Star Awards (ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆု)

ဝီကီပီးဒီးယား မှ
Star Awards
ဆုပေးအပ်ခြင်းအကြောင်းမြန်မာနိုင်ငံတွင် တစ်နှစ်တာအတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်သံဇာတ်လမ်းတွဲများမှ ထူးချွန်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များအား မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ချီးမြှင့်ပေးအပ်သည့် ဆု
ထောက်ပံ့ပေးသူမြန်မာနိုင်ငံသတင်းစာဆရာအသင်း
နိုင်ငံမြန်မာနိုင်ငံ
ပထမဆုံးဆုတံဆိပ်၂၀၁၉

Star Awards ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆု သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (Myanmar Journalists Association) က ရွေးချယ်ချီးမြှင့်၍ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများကို ပေးအပ်သည့် ဆုဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများအတွက် ရုပ်ရှင်ထူးချွန်ဆု (၁၅) ဆုနှင့် ရုပ်သံဇာတ်လမ်းတွဲများအတွက် ထူးချွန်ဆု (၅) ဆု တို့ကို ချီးမြှင့်ပေးအပ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ်မှ စတင်ပြီး ၂၀၁၈ခုနှစ်အတွက် Star Awards ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ဦးဆောင်ချီးမြှင့်ပေးအပ်ခဲ့သည်။ ပထမဆုံးကျင်းပသည့် ဆုပေးပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏဘုမ္မိ Event Park တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပထမအကြိမ် ဆုပေးပွဲကို Stellar Seven Entertainment Company အဓိက စီစဉ်ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ် Star Awards ဆုပေးပွဲတွင် ရုပ်ရှင်ဇာတ်ကားများအတွက် ထူးချွန်ဆု (၁၅) ဆုနှင့် ရုပ်သံဇာတ်လမ်းတွဲများအတွက် ထူးချွန်ဆု (၅) ဆု၊ ပွဲတက်ဖက်ရှင်ဆု (၃) ဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့သည်။

Star Awards ဆုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပေးအပ်တော့မည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ (၉) ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာပြီးနောက် ရုပ်ရှင်လောကသားများအကြား အငြင်းပွားမှုများ များစွာ ပေါ်ပေါက်ခဲ့သည်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၏ သတင်းမီဒီယာများထံ ဖြေကြားချက်တစ်ရပ်တွင် အချို့သော ရုပ်ရှင်လောကသားများက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပေးအပ်ချီးမြှင့်နေသော ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) ၏ အခန်းကဏ္ဍ မှေးမှိန်မည်ကို စိုးရိမ်ပူပန်မှုများရှိကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မူလက ပထမအကြိမ် Star Awards ဆုပေးပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်ရန် လျာထားခဲ့သော်လည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အကယ်ဒမီဆု) နောက်မှသာ ကျင်းပရန် မေတ္တာရပ်ခံသဖြင့် ဆုပေးပွဲကို ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ (၅) ရက်နေ့တွင် ကျင်းပခဲ့ရသည်။ ဆုပေးပွဲသို့ ရုပ်ရှင်လောကသားအချို့သာ တက်ရောက်ခဲ့ကြပြီး ဆန်ကာတင်စာရင်းဝင်သူများ၊ ဆုရရှိသူ အတော်များများ တက်ရောက်ခြင်း မရှိခဲ့ကြပေ။ နာမည်ကြီး အနုပညာရှင်များထဲမှ ရန်အောင်၊ လူမင်း၊ လွင်မိုး၊ စိုးမြတ်သူဇာ၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခွန်းဆင့်နေခြည်၊ ပိုင်ဖြိုးသု၊ ဇာဏ်ခီ၊ ခရစ္စတီးနားခီ အစရှိသူတို့သာ တက်ရောက်ခဲ့ကြသည်။

ဆုအမျိုးအစားများ[ပြင်ဆင်ရန်]

ရုပ်ရှင်ထူးချွန်ဆုများ[ပြင်ဆင်ရန်]

ရုပ်ရှင်ဇာတ်ကားများအတွက် ဆု အမျိုးအစား (၁၅) မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ရုပ်ရှင်ဂုဏ်ထူးဆောင်ဆု - Honorary Award
  2. ရုပ်ရှင်ဇာတ်ကားဆု - Best Picture Award
  3. ရုပ်ရှင်ဇာတ်လမ်းဆု - Best Story Award
  4. ရုပ်ရှင်ဒါရိုက်တာဆု - Best Director Award
  5. အမျိုးသားဇာတ်ဆောင်ဆု - Best Actor in Leading Role Award
  6. အမျိုးသမီးဇာတ်ဆောင်ဆု - Best Actress in Leading Role Award
  7. အမျိုးသားဇာတ်ပို့ဆု - Best - Actor in Supporting Role Award
  8. အမျိုးသမီးဇာတ်ပို့ဆု - Best Actress in Supporting Role Award
  9. ရုပ်ရှင်ဓာတ်ပုံဆု - Best Cinematography Award
  10. ရုပ်ရှင်ဇာတ်ဝင်တေးဆု - Best Theme Song Award
  11. ရုပ်ရှင်အထူးဆု (မိတ်ကပ်နှင့် အဝတ်အစားဆု) - Special Award (Costume & Makeup)
  12. ရုပ်ရှင်အထူးဆု (သရုပ်ဆောင်ဆု) - Special Award (Performance)
  13. ရုပ်ရှင်အထူးဆု (ဆက်တင်နှင့် ထူးပြုလုပ်ချက်ဆု) - Special Award (Setting & Special Effects)
  14. တက်သစ်စ အမျိုးသားသရုပ်ဆောင်ဆု - Rising Star (Male) Award
  15. တက်သစ်စ အမျိုးသမီး သရုပ်ဆောင်ဆု - Rising Star (Female) Award

ရုပ်သံထူးချွန်ဆုများ[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများအတွက် ပေးအပ်သည့် ဆု အမျိုးအစား (၅) မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ရုပ်သံဇာတ်လမ်းတွဲဆု
  2. ရုပ်သံဇာတ်လမ်းတွဲ ဒါရိုက်တာဆု
  3. အမျိုးသားသရုပ်ဆောင်ဆု
  4. အမျိုးသမီးသရုပ်ဆောင်ဆု
  5. အထူးဆု

ပွဲတက်ဖက်ရှင်ဆု[ပြင်ဆင်ရန်]

  1. အကောင်းဆုံး ပွဲတက်ဖက်ရှင်ဆု (အမျိုးသားအနုပညာရှင်)
  2. အကောင်းဆုံး ပွဲတက်ဖက်ရှင်ဆု (အမျိုးသမီးအနုပညာရှင်)
  3. အကောင်းဆုံး ပွဲတက်ဖက်ရှင်ဆု (ဧည့်သည်တော်)

[၂]

ဆုတံဆိပ်[ပြင်ဆင်ရန်]

[ပြင်ဆင်ရန်]

Star Awards Logo မှာ ကြယ်(၇)စင်းမှ ဖြာကျလာသော ရောင်စဉ်အလင်းတန်းဖြစ်ပြီး ထိုအလင်းတန်းမှာ Star Awards ဆုဖြင့် ဂုဏ်ပြုအပ်သောအနုပညာရှင်ကို ရှာဖွေပြသပေးမည့် ရောင်စဉ်အလင်းတန်းသဖွယ်ကိုယ်စားပြုသည်။

Star Awards Trophy[ပြင်ဆင်ရန်]

Star Award Trophy မှာလည်း Logo ကိုအခြေခံကာပြုလုပ်ထားခြင်းဖြစ်ပြီး ဆုတံဆိပ်၏ အပေါ်ဘက်ထိပ်ဆုံးပိုင်းတွင် ထောင့်(၇)ထောင့်ပါဝင်သည့် ခုနှစ်ထောင့်ကြယ် ပုံသဏ္ဌာန်ဖောင်းကြွပါဝင်သည်။ ထို ခုနှစ်ထောင့်ကြယ်မှ ဖြာကျလာသောအလင်းတန်းရောင်စဉ်များဖြင့် မျက်နှာပြင် (၇)ခုဖြစ်ပေါ်လာရခြင်းဖြစ်သည်။ Trophy ၏ အောက်ခြေပိုင်းမှာလည်း ခုနှစ်ထောင့်ကြယ် ကိုသာအခြေ ပြုပြီးဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။ Trophy ကိုရရှိမှု၏အဓိပ္ဗာယ်မှာ ဂုဏ်ပြုအပ်သောအနုပညာရှင်အပေါ်သို့ ထာဝစဉ် ဖြာကာကျရောက်နေမည့် ရောင်စဉ်အလင်းတန်းအဓိပ္ပာယ်ဖြင့် မှတ်တမ်းတင် ပေးအပ်ခြင်းဖြစ်သည်။[၃]

နှစ်အလိုက် ဆုရရှိသူများစာရင်း[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ် (ပထမအကြိမ်)[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်အတွက် Star Awards ဆုရရှိသူများစာရင်း
ဆုအမျိုးအစား ဆုရရှိသူ ဇာတ်ကား/ဇာတ်လမ်းတွဲ ဆန်ကာတင်စာရင်းဝင်သူများ (ဆုရရှိသူ မပါ)
ရုပ်ရှင်ထူးချွန်ဆုများ
ရုပ်ရှင်ဂုဏ်ထူးဆောင်ဆု

Honorary Award

ဒါရိုက်တာ ဦးဝင်းဖေ
ရုပ်ရှင်ဇာတ်ကားဆု

Best Picture Award

ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေး လရောင်ဖြာတဲ့ အင်းလေးမှာ - သမ္မတကြီးထံပေးစာ

- မုန်းစွဲ

- ဥပါဒါန်

ရုပ်ရှင်ဒါရိုက်တာဆု

Best Director Award

ခရစ္စတီးနားခီ ဥပါယ်တံမျဉ် - ဏကြီး (မီ)

- ဩရသ (မုန်းစွဲ)

- အာကာ (ဒုဋ္ဌဝတီကို လွန်၍)

ရုပ်ရှင်ဇာတ်လမ်းဆု

Best Story Award

အရှင်ဆန္ဒာဓိက မုန်းစွဲ
ရုပ်ရှင်အမျိုးသားဇာတ်ဆောင်ဆု

Best Actor in a Leading Role Award

နေတိုး တိမ်တိုက်တံတား - ကျော်ထက်အောင် (ချူဆီ)

- ဇေရဲထက် (ရာဇဝင်ရိုင်းခဲ့သည်)

- ဖိုးချစ် (နောင်တွင် ဥဒါန်းတွင်စေသတည်း)

ရုပ်ရှင်အမျိုးသမီးဇာတ်ဆောင်ဆု

Best Actress in a Leading Role Award

ပိုင်ဖြိုးသု မီ - အိချောပို (ချူဆီ)

- ဝတ်မှုံရွှေရည် (ဇာတိမြေ)

- ထွန်းအိန္ဒြာဗို (နောင်တွင် ဥဒါန်းတွင်စေသတည်း)

ရုပ်ရှင်အမျိုးသားဇာတ်ပို့ဆု

Best Actor in Supporting Role Award

လူမင်း ငယ်ကျွန် - ကျော်ကျော်ဗို (မုန်းစွဲ)

- နေမျိုးအောင် (သုံးရောင်ခြယ်)

- အောင်မြင့်မြတ် (ဥပါယ်တံမျဉ်)

ရုပ်ရှင်အမျိုးသမီးဇာတ်ပို့ဆု

Best Actress in Supporting Role Award

ရွှေသမီး သုံးရောင်ခြယ် - လင်းဇာနည်ဇော် (တစ်ခုလပ်)

- ခင်ဇာခြည်ကျော် (ဥပါဒါန်)

- စိုးမြတ်သူဇာ (ငယ်ကျွန်)

ရုပ်ရှင်ဓာတ်ပုံဆု

Best Cinematography Award

ဏကြီး မီ - မုန်းစွဲ

- ဒုဋ္ဌဝတီကို လွန်၍

- လရောင်ဖြာတဲ့ အင်းလေးမှာ

ရုပ်ရှင်ဇာတ်ဝင်တေးဆု

Best Theme Song Award

"မျက်နှာဖုံးများ"

မေကြည် (တေးရေး)၊ မေ (တေးဆို)

ချူဆီ - ငယ်ကျွန်

- ဇာတိမြေ

- ကျွန်တော်တို့ ချစ်သေ

ရုပ်ရှင်အထူးဆု (အဝတ်အစားနှင့် မိတ်ကပ်)

Special Award (Costume & Makeup)

မေဦး မီ - တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ

- လရောင်ဖြာတဲ့အင်းလေးမှာ

- ဝိဉာဉ်စိမ်း

ရုပ်ရှင်အထူးဆု (ဆက်တင်နှင့် အထူးပြုလုပ်ချက်)

Special Award (Setting & Special Effects)

အောင်ကျော်ထွန်း၊ အာကာ production ဒုဋ္ဌဝတီကို လွန်၍ - ကြတ်ဂူ

- ဝိဉာဉ်စိမ်း

- Special 9

ရုပ်ရှင်အထူးဆု (သရုပ်ဆောင်)

Special Award (Performance)

မိုရီဆာကီ ဝင်း ဇာတိမြေ - အေးဝတ်ရည်‌သောင်း (မုန်းစွဲ)

- လွှမ်းပိုင် (ကိုယ်စောင့်နတ်)

- နန်းဆုဦး (ဥပါဒါန်)

တက်သစ်စ ရုပ်ရှင်အမျိုးသားသရုပ်ဆောင်ဆု

Rising Star Male Award

ခါရာ မျက်နှာပြင်များ - အောင်မြင့်မြတ် (ဥပါယ်တံမျဉ်)

- ဟန်လင်းသန့် (မိုးပန်းပွင့်ရဲ့ သင်္ကေတ)

- ခိုင်ထူးသာ (ဥပါဒါန်)

တက်သစ် ရုပ်ရှင်အမျိုးသမီးသရုပ်ဆောင်ဆု

Rising Star Female Award

‌မေမြင့်မိုရ် မိုးပန်းပွင့်ရဲ့ သင်္ကေတ - အမွန်း (ဒုဋ္ဌဝတီကို လွန်၍)

- ချမ်းမေမြတ်နိုး (တစ်ခုလပ်)

- ခြူးလေး (မိုးပန်းပွင့်ရဲ့ သင်္ကေတ)

ရုပ်သံဇာတ်လမ်းတွဲဆုများ
ရုပ်သံဇာတ်လမ်းတွဲဆု

Best TV Series Award

Aung Kyi Entertainment ပန်းနှစ်ပွင့်စီးချင်း - ဓမ္မဝိလာသ

- ပုဂံမြို့သူ

- ပျားရည်အိုင်

ရုပ်သံဇာတ်လမ်းတွဲဒါရိုက်တာဆု

Best TV Series Director Award

ကျော်သူ ပုဂံမြို့သူ - ဟိန်းစိုး (ပျားရည်အိုင်)

- သည်ခေတ်နေ (မနေ့ကဖြစ်သည်)

- ထွဋ်တင်ထွဋ် (အဆိပ်သွေး)

ရုပ်သံဇာတ်လမ်းတွဲ အမျိုးသားသရုပ်ဆောင်ဆု

Best TV Series Actor Award

ဒေါင်း ပုဂံမြို့သူ - အောင်မင်းခန့် (မနေ့ကဖြစ်သည် ၂)

- အောင်ရေချမ်း (ပျားရည်အိုင်)

- မင်းတော်ဝင် (ဓမ္မဝိလာသ)

ရုပ်သံဇာတ်လမ်းတွဲ အမျိုးသမီးသရုပ်ဆောင်ဆု

Best TV Series Actress Award

မေမီကိုကို ပျားရည်အိုင် - ခေးဆက်သွင် (အရိပ်)

- မေဘရဏီသော် (ပန်းနှစ်ပွင့်စီးချင်း)

- ပိုးကြာဖြူခင် (မိုးကောင်ကင်အိပ်မက်)

ရုပ်သံဇာတ်လမ်းတွဲ အထူးဆု (ဇာတ်လမ်းတွဲဆု)

Special Award (TV Series)

သိမ်းစိုး (သီဟရတနာ) ဘဝထဲက ဝတ္ထု၊ ဝတ္ထုထဲက ဘဝ
ပွဲတက်ဖက်ရှင်ဆု (အမျိုးသားအနုပညာရှင်)

Fashion Award (Actor)

ခါရာ
ပွဲတက်ဖက်ရှင်ဆု (အမျိုးသမီးအနုပညာရှင်)

Fashion Award (Actress)

ဝတ်မှုန်ရွှေရည်
ပွဲတက်ဖက်ရှင်ဆု (ဧည့်သည်တော်)

Fashion Award (Guest)

ဇင်သဲနိုင်

ဂယက်ရိုက်ခတ်မှုများ[ပြင်ဆင်ရန်]

Star Awards ဆုရွေးချယ်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်အတွက် ရုံတင်ဇာတ်ကား (၈၃) ကားထဲမှ ဆန်ကာတင် (၂၁) ကားကို ဆန္ဒမဲဖြင့် ရွေးချယ်စိစစ်ခဲ့ပြီး အဆိုပါ ဇာတ် ကားများထဲမှ ဆုများကို ‌ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ သို့ရာတွင် ဆန်ကာတင်စာရင်းဝင်ခဲ့သော သမ္မတကြီးထံပေးစာ၊ ရန်သူ၊ ရွှေကြာ အစရှိသည့် အချို့ဇာတ်ကားများမှ Star Awards တွင် ပါဝင်လိုခြင်းမရှိကြောင်း ပြောကြားကာ နုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။ "မုန်းစွဲ" ဇာတ်ကားသည် မူလက နုတ်ထွက်မည်ဟု ကြေညာခဲ့သော်လည်း မကြာမီ နုတ်ထွက်မှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ [၄]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]