အောင်သူ (ဘောလုံးသမား)
၂၀၁၈ခုနှစ်ကတွေ့ရစဉ် | |||
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အမည် အပြည့်အစုံ | Aung Thu | ||
မွေးသက္ကရာဇ် | ၂၂ မေ၊ ၁၉၉၅ | ||
မွေးရပ်ဇာတိ | ပင်းတလဲရွာ၊ ဝမ်းတွင်းမြို့နယ်[၁] | ||
အရပ်အမြင့် | ၁.၆၈ m (၅ ft ၆ in) | ||
ကစားသည့်နေရာ | ရှေ့တန်း (တိုက်စစ်) | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ဘူရီယန် ယူနိုက်တက် | ||
အင်္ကျီနံပါတ် | ၇၇ | ||
လူငယ်ဘဝကလပ်များ | |||
၂၀၁၁ - ၂၀၁၃ | ဘောလုံးအကယ်ဒမီ (မန္တလေး) | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
၂၀၁၃ - ၂၀၂၀ | ရတနာပုံ ဘောလုံး အသင်း | ၆၉ | (၃၁) |
၂၀၁၈ | → ပူးလစ်တီရိုအသင်း (အငှား) | ၃၁ | (၁၁) |
၂၀၁၉ | → မြောင်တောင်ယူနိုက်တက် (အငှား) | ၁၃ | (၃) |
၂၀၂၀ — | ဘူရီယန်ယူနိုက်တက် | ၃၇ | (၉) |
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
၂၀၁၁ | ယူ - ၁၆ | ၄ | (၄) |
၂၀၁၃ - ၂၀၁၇ | ယူ - ၂၀ | ၁၉ | (၁၂) |
၂၀၁၇ - ၂၀၁၈ | ယူ - ၂၃ | ၁၆ | (၅) |
၂၀၁၅ - ၂၀၁၉ | မြန်မာ | ၄၁ | (၉) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
အောင်သူ သည် မြန်မာနိုင်ငံမှ ဘောလုံးသမားတစ်ဦးဖြစ်ကာ လက်ရှိတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက် တို့၏ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ ယခင်က ရတနာပုံဘောလုံးအသင်းတွင် ကစားခဲ့သည်။ ၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံအသင်းများ ဖြစ်ကြသည့် ပူးလစ်တီရို၊ မြောင်တောင်ယူနိုက်တက်တို့တွင် အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သည်။[၂] ၂၀၂၀ပြည့်နှစ်တွင် ရတနာပုံဘောလုံးအသင်းမှ အပြီးပိုင်ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့သည်။ အောင်သူသည် မြန်မာ ယူ - ၁၇၊ ယူ - ၂၀၊ ယူ - ၂၃ ဘောလုံးအသင်းများနှင့် လက်ရွေးစင်အသင်းကြီးတို့တွင် ကစားသော လက်ရွေးစင်ကစားသမားလည်းဖြစ်သည်။
အသက် ၁၆နှစ်အောက် မြန်မာဘောလုံးအသင်းတွင် အရွေးချယ်ခံခဲ့ရပြီး အေအက်(ဖ်)အက်(ဖ်) ယူ - ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ကစားခဲ့သည်။ ၂၀၁၄ခုနှစ်တွင် ရန်ကုန်မြို့၌ လက်ခံကျင်းပသော အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲတွင် အောင်သူမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်သည်။[၃] ၂၀၁၅ခုနှစ်တွင် မြန်မာ ယူ - ၁၉ ဘောလုံးအသင်းသည် ဖီဖာ ယူ - ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုက်ခဲ့သည်။ ဤသည်မှာ မြန်မာ့လက်ရွေးစင်အသင်းတစ်သင်းအနေဖြင့် ၁၉၇၂ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။[၄] ထိုမြန်မာ့လက်ရွေးစင်အသင်းတွင် အောင်သူသည်လည်း ပါဝင်ခဲ့ပြီး မြန်မာဘောလုံးပရိသတ်များအကြား လူသိပိုများလာခဲ့သည်။ နောက်ပိုင်းတွင် မြန်မာအသင်း၏ ပြည်တွင်းပြည်ပ ပွဲစဉ်များ၌ ခြေစွမ်းပြကစားခဲ့ရာ နိုင်ငံတကာပရိသတ်များကပါ သတိထားမိလာခဲ့သည်။[၂]
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]အောင်သူ့ကို ၁၉၉၆ခုနှစ် မေလ ၂၂ရက်တွင် ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာ၌ သာမန်အစိုးရဝန်ထမ်းမိဘများမှ မွေးဖွားခဲ့သည်။[၁] ထို့နောက် မိဘများက ပျဉ်းမနားသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် ပျဉ်းမနားမြို့တွင် ကြီးပြင်းခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ဘောလုံးဝါသနာပါသူဖြစ်ကာ ညအိပ်လျှင်ပင် ဘောလုံးကို ဖက်၍ အိပ်သည်ဟု အမေးအဖြေကဏ္ဍတစ်ခုတွင် အောင်သူမှ ပြောကြားခဲ့သည်။ ၎င်း၏အစ်ကိုများသည်လည်း ဘောလုံးကိုရူးသွပ်သူများဖြစ်ကာ အောင်သူသည် ၎င်း၏အပေါင်းအသင်းများကြားတွင် ဘောလုံးကစားရာ၌ ထင်ရှားခဲ့သည်။
ဘောလုံးအကယ်ဒမီ
[ပြင်ဆင်ရန်]အောင်သူ့ကို မန္တလေးမြို့ရှိ ဘောလုံးအကယ်ဒမီက ရွေးချယ်ခဲ့ကာ အောင်သူသည် ဘောလုံးပညာအား စနစ်တကျ သင်ကြားခွင့် ရရှိခဲ့သည်။ သို့ရာတွင် မိသားစုမှ ငွေထောက်ပံ့ပေးနိုင်မှု အားနည်းခဲ့၍ အခက်အခဲများလည်း ရှိခဲ့သည်။
ကစားသမားဘဝ
[ပြင်ဆင်ရန်]အစောပိုင်းကာလ
[ပြင်ဆင်ရန်]၂၀၀၉ခုနှစ်တွင် တိုင်းဘောလုံးပြိုင်ပွဲ၌ ပျဉ်းမနားကိုယ်စားပြုအသင်းတွင် ပါဝင်ခဲ့ကာ (၃)ဂိုးသွင်းယူခဲ့သည်။
ရတနာပုံဘောလုံးအသင်း
[ပြင်ဆင်ရန်]မန္တလေးဘောလုံးအကယ်ဒမီမှ အောင်သူအား ၂၀၁၃ခုနှစ်တွင် မန္တလေးမြို့အခြေစိုက် ရတနာပုံဘောလုံးအသင်းမှ ခေါ်ယူခဲ့သည်။ အောင်သူသည် ရတနာပုံဘောလုံးအသင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်း၏ အဓိကကစားသမားနေရာမှ ပါဝင်ကစားခဲ့သည်။
အငှားကစားသမား
[ပြင်ဆင်ရန်]ပူးလစ်တီရို
[ပြင်ဆင်ရန်]၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် အောင်သူသည် ရတနာပုံအသင်းမှ ထိုင်းနိုင်ငံ ပူလစ်တီရိုအသင်းသို့ အငှားစာချုပ်ဖြင့် ၂၀၁၈ဘောလုံးရာသီအတွက် သွားရောက်ကစားခဲ့သည်။ ထိုအသင်းတွင် (၃၁)ပွဲ ကစားပြီး (၁၁)ဂိုး သွင်းယူခဲ့သည်။[၅] တစ်လတာ အကောင်းဆုံးကစားသမားဆုများလည်း ရရှိခဲ့ကာ[၆] အပတ်စဉ် (၁၁)တွင် ဆူခိုထိုင်းအသင်းနှင့် ကစားသောပွဲ၌ သွင်းယူခဲ့သော ဂိုးမှာ အကောင်းဆုံး သွင်းဂိုး (၅) ဂိုးစာရင်းတွင် ပါဝင်ခဲ့သည်။
မြောင်တောင်ယူနိုက်တက်
[ပြင်ဆင်ရန်]၂၀၁၉ရာသီတွင်မူ မြောင်တောင်ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ကာ ကျောနံပတ် (၉)ကို ဝတ်ဆင်ခဲ့သည်။[၅] သို့သော် ထိုအသင်းတွင် ခြေစွမ်းပြနိုင်ရန်ပင် ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် မရခဲ့ကာ နောက်ပိုင်းတွင် အရန်လူစာရင်း၌ပင် မပါဝင်ခဲ့ပေ။[၆] ထိုအသင်းတွင် (၁၃)ပွဲကစားပြီး (၃)ဂိုး သွင်းယူခဲ့သည်။
ရတနာပုံဘောလုံးအသင်း (၂၀၂၀)
[ပြင်ဆင်ရန်]မြောင်တောင်ယူနိုက်တက်နှင့် လမ်းခွဲပြီးနောက် ၂၀၂၀ပြည့်နှစ်တွင် မိခင်အသင်းဖြစ်သော ရတနာပုံအသင်းတွင် ပြန်လည် ကစားခဲ့ပြီး ကျောနံပတ် (၉၉) ဝတ်ဆင်ခဲ့သည်။[၇] ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အောင်သူအား အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ဖြင့် ထိုင်းနိုင်ငံ ဘူရီယန်ယူနိုက်တက်သို့ အပြီးသတ်ရောင်းချခဲ့သည်။ ထိုအချိန်တွင် အောင်သူသည် ရတနာပုံအသင်းနှင့် စာချုပ် တစ်ရာသီ ကျန်ရှိသေးသည်။[၈]
ဘူရီယန်ယူနိုက်တက်
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၂၆ရက်နေ့တွင် ဘူရီယန်ယူနိုက်တက်၌ ပထမဆုံးပွဲဦးထွက် ကစားခဲ့သည်။ သို့ရာတွင် ထိုဘောလုံးရာသီ၏ ဒုတိယရာသီဝက်တွင် ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပြီး (၂)ဂိုးသာ သွင်းယူနိုက်ခဲ့သည်။ နောက်ထပ်ရာသီတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရဆဲဖြစ်သည်။[၉]
လက်ရွေးစင်ကစားသမားဘဝ
[ပြင်ဆင်ရန်]အစောပိုင်းဘဝ
[ပြင်ဆင်ရန်]အောင်သူသည် ယူ - ၁၆ လက်ရွေးစင်အသင်း၌ ရွေးချယ်ခံခဲ့ရပြီး ၂၀၁၁ အေအက်(ဖ်)အက်(ဖ်) လူငယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤသည်မှာ အောင်သူ၏ ပထမဆုံးသော နိုင်ငံတကာပွဲဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ၌ မြန်မာ ယူ - ၁၉ အသင်းသည် ဗိုလ်စွဲခဲ့သည်။ နောက်ဆုံးပွဲ၌ ဗီယက်နမ်နိုင်ငံအသင်းအား (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုပွဲစဉ်တွင် မြန်မာအသင်းအတွက် အနိုင်ဂိုးအား ပွဲချိန် (၈၂)မိနစ်၌ အောင်သူမှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အောင်သူသည် မြန်မာဘောလုံးပရိသတ်များအကြား ရေပန်းစားလာခဲ့သည်။ ထိုအသင်းသည်လည်း ရန်ကုန်သို့ပြန်လာချိန်တွင် သောင်းသောင်းဖြဖြ ကြိုဆိုခြင်းကို ခံခဲ့ရသည်။[၁၀]ထို့နောက် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အာရှ ယူ -၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ၌ အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သဖြင့် ၂၀၁၅ခုနှစ် ဖီဖာ ယူ - ၂၀ ကမ္ဘာ့ဖလားသို့ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။ ဤသည်မှာ ၁၉၇၂ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ပြီးနောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုပြိုင်ပွဲ၌ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁)ဂိုးအား အောင်သူမှ သွင်းယူခဲ့ခြင်းဖြစ်သည်။
လက်ရွေးစင်အသင်းကြီး
[ပြင်ဆင်ရန်]အောင်သူသည် ၂၀၁၅ ဩဂုတ် ၂၈ရက်နေ့တွင် ယူအေအီးနိုင်ငံနှင့် ခြေစမ်းပွဲ၌ ပထမဆုံးအကြိမ် ကစားခဲ့သည်။ ၎င်း၏ ပထမဆုံးသွင်းဂိုးအနေဖြင့် ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲတွင် လာအိုနှင့်ပွဲစဉ်၌ သွင်းယူခဲ့သည်။
နိုင်ငံတကာသွင်းဂိုးများ
[ပြင်ဆင်ရန်]- မြန်မာအသင်း၏ သွင်းဂိုးနှင့် ရလဒ်တို့ကို ဦးစွာဖော်ပြထားသည်။
# | ရက်စွဲ | အားကစားကွင်း | ပြိုင်ဘက် | ဂိုးရလဒ် | ရလဒ် | ပြိုင်ပွဲ |
---|---|---|---|---|---|---|
၁ | ၁၃ အောက်တိုဘာ ၂၀၁၅ | Supachalasai Stadium၊ ဘန်ကောက်မြို့ | လာအို | ၃-၁ | ၃-၁ | ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ |
၂ | ၂၉ မတ် ၂၀၁၆ | Saida International Stadium၊ Sidon | လက်ဘနွန် | ၀-၁ | ၁-၁ | ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ |
ဂုဏ်ပြုဆုများ
[ပြင်ဆင်ရန်]- Hassanal Bolkiah Trophy(1): ၂၀၁၄
- AFF Youth Player of the Year(1): ၂၀၁၅
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]အောင်သူသည် ၂၀၁၈ခုနှစ် မေလ ၃၁ရက်နေ့တွင် သရုပ်ဆောင် ပိုးအိအိခန့်နှင့် လက်ထပ်ခဲ့သည်။[၁၁] မင်္ဂလာဆောင်အခမ်းအနားကို ၂၀၁၉ခုနှစ် မတ်လ ၂၆ရက်နေ့တွင်မှ ကျင်းပခဲ့သည်။[၁၂] ၂၀၁၉ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ပထမဆုံးသော သားဖြစ်သူ သွင်ဦးဟန်ကို မွေးဖွားခဲ့သည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "ထိုင်းမြေရောက် မြန်မာ့ပတ္တမြား၏အနာဂတ်ဌ"။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 24 January 2022။
- ↑ ၂.၀ ၂.၁ "အောင်သူ ထိုင်းကလပ်အသင်းတွက် ကစားတော့မယ်"။
- ↑ "မြန်မာ့ ဘောလုံးလောကရဲ့ ပြိုင်ဘက် မရှိ ဥက္ကဋ္ဌ"။
- ↑ "မြန်မာ ယူ ၂၀ ဥရောပနိုင်ငံများတွင် ခြေစစ်ပွဲများ ကစားမည်"။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 24 January 2022။
- ↑ ၅.၀ ၅.၁ "မြောင်တောင်ယူနိုက်တက်ကို ချန်ပီယံဖြစ်အောင် ကူညီပေးမည်"။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 24 January 2022။
- ↑ ၆.၀ ၆.၁ "မြောင်တောင်ယူနိုက်တက်အသင်းတွင် ခြေစွမ်းမပြနိုင်သည့် အောင်သူ လမ်းခွဲဖွယ်ရှိနေပြီး အသင်းပြောင်းရန် သတင်းထွက်ပေါ်"။
- ↑ "အောင်သူကို အဓိကထိန်းချုပ်မည်"။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 24 January 2022။
- ↑ "အောင်သူကို ဒေါ်လာ ၅၀,၀၀၀ဖြငိ့ အပြီးသတ်ရောင်းချ"။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 24 January 2022။
- ↑ "မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ ယခုရာသီတွင် ဘူရီရမ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြား"။
- ↑ "အောင်ပွဲခံ မြန်မာအသင်းကို သောင်းသောင်းဖြဖြ ကြို"။
- ↑ အောင်သူနဲ့ လက်ထပ်ထားတာ(၉)လကျော်သွားပြီဆိုတဲ့ ပိုးအိအိခန့် (in my)။ Duwun (6 March 2019)။
- ↑ "အောင်သူနဲ့ Game ကစားရင်း ဖူးစာဆုံခဲ့တာပါ ဆိုတဲ့ ပိုးအိအိခန့်" (in my)၊ Duwun၊ 26 March 2019။
- ↑ "ပထမဆုံး ရင်သွေး သားဦးလေး ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အောင်သူနဲ့ ပိုးအိအိခန့်" (in my)၊ Yangon News၊ 20 July 2019။ 24 January 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 6 December 2019။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
ဤ အတ္ထုပ္ပတ္တိ မြန်မာဘောလုံးအားကစားနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |