ့သည့် စိန့်ဂျိမ်းနန်းတော် ကြေညာချက်နှင့် တထပ်တည်းလိုပင် ဖြစ်ပြီး ထပ်လောင်း၍ အားဖြည့် ပေးလိုက်၏။ ထူးခြားချက် နှစ်ရပ်ကား ရှိပေသည်။

ဒုတိယ ကမ္ဘာစစ်ကြီး စောစောပိုင်းတွင် ဗြိတိန်နှင့် ပြင်သစ် စသည့် မဟာမိတ်နိုင်ငံတို့ ဘက်မှ ပါဝင် တိုက်ခိုက် နေကြသော နိုင်ငံတို့အား အမေရိကန် ပြည်ထောင်စုသည် စိတ်ဓာတ်အားဖြင့်သာ ကူညီခဲ့၏။ အတ္တလန်တိတ် စာချုပ် အရမူ စိတ်ဓာတ်အား ပစ္စည်း အင်အားဖြင့် သာမက ကိုယ်ထိလက်ရောက် စိတ်ဓာတ်၊ ပစ္စည်း၊ လက်နက်၊ လူသူ အားလုံး အိတ်သွန်ဖာမှောက် ပါဝင် လာတော့မည်ဟု အမေရိကန်က ကမ္ဘာသို့ ကြေညာလိုက်ဘိ သကဲ့သို့ ရှိ၏။ ဝင်ရိုးတန်း နိုင်ငံတို့ကို စိန်ခေါ် လိုက်ခြင်းပင် ဖြစ်၏။ ဒုတိယ ကမ္ဘာစစ်တွင် ပြိုင်ဘက် ဖြစ်ကြသော အင်အားစု နှစ်ရပ်တွင် မဟာမိတ်တို့ဘက်က သိသိသာသာကြီး အလေးကဲ သွား၏။ ဤကား အတ္တလန်တိတ် စာချုပ်၏ ပထမ ထူးခြားချက် ဖြစ်၏။

အတ္တလန်တိတ် စာချုပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း[ပြင်​ဆင်​ရန်​]

ရှုထောင့် တမျိုးမှ ကြည့်သော် ဒုတိယ ကမ္ဘာစစ်မှာ အာရှအာဖရိက စသည်တို့တွင် ကိုလိုနီ နယ်ပယ် အမြောက်မြားကို သိမ်းပိုက် အုပ်ချုပ်လျက် ရှိသော ဗြိတိန်နှင့် ပြင်သစ် စသည့် ဥရောပ နယ်ချဲ့ နိုင်ငံကြီး တစုနှင့် နယ်ပယ် ချဲ့ထွင်ရာ၌ နောက်ကျ ကျန်ရစ်ပြီး ဝေစု ရလိုသော ဂျာမနီ၊ အီတလီနှင့် ဂျပန် သုံးပွင့်ဆိုင်တို့ အချင်းချင်း အားစမ်းသော၊ ကိုလိုနီနယ် လုသောပွဲ ဖြစ်သည်။ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အိုဒိုချိုင်းနား စသည့် သူ့ကျွန်ဘဝ ရောက်နေကြသော နိုင်ငံများ အဖို့ ရွေးချယ်စရာ မရှိချေ။ စစ်ပြိုင်ဘက် အုပ်စု နှစ်ခုလုံး နယ်ချဲ့သမားချင်း အတူတူနှင့် အနူနူသာ ဖြစ်ခဲ့သည်။ အတ္တလန်တိတ် စာချုပ် ထွက်ပေါ်လာသော အခါတွင်ကား လုံခြုံရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ ဆင်းရဲတွင်းမှ လွတ်မြောက်ရေး စသော သဘောတရားတို့ကို အတိအလင်း ဖော်ပြ ပါရှိလာ၏။ ဤတွင် မည်သည့်ဘက်မှ ပါဝင် မဲတင်း ပေးရမည်ကို ဝေခွဲမရ ဖြစ်နေကြသော ကိုလိုနီနိုင်ငံ အသီးသီးရှိ ပြည်သူ ပြည်သားတို့ အဖို့ မည်သည့်ဘက်က ရပ်တည် သင့်သည်ကို ဆုံးဖြတ်ရန် လွယ်ကူ သွားစေခဲ့သည်။ တနည်းဆိုသော် အတ္တလန်တိတ် စာချုပ် ထွက်ပေါ်လာသည်မှ စ၍ ဒုတိယ ကမ္ဘာစစ်တွင် ပြိုင်ဆိုင် တိုက်ခိုက် နေကြသော နိုင်ငံ အုပ်စုများ အနက် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး၊ ဒီမိုကရေစီရေးကို လိုလားသူတို့က တဖက်၊ ဖက်ဆစ် အာဏာရှင် စနစ်ကို ကျင့်သုံးသူတို့က တဖက်ဖြင့် နှစ်ပိုင်း နှစ်ကဏ္ဍ ကွဲပြား ထင်ရှားသွား၏။ အဖြူ အမည်း၊ ဘီလူးစည်း လူ့စည်း ခွဲခြား လိုက်သကဲ့သို့ ဖြစ်ခဲ့၏။ ကိုလိုနီနိုင်ငံ အသီးသီးရှိ ပြည်သူများ (မြန်မာတို့ အပါအဝင်) တို့သည် အတ္တလန်တိတ် စာချုပ် ထွက်ပေါ် မလာမီ အထိ ကာလတွင် ဟိုဘက် လိုက်ရနိုးနိုး သည်ဘက် လိုက်ရနိုးနိုး အမှန်ပင် ဝေခွဲမရ ကာလ ဖြစ်ခဲ့ကြပေသည်။ အဆိုပါ အတ္တလန်တိတ် စာချုပ်၏ ဒုတိယ ထူးခြားချက်သည် ၁၉၄၅ ခုနှစ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတရပ်တွင် ပေါ်လွင်စွာ ထင်ဟပ်လျက် ရှိသည်။

၁၉၄၅ ခု၊ ဩဂုတ်လ၌ ဖဆပလ အဖွဲ့ချုပ်သို့ နိုင်ငံရေး အသင်းအဖွဲ့ အသီးသီးမှ ခေါင်းဆောင်များကို ဖိတ်ခေါ်၍ နိုင်ငံရေး အခြေအနေကို ရှင်းလင်း တင်ပြရာတွင် ဗိုလ်ချုပ် အောင်ဆန်းက ဖဆပလ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များကို ဖော်ပြရာ အောက်ပါ အချက်လည်း ပါဝင်၏။

(က) ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝ ကွယ်ပျောက်သည် အထိ ဆောင်ရွက်ရန်။

(ခ) အတ္တလန်တိတ် ကြေညာချက်၊ တီဟီရန် ကြေညာချက် စသော ကြေညာချက်များ အတိုင်း မြန်မာပြည်သူ ပြည်သားတို့သည် မိမိတို့ ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်ရန်။

(ဂ) မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးတိုင်း မိမိတို့ ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်ပြီး အားလုံး၏ သဘောနှင့် ညီညွတ်စွာ ထူထောင်သော နိုင်ငံ တည်ထောင်ရန်။

(မှတ်ချက် - မူရင်းသတ်ပုံ အတိုင်း ဖော်ပြထားပါသည်။)

အတ္တလန်တိတ် စာချုပ်မှ ပေးလိုက်သော မျှော်လင့်ချက် ရောင်ခြည်ကြောင့် မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် ကိုလိုနီ နိုင်ငံများက ယင်းစာချုပ်ပါ ပြဋ္ဌာန်းချက်တို့ကို ကိုးကားလျက် လွတ်လပ်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေး တောင်းဆိုသံတို့သည် ပိုမို ကျယ်လောင်စွာ မြည်ဟီး သွားခဲ့သည်။ ဗြိတိသျှ ဝန်ကြီးချုပ် ချာချီသည်ပင် ဆက်လက်၍ မသိကျိုးကျွံ ဥပေက္ခာ ပြုခြင်းငှာ မစွမ်းတော့ သဖြင့် ဗြိတိသျှအောက်လွှတ်တော်၌ ရှင်းလင်း ဖြေကြား တင်ပြ ခဲ့ရသေး၏။

အတ္တလန်တိတ် စာချုပ် ထုတ်ပြန်ပြီး၍ နှစ်လ တင်းတင်းမျှပင် မပြည့်သေးမီ ၁၉၄၁ ခု၊ စက်တင်ဘာလ ၂၄ ရက်၌ အတ္တလန်တိတ် စာချုပ်ပါ ရည်မှန်းချက်တို့ကို အခြား နိုင်ငံများကပါ ထောက်ခံကြောင်း ကြေညာခဲ့ကြ၏။ ထိုသို့ ထောက်ခံကြောင်း ထပ်မံ ကြေညာသူများတွင် လန်ဒန်မြို့ရှိ အဝေးရောက် စစ်ပြေး အစိုးရ အဖွဲ့ ရှစ်ဖွဲ့လည်း ပါဝင်သည်။ ပြင်သစ်နိုင်ငံတွင် ဖက်ဆစ် ဂျာမန်တို့အား ပြောက်ကျားစစ် ဆင်နွှဲနေသော ဗိုလ်ချုပ်ကြီး ဒီဂေါလ်၏ ကိုယ်စားလှယ်လည်း ပါသည်။ ယင်းစာချုပ်ပါ ရည်ရွယ်ချက်တို့ကို အကောင်အထည် ဖော်ရန် ၎င်းတို့ အသီးသီးကလည်း အစွမ်းကုန် ဝိုင်းဝန်း ကြိုးပမ်းကြမည် ဖြစ်ကြောင်း ကြေညာ ခဲ့ကြ၏။

ထိုအချိန်မှ စ၍ ရေတွက်သော် နောင်သုံးနှစ်ခန့် အကြာ၌ ပေါ်ပေါက်လာမည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များသည် စိန့်ဂျိမ်း နန်းတော် ကြေညာချက်နှင့် အတ္တလန်တိတ် စာချုပ်တွင် သန္ဓေတည်နေပြီဟု ဆိုနိုင်သော်လည်း ကုလသမဂ္ဂ ဟူသော ဝေါဟာရကိုကား ယင်းကြေညာ စာတမ်းများ၌ တလုံးတပါဒမျှ မတွေ့ကြရသေးချေ။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. UNITY စာပေမှ စာအုပ် အမှတ်စဉ် (၄၆) အဖြစ် ၂၀၀၇ ဒီဇင်ဘာမှာ ပထမအကြိမ် ပုံနှိပ် ဖြန့်ချိလိုက်ကတဲ့ ဦးအောင်သန့်ရဲ့ 'မြန်မာ့အရေး ကမာ္ဘ့အရေး (နိုင်ငံစုံ သံတမန် ဆက်ဆံရေး)၊ Conference Diplomacy မိတ်ဆက်' စာအုပ် အခန်း (၄) မှာ ဖော်ပြပါရှိတဲ့ "ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး [ကမ္ဘာ့ဇာတ်ခုံ]" ဘယ်ပုံ ဘယ်နည်း စုဖွဲ့ တည်ထောင်ခဲ့ကြပုံ အကျဉ်း