ဆေးတံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရှေးခေတ် မြန်မာ့ရိုးရာ ဆေးတံသည် တထွာ တညှိုသာသာခန့် ရှည်သည်။ ဆေးတံတွင် ဆေးတံအိုး နှင့် ဆေးတံရိုးဟု အစိတ်အပိုင်း နှစ်ခုပါပြီး ဆေးတံအိုးနှင့်တဆက်တည်းပါသည့် ဆေးတံရိုးက တိုသည်။ မြန်မာ့ရိုးရာ ဆေးတံကို ‘ဒန်တို’ ဟုလည်းခေါ်သည်။ ဆေးတံတို၏ အတိုကောက် ‘တံတို’ မှ အသံပြောင်းလဲလာသည် ခန့်မှန်းရသည်။ ရခိုင်ဘာသာဖြင့် ပန်တူဟုခေါ်သည်။

ဆေးတံ၏ အစိတ်အပိုင်းများ
တစ်လက်ကိုင် ဆေးတံ

ဆေးတံပုံစံများ[ပြင်​ဆင်​ရန်​]

မြန်မာ့ဆေးတံကို ရွှေ၊ ငွေ၊ ကြေးနီ၊ ကြေးဝါ သတ္တုအမျိုးမျိုး၊ သစ်သား၊ ဝါးမြစ်၊ ရွှံ့စေး၊ မြေဖြူ ပါမကျန် ပစ္စည်းမျိုးစုံနှင့် လုပ်သည်။ ကျေးလက်သုံး ရှေးခေတ် ဆေးတံတို့သည် အများအားဖြင့် ရွှံ့စေးကောင်းကောင်းကို ညှပ်ပုံသွင်းပြီး မီးဖုတ်ထားသည့် မြေဆေးတံများဖြစ်သည်။ မီးဖုတ်မြေဆေးတံတွေမှာ အသေးစိတ် အလှအပ ခြယ်မှုန်းထားသည်များ ကွာခြားသော်လည်း အခြေခံပုံစံမှာ ဆင်တူကြသည်။ အများအားဖြင့် ဆေးအိုး၏ ပတ်ပတ်လည်တွင် ရွဲလုံး၊ ကြာမှောက်၊ ကြာလှန် ပုံစံများဖြစ်သည်။ အတွေ့ရနည်းသည့် ဆေးတံပုံစံများတွင် ချိုးငှက်၊ ကျေးငှက်နှင့် ပန်းပုံစံများ ပါတတ်သည်။ ဝါး၊ သစ်သား၊ ငွေ၊ ကြေးနီ၊ ကြေးဝါ၊ ဆင်စွယ်၊ ကနုကမာ တမျိုးမျိုးနှင့်လုပ်ထားသည့် စွပ်တံကို ဆေးတံရိုးတွင်တပ်လိုက်သည့်အခါ ပါးစောင်တွင်သွင်းဟု အံသွားနှင့် ကိုက်ခဲထားနိုင်သည်။ ဆေးတံရိုး စွပ်တံများကို ကြိုက်နှစ်သက်သလို အတို အရှည် အရွယ်အမျိုးစုံ တပ်ဆင်ထားကြသည်။

ဆေးတံအိုး၏ပုံစံက မြန်မာ့ရိုးရာ မောင်းထောင်းသည့် မောင်း၏ ဆုံခွက်၊ ငရုတ်သီးထောင်းသည့် ‘ငရုတ်ဆုံ’ ၏ ဆုံခွက်နှင့် ဆင်တူသည်။ မြန်မာ့ဇာတိ ဆေးရွက်ပြားကြီး၊ ဂေါ်လျှင်ဂျီဆေးရွက်ချွန်း ခေါ် ဘင်္ဂလားဆေးရွက်ကြီး တမျိုးမျိုးနှင့်လုပ်ထားသည့် ဆေးတံသောက်ဆေးဖြစ်ဖြစ်၊ သံဗူးနှင့်လာသည့် နိုင်ငံခြားဖြစ် ဆေးတံသောက်ဆေးဖြစ်ဖြစ် ဆေးတံအိုးထဲတွင် အပြည့်ဖြည့်ထားလျှင် ‘ဆေးတစ်အိုး’ ဟုခေါ်သည်ထက် ‘ဆေးတစ်ဆုံ’ ဟုခေါ်သည်က ပိုပြီးအသုံးတွင်ကျယ်သည်။

ထုတ်လုပ်ပုံ[ပြင်​ဆင်​ရန်​]

ရှေးခေတ်မြေဆေးတံများကို မြန်မာပြည်အနှံ့အပြားတွင် တွင်တွင်ကျယ်ကျယ် လုပ်ခဲ့ကြသော်လည်း ဆေးတံမီးဖုတ်သည့် ရှေးခေတ်မီးဖိုကြီးများကိုတော့ ဒီကနေ့ မတွေ့နိုင်ကြတော့ပေ။ အင်းဝမြို့အနားက တံသည်းဦးမြို့တွင် ဆေးအိုးဖိုဘုရား ဟု ရပ်ရွာကခေါ်ကြသည့် ဘုရားတစ်ဆူရှိသည်။ ဆေးတံအိုးများ မီးဖုတ်သည့်နေရာတွင် တည်ထားသည်ဟု ပြောဆိုလေ့ရှိကြသည်။ ဘုရားပြုပြင်တုန်းကလည်း စေတီထဲတွင် ရှေးခေတ်မြေဆေးတံများ အမြောက်အမြားတွေ့ခဲ့ရသည်။

မြန်မာပြည်အတွင်းတွင် မြေဆေးတံလုပ်ငန်းက မတွင်ကျယ်တော့သောါလည်း သစ်သားကို ပုံစံထွင်းသည့် ဆေးတံလုပ်ငန်းကတော့ မတိမ်ကောသေးပေ။ ဆေးတံပုံစံထွင်းဖို့ ပျဉ်းမ၊ လျှင်ခတ်၊ တောရိုင်းကံ့ကော်၊ ဝါးမြစ်ဖု နှင့် ကျွန်းမြစ်ဖု စသည့် သစ်သားအမျိုးစုံကို အသုံးများသည်။

မွန်ပြည်နယ်၊ ဘီလူးကျွန်း ချောင်းဆုံမြို့နယ်က အိမ်ခြေ တထောင်ကျော်ရှိသည့် ရွာလွတ်ရွာတွင် ဆေးတံလုပ်ငန်း လုပ်ကြသည့် မိသားစုများရှိခဲ့သည်။ ထုတ်လုပ်လိုက်သည့် ဆေးတံများက ခေတ်မီပုံစံများနှင့် အင်မတန်မှ အရည်အသွေးနှင့် လက်ရာ ကောင်းမွန်လှသည်ကြောင့် မြန်မာ့ဆေးတံ နှင့် ရွာလွတ်၊ ရွာလွတ် နှင့် မြန်မာ့ဆေးတံကို ခွဲခြားဟုမရနိုင်အောင် နာမည်ကျော်ကြားသည်။

ဈေးကွက်[ပြင်​ဆင်​ရန်​]

အရည်အသွေးကောင်းသည့် ရွာလွတ်မြန်မာ့ဆေးတံများကို ပြည်တွင်းတွင်တွင်မကဘဲ နိုင်ငံခြားကိုပါ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တင်ပို့ရောင်းချနိုင်ခဲ့ဖူးသည်။ အကြောင်းအမျိုးမျိုးကြောင့် ၁၉၉ဝ ခုနှစ်ပိုင်းကစပြီး ရွာလွတ်ဆေးတံလုပ်ငန်းက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ၂ဝဝ၇ ခုနှစ်လောက် အထိ ရွာလွတ်တွင် ဆေးတံလုပ်ငန်းလုပ်သည့် အိမ်ထောင်စုပေါင်း ၂ဝ လောက် ရှိနေသေးသော်လည်း ၂ဝဝ၉ ခုနှစ်တွင် ၃ စုပဲ ရှိပါသည်။ အဲဒီ ဆေးတံလုပ်သည့်ပညာရပ် ကျွမ်းကျင်သူများကလည်း အိမ်နီးချင်းနိုင်ငံတွင် ပြောင်းရွှေ့လုပ်သားများအဖြစ် အလုပ်လုပ်နေကြပါပြီ။

သောက်ဆေး[ပြင်​ဆင်​ရန်​]

ငုံဆေး၊ ကွမ်းယာဆေး၊ ဆေးတံသောက်ဆေး၊ ထန်းဖူးဖက်၊ ကွမ်းသီးဖက်၊ ပြည့်စင်ဖက်၊ ဘန့်ပွေးဖက်၊ ပြောင်းဖူးဖက်၊ သနပ်ဖက် ဖက်မျိုးစုံနှင့်လိပ်သည့် ဆေးပေါ့လိပ်၊ ပွတ်ချွန်းလိပ်၊ ဆေးပြင်းလိပ် နှင့် စီးကရက်များတွင်သုံးဖို့ ဆေးရွက်ကြီးကို ချင်းတွင်းမြစ် ဝဲယာတလျောက်နှင့် ချင်းတွင်း၊ ဧရာဝတီမြစ်နှစ်သွယ်ကြားက အရပ်များတွင် အဓိကထားပြီး စိုက်ကြသည်။

မတ္တရာနယ်က မြွေရွာများ၊ စစ်ကိုင်း၊ မြင်းခြံ၊ သရက်၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ကျောက်ဖြူ အရပ်ဒေသများတွင် ဆေးရွက်ကြီး စိုက်ခင်းကြီးများရှိသည်။ ရှမ်းပြည်တောင်ပိုင်း မောက်မယ်၊ လင်းခေး၊ မန္တလေးနားက ရှမ်းကလေးကျွန်း၊ ပျော်ဘွယ်၊ တောင်တွင်းကြီး အရပ်များတွင်လည်း ဗာဂျီးနီးယား ဆေးမျိုးကို စိုက်ကြသည်။

ဆေးရွက်ကြီးထွက်သည့်အရပ်ကို နာမည်တပ်ပြီး ရွှေကျင်ဆေး၊ သစ်ထောင့်ဆေး၊ ငမြာကြီးဆေး စသဖြင့်ခေါ်ကြသလိုပဲ ကုန်းပေါ်တွင်စိုက်သည့် ‘ကုန်းဆေး’ နှင့် မြစ်ဝှမ်း နုန်းမြေနုကျွန်းပေါ်တွင်စိုက်သည့် ‘ကျွန်းဆေး’ ဆိုပြီး ဆေးရွက်ကြီး နှစ်မျိုးနှစ်စားလည်း ရှိသည်။ ကုန်းဆေး က ပြင်းပြီး ကျွန်းဆေး က ချိုသည်ဟု ပြောလေ့ရှိကြသည်။ ကျွန်းဆေးကို ကွမ်းယာတွင်လည်း အသုံးများသည်။ လူဦးမင်း ၏ ဒွေးချိုးထဲတွင်ပါသည့် ‘ငါန်းမြာ က ဆေး’ ဆိုသည် ငါန်းမြာ အရပ်က ကျွန်းဆေး ဖြစ်သည်။

ရသာ၊ ဖလျှင်း၊ မီးတောင်၊ နတ်ကြီး၊ သရက်ချိုပင်၊ တဲကြီး စသည့်အရပ်များက ‘ကုန်းဆေး’ ကို စိုက်ကြသည်။ ငါန်းမြာ၊ ပခုက္ကူ၊ မြောင်၊ မရိုးကုန်း၊ ငနန်း၊ မြစ်ခြေ စသည့် အရပ်များက ‘ကျွန်းဆေး’ ကို စိုက်ကြသည်။

မြန်မာ့ရိုးရာဓလေ့တွင် ‘ကွမ်း၊ ဆေး၊ လက်ဖက်’ သုံးမျိုးကို နေ့စဉ်တဓူဝ အသုံးအဆောင် အဖြစ်တင်မကဘဲ အိမ်အလည်လာသည့် ဧည့်သည် စောင်သည်များကိုလည်း ဧည့်ဝတ်ပြု ဧည့်ခံကြသည်။ သုမင်္ဂလ၊ ဒုမင်္ဂလ အခန်းအနားများက ကန်တော့ပွဲအမျိုးမျိုးတွင်လည်း အဓိကပစ္စည်းများအနေနှင့် ထည့်သွင်းကြရသည်။

အကျိုးအပြစ်[ပြင်​ဆင်​ရန်​]

ဆေးလိပ် ဆေးတံသောက်သည်နှင့် ဆေးငုံခြင်းကရလာသည့် အကျိုးအပြစ်များကို ရှေးခေတ်အခါတုန်း ကတော့ ခွဲခွဲခြားခြား မရေးခဲ့ကြပါ။ ‘ခံတွင်း သွားအံ ပုပ်ညှီနံ၊ ဆေးတံ ကွပ်တုံမင်း’ ဟု ဆေးတံသောက်ခြင်းကရသည့် အကျိုးတရပ်ကိုတောင် ရေးထားခဲ့ဖူးပါသေးသည်။

ယနေ့တွင် နည်းပညာနှင့် ဆေးပညာရပ်များ တိုးတက် ထွန်းကားလာသည်နှင့်အမျှ ဆေးငုံသည်နှင့် ဆေးလိပ် ဆေးတံသောက်ရှူသည့် အလေ့အထတွင် ကျန်းမာရေးအရ ကောင်းကျိုးထက်စာလျှင် ဆိုးကျိုး အပြစ်များကို ပိုပြီးအတွေ့ရများလာသည်။ ဆိုးကျိုးအပြစ်များကို အတန်တန်ပြပြီး သည်းမြစ်ချက်များ အများအပြား ထုတ်ပြန်ထားကြသော်လည်း ဆေးလိပ် ဆေးတံ ထုပ်လုပ်မှုက ကမ္ဘာအနှံ့အပြားတွင် အင်အားကောင်းနေဆဲဖြစ်သည်။[၁]

ဆေးတံနှင့်ပတ်သက်သောစာများ[ပြင်​ဆင်​ရန်​]

‘ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ ပေး။
မယူလိုက်က မိုက်ဟုထင်
ယူလိုက်ပြန်က ကြိုက်ဟုထင်
သောက်စေချင် ကုတင်တွင် ထောင်ခဲ့ကွဲ့
ညိုနွဲ့၏လေး။’
ဆေးတံတို ဒွေးချိုး မယ်ခွေ (မြန်မာသက္ကရာဇ် ၁၁၅ဝ-၁၂၁ဝ)


‘ကိုကြီးကျော် ပလီလွန်းသည်
မောင်ကြီးကျော် ပလီလွန်းသည်
ဆေးစိုက်သည့် ကျွန်း’
ပခန်း ကိုကြီးကျော် ရှေးနတ်ချင်း


‘တံသည်းဦးက ကွမ်းနုဝါ
ငါန်းမြာ က ဆေး။
ကိုင်း ထုံးဖြူ ပြည် ရှားနှင့်
သာဝါးဟုထွေး။’
လူဦးမင်း (မြန်မာသက္ကရာဇ် ၁၁၆၂-၁၂၃၃)


‘ဆေးတံတထွာ ကိုက်ကာထွန်လျှင်း
လယ်ကွက်တခွင် ထွန်ရေးငင်
ရေဝင် ပုဇွန်တွင်းငယ်နှင့်လေး’
လယ်သမားဖွဲ့ တျာချင်း ဝန်ကြီးပဒေသရာဇာ (မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မိုးမခမီဒီယာ
  • မဟာကဗျာကျမ်း၊ မြန်မာဩဘာစာအုပ်တိုက်၊ ပထမအကြိမ်ပုံနှိပ်၊ ပြာသိုလ၊ မြန်မာသက္ကရာဇ် ၁၂၅၇
  • မင်းနှစ်မင်းတို့၏ စာပေကဗျာပေါင်းချုပ်၊ စိန်ပန်းမြိုင်စာပေတိုက်၊ ဒီဇင်ဘာလ၊ ၁၉၇၁
  • စုံထောက်ဦးစံရှားပေါင်းချုပ်၊ ရွှေဥဒေါင်း၊ ပုဂံစာအုပ်တိုက်၊ အောက်တိုဘာလ၊ ၁၉၇၄
  • ၁၂ ပွဲဈေးသည်နှင့် ကျွန်မတို့အညာ၊ လူထုဒေါ်အမာ၊ ကြီးပွားရေးပုံနှိပ်တိုက်၊ နိုဝင်ဘာလ၊ ၂ဝဝ၂
  • ကျွန်မတို့ငယ်ငယ်က၊ လူထုဒေါ်အမာ၊ ကြီးပွားရေးပုံနှိပ်တိုက်၊ နိုဝင်ဘာလ၊ ၁၉၉၄