သောဝီရတိုင်း

ဝီကီပီးဒီးယား မှ

သောဝီရတိုင်းကြီးမှာ မဟာဂေါဝိန္ဒပညာရှိကြီး တည်ထောင်ရင်းအတိုင်း သိန္ဒုတိုင်း နှင့်စပ်လျက် အဝန္တိတိုင်း၏ မြောက်ဘက်ကျသဖြင့် ဥတ္တရပထခေါ် အိန္ဒိယမြောက်ပိုင်း တိုင်းနိုင်ငံအပိုင်းအခြားတွင် အစိတ်အပိုင်းအားဖြင့် ပါဝင်သော တိုင်းနယ်ဖြစ်သောကြောင့် ယခုအခါ အနောက်မြောက်တိုင်းများဖြစ်သော သိန္ဒုမြစ်အထက်ပိုင်း နိုင်ငံများဖြစ်ကြောင်း မှတ်ယူသင့်၏။ ၎င်းတိုင်းနိုင်ငံသည်လည်း ဇာတ်တော်, နိပါတ်တော်များ၌ ထင်ရှားသော တိုင်းကြီးတစ်ခုဖြစ်သည့်အပြင် မြတ်စွာဘုရား လက်ထက်တော်၌ပင် ထင်ရှားရှိ၍ အိန္ဒိယ အလယ်ပိုင်း၊ မဇ္ဈိမဒေသရှိ တိုင်းနိုင်ငံတို့မှ သိန္ဒုတိုင်း, သောဝီရတိုင်းတို့သို့ ကုန်ကူးသန်း ရောင်းဝယ်ရန် သွားကြကြောင်း ဝိမာနဝတ္ထု, ပေတဝတ္ထုတို့၌ ထင်ရှားစွာလာ၏။ [၁]

ရောရုကမြို့တော်[ပြင်ဆင်ရန်]

၎င်းသောဝီရတိုင်း၏မြို့တော် ရောရုကဖြစ်၍ အချို့ရောရုဝခေါ်ကြသော ရှေး ဇာတ်တော်, နိပါတ်တော်များ၌လည်း ထင်ရှားပါရှိသော မြို့တော်ကြီးတစ်ခု ဖြစ်သည့်အပြင် မဇ္ဈိမဒေသ အလယ်ပိုင်း တိုင်းနိုင်ငံများမှလည်း ရှေးအခါသမယက ကုန်သည်ကြီးများ သွားလာရာလမ်း စခန်းအဖြစ်ဖြင့် ခမ်းနားကြီးကျယ်သော မြို့တော်ကြီး ဖြစ်ခဲ့လေသည်။ သို့သော်လည်း ယခုအခါ ခေတ်ပထဝီ မြေပုံများ၌မူကား၎င်းမြို့တော်၏နေရာ အသေအချာ ဖြစ်သောဌာန နီးစပ်သော အမည်နာမများကိုပင် ထင်ရှားအောင် ရှာဖွေ၍ မရသည်မှာ ကာလရှည်လျားသည်အားလျော်စွာ ခေတ်အခါကာလ ပြောင်းလဲ၊ အမည်နာမ ကွဲပြား၊ ရှေးအမည်အစများ တိမ်မြုပ်သွားသောကြောင့်သာ ဖြစ်သင့်၍ ၎င်းတိုင်းနယ်များကိုသာ အမှန်ပိုင်းခြား မှတ်သားအပ်ကုန်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)