ဗန်တို
ဗန်တို၊ဗန်ရှည် ကစားခြင်းသည် သိုင်းပညာ၏ ကဏ္ဍတရပ်ဖြစ်၍ ရန်သူကို ခုခံတိုက်ခိုက်နည်းတစ်မျိုးဖြစ်သည်။ ဗန်တိုသည် လက်နက်မဲ့ ကာကွယ် ခုခံတိုက်ခိုက်နည်းဖြစ်၍၊ မိမိကို ရန်ပြုလာသူအား လက်ထဲတွင် မည်သည့် လက်နက် အရာဝတ္ထု တခုခုကိုမျှ မကိုင်မသုံးဘဲ ခုခံကာကွယ်ခြင်းဖြစ်၍ ဗန်တိုဟုခေါ်သည်။ ဗန်တိုပညာသည် အပျော့ဗန်တိုနှင့် အမာ ဗန်တို ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ အပျော့ ဗန်တိုသည် မိမိကိုယ်ကို အထိမခံဘဲ ရှောင်တိမ်းကာတုံ့ပြန်စေသည့် နည်းကို အပျော့ဗန်တို ဟုခေါ်သည်။ အမာဗန်တိုသည် အခုခေတ်တွင် မြန်မာ့ လက်ဝှေ့ ဟုခေါ်သည်။ ၎င်းမှာ အကွဲကွဲ အပြဲပြဲ မတွန့်ဆုတ်ဘဲ ခံနိုင်ရည်၊ ပညာချင်း ယှဉ်ပြိုင်ပြီး တိုက်ခိုက်နည်းဖြစ်သည်။ ဗန်တိုသည် သိုင်းပညာရပ် တစ်ခုသာမက အတွေးအခေါ်၊ လောကီပညာများပါ ပေါင်းစပ်ပါဝင်သည်။ ဗန်တို၏ မူလအနက်မှာ ရှေးကျသော ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး "မိမိကိုယ်ကို ကျင့်ကြံအားထုတ်ခြင်း" ဟု အဓိပ္ပာယ်ရသည်။ ကာလကြာသော် "မိမိကိုယ်ကို ကျင့်ကြံကာကွယ်ခြင်း" ဟူ၍ ပြောင်းလဲ လာခဲ့သည်။
မြန်မာနိုင်ငံ၌ ဗန်တိုပညာတည်ရှိပုံ
[ပြင်ဆင်ရန်]ဗန်တို၊ ဗန်ရှည် ကစားခြင်း အလေ့အထသည် ၈ရာစုခန့်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု အထောက်အထားများကဆိုသည်။ ဗန်တို၊ ဗန်ရှည် ကစားခြင်း အတတ်သည် တရုတ်နိုင်ငံမှ စတင်သည်ဟု အချို့ကဆိုသည်။ တချို့ကမူ ခရစ်နှစ် ၃၀၀အတွင်းတွင် တောင်ပိုင်း အိန္ဒိယနိုင်ငံများမှ တရုတ်နိုင်ငံ၊ ထိုမှတဆင့် မြန်မာ၊ယိုးဒယား၊ကမ္ဘောဒီးယား၊ ဂျပန် စသော နိုင်ငံများသို့ ပျံ့နှံ့သွားသည်ဟု အထောက်အထားဖြင့် တင်ပြကြသည်။ ဗန်တို၊ ဗန်ရှည် ကစားခြင်း အလေ့အထသည် မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံထက် အရောက်နောက်မကျကြောင်းကိုလည်း တွေ့ရှိရပေသည်။ ဗန်တို၊ ဗန်ရှည်တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်သာသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်နိုင်သည်။ ဗန်တိုတတ်လျှင် ဗန်ရှည်တတ်ရသည်။ ဗန်ရှည်တတ်လျှင် ဗန်တိုတတ်ရသည်။ တမျိုးတတ်လျှင် ပညာမစုံသေး။ ၂မျိုးစလုံးတတ်မှ စွယ်စုံတတ်သည်ဟု ခေါ်ကြသည်။ မြန်မာတို့၏ အမွေ ဗန်တို၊ဗန်ရှည် ပညာကို ရှေးက စစ်ပွဲများတွင် အသုံးပြုခဲ့ကြပြီး တိုင်းပြည်ကာကွယ်ရာတွင် အသုံးပြုကြသည်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်၊ သမိုင်းတလျှောက် နိုင်ငံတော် ကာကွယ်ရေးအတွက် အသုံးပြုခဲ့ရာမှ တည်ရှိပြန့်ပွားခဲ့သည်။ ပုဂံခေတ်တွင် အရည်းကြီးတို့၏ ပွဲကျောင်းများကြောင့် ပိုမိုထွန်းကားခဲ့သည်။ သို့သော်လည်း အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ လက်အောက် ကျွန်သဘောက် ဘဝတွင် နယ်ချဲ့သည် မြန်မာလူမျိုးတို့၏ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုများကို ချုပ်ချယ်ကန့်သတ်ပြီး အမျိုးပျောက်အောင် လုပ်ခဲ့ရာ ဗန်တိုပညာသင်ကြားလိုက်စားသူများကို သူပုန်ဟု သတ်မှတ်ကာ ကလိမ်ကကျစ်ဉာဏ်နှင့် နှိပ်ကွပ်ခဲ့မှုကြောင့် ဗန်တိုပညာသည် ပျောက်ကွယ်လုမတတ် မှေးမှိန်ခဲ့ရသည်။ သို့သော်လည်း မြန်မာလူမျိုး ပညာရှိများက လျှို့ဝှက်စွာ ပညာဖြန့်ဖြူးပေးသောကြောင့် ရွက်ပုံးသီး ပညာရှင်များပေါ်ပေါက်လာခဲ့ရာမှ လွတ်လပ်ရေး ရပြီးနောက် မြန်မာအစိုးရက ပြန်လည်ဖော်ထုတ်ပေးမှုကြောင့် ဗန်တို ပညာသည် ပြန်လည် ထွန်းကားလာသည်။ [၁]
ဗန်တို၏ အစွမ်းနှင့် ခံယူချက်များ
[ပြင်ဆင်ရန်]ဗန်တို၊ ဗန်ရှည် အတတ်ပညာ၌ ရန်သူကို တချက်တည်းနှင့် မေ့လဲသွားအောင်သော်လည်းကောင်း၊ အရိုးအဆစ်များ ကျိုးပဲ့သွားပြီး မလှုပ်နိုင်၊ မထနိုင်အောင်သော်လည်းကောင်း၊ ပြုလုပ်နိုင်စွမ်းရှိသော နည်းများလည်း ပါဝင်သည်။ အချို့နည်းများသည် ရန်ပြုလာသူ တဖက်သား၏ အသက်ကိုပင် စိုးရိမ်ရသည်အထိ ဒဏ်ခတ်နိုင်သော နည်းများဖြစ်သည်။ မသမာသူများ လက်ထဲသို့ ဤပညာရောက်ရှိသွားကာ မတရား အသုံးချပစ်ကြလျှင် သင်ပေးသူရော အသုံးချသူပါ အပြစ်မကင်းပေ။
ထိုကြောင့် ဗန်တို၊ ဗန်ရှည် ဆရာကြီးများသည် သူတို့၏ ပညာများကို များစွာ လျှို့ဝှက်ကြ၏။ တန်ဖိုးထားကြသည်။ တပည့်ခံမည့် သူ၏ အကျင့်စာရိတ္တ၊ မျိုးရိုးတို့ကို ကြည့်ပြီးမှ သင်ပေးလေ့ရှိသည်။ မိမိသားသမီးပင် ဖြစ်စေကာမူ အကျင့်စာရိတ္တ မကောင်းက ဤပညာကို သင်မပေးကြချေ။ ဗန်တိုပညာရပ်တွင် သင်ကြားပြသရာ ကျောင်း အမျိုးမျိုးပေါ် မူတည်၍ ကစားဟန်လည်း ကွဲပြားခြားနားကြသည်။ ရှေးခေတ်က ဤပညာ သင်ကြားမည့်သူများသည် ဥပုသ်သီလများ ရက်ရှည်စောင့်ကြရသည့်အပြင်၊ ကန်တော့ပွဲ အုန်းပွဲများပေး၍ ကတိသစ္စာ ဝန်ခံချက်များကို ပြုကြရသည်။
အသုံးများသော ကတိ သစ္စာ ၃ချက်မှာ (၁) အနန္တော အနန္တငါးပါးအား ဤပညာဖြင့် မပြစ်မှားပါ၊ (၂) မိမိကို မျက်ရည်ပေါက်ကြီ:ငယ် ၃ကြိမ် ၃ခါကျအောင် မပြုမူပါဘဲလျှက် ဤပညာဖြင့် မတုံ့ပြန်ပါ။ (၃) သေရေ သေရက်သောက်စားခြင်းနှင့် သူတပါး သားမယားအား ပစ်မှား ကျူးလွန်ခြင်း မပြုပါဟု ဖြစ်သည်။
ယခုအချိန်အထိ အထက်ပါ ကတိသစ္စာ ၃ချက် ပေးဆိုမှ ပညာသင်ပေးကြသည့် ဆရာ အတော်များများ ရှိပေသည်။
အလေ့အကျင့် နှင့် အကျိုးကျေးဇူးများ
[ပြင်ဆင်ရန်]အခြား ပညာရပ်များနည်းတူ ဗန်တို၊ ဗန်ရှည် ပညာသည်လည်း ကျွမ်းကျင်သည်ထက် ကျွမ်းကျင်လာစေရန် အလေ့အကျင့် များစွာ လိုအပ်သည်။ အလေ့အကျင့် များလေလေ ကျွမ်းကျင်လေလေဖြစ်သည်။ အလေ့အကျင့်ယူရာ၌ တဦးနှင့် တဦး ရန်သူလို သဘောထား၍ ခုခံကာကွယ်ကြလျှင်၎င်း၊ တိုက်ခိုက်ရိုက်နှက်ကြလျှင်၎င်း၊ တဦးမဟုတ် တဦး ထိခိုက်ဒဏ်ရာအနာတရ ခံကြရတတ်သည်။ အပျော်ကစားသည့် စိတ်ဓာတ်ဖြင့် အလေ့အကျင့်ယူကြမှာသာ အချင်းချင်း အထိအခိုက်မရှိဘဲ စိတ်ချမ်းမြေ့ ပျော်ရွှင်ကြမည်ဖြစ်သည်။ စိတ်ချမ်းမြေ့ ပျော်ရွှင်စရာကောင်းမှလည်း အလေ့အကျင့်ကို ခုံမင်နှစ်သက်လာကြမည်။ [၂] [၃]
နိုင်ငံတကာမှ မြန်မာ့ ဗန်တိုပညာ
[ပြင်ဆင်ရန်]အမေရိကန် နိုင်ငံ၌လည်း မြန်မာ့ ရိုးရာသိုင်း လေ့ကျင့်ရေး ကျောင်းများ ရှိသည်။ မြန်မာ့ ဗန်ဒို ကိုယ်ခံပညာသည် အမေရိကန်နိုင်ငံသို့ ၁၉၆ဝ ခုနှစ်လောက်တွင်ရောက်ရှိခဲ့ပြီး ဆရာကြီး ဒေါက်တာ မောင်ကြီး က ဝါရှင်တန်မြို့တော်၌ ဟံသာဝတီ ဗန်ဒိုစံနစ်ကို စတင်ပညာကို သင်ကြား ပေးခဲ့သည်ဟုဆိုသည်။ ဗန်ဒိုပညာကို အိုဟိုင်းအိုး၊ အနောက် ဗာဂျီးနီးယား၊ ဝါရှင်တန် ဒီစီ၊ နယူးယောက် တဝိုက်နဲ့ အခြားပြည်နယ် အချို့မှာ သင်ကြားနိုင်သည့် သင်တန်းကျောင်းတွေ ရှိသည်ဟု သိရသည်။ အမေရိကန် ဗန်ဒို သင်တန်းကျောင်း တွေမှာ ဗန်ဒိုရဲ့ အခြေခံ ကျင့်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့ကိုလည်း အထူးပြု သင်နိုင်ပါကြသည်။ မြန်မာ့ကိုယ်ခံ ပညာများမှာ လက်ဝှေ့၊ နဘမ်း၊ သိုင်းပြောင်းပြန်၊ ဘုန်းကြီးသိုင်း (ပွဲကျောင်း) စသည်ဖြင့် ရှိပါသေးတယ်၊ အမေရိကန် မှာတော့ ဗန်ဒိုအပြင် ဂေါ်ရခါး ဓားကောက် နှင့် တိုက်ခိုက်နည်းကိုပါ ထည့်သွင်း လေ့ကျင့်နိုင်သည်။ အမှန်တကယ်အားဖြင့် ဂေါ်ရခါး ဓားကောက်နဲ့ ဆင်တူတဲ့ ဓားမြှောင်ပုံမျိုး မြန်မာ စတိုင်လ် ၌ ရှိသည်။ သို့သော် ဗြိတိသျှ စစ်တပ်သည် ဗန်ဒိုကို စစ်တပ်၏ တိုက်ခိုက်ရေး ပညာအဖြစ် လေ့ကျင့် ခဲ့ပြီး ဂေါ်ရခါး လူမျိုး အရာရှိတွေက ဦးဆောင်ပြီး စံနစ်တကျ ဖြစ်အောင် လုပ်ခဲ့ကြသည်။ ထို့ကြောင့် ဂေါ်ရခါး ဓားကောက်ပညာ သည် အင်တာနေရှင်နယ် ဗန်ဒို လေ့ကျင့်ရေးအခန်းကဏ္ဍတွင် ပါဝင်လာသည်ကို တွေ့ရသည်။ ထို့အပြင် အခြား ဗန်တိုသင်တန်းကျောင်းများမှာ Greater Hartford Bando ကျောင်း၊ မြောက်-ဗာဂျီးနီးယားကျောင်း၊ နယူးအင်္ဂလန် ဗန်ဒို ကလပ် စသည်ဖြင့် ရှိသည်။ ပြင်သစ်ပြည် ၌လည်း ဗန်ဒိုကို အတော်လေ့လာ သင်ယူ ကြတယ်လို့ သိရလေသည်။ အခြားနိုင်ငံအတော်များများ သည် မြန်မာနိုင်ငံနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး နိုင်ငံတကာအဖွဲ့ ဖွဲ့ထားကြသည်။ အချို့မှာ သီးခြားပုံစံနဲ့ သင်ကြားခြင်းများရှိကြသည်ဟုသိရသည်။ [၄]