နု-အက်တလီ စာချုပ်
နု - အက်တလီ စာချုပ်မှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံ ကြားဖြတ်အစိုးရသို့ နိုင်ငံ၏ အချုပ်အခြာအာဏာ လွှဲပြောင်းပေးရန် သဘောတူကြောင်း ချုပ်ဆိုသည့် စာချုပ်ဖြစ်သည်။ စာချုပ်ကို မြန်မာနိုင်ငံ ကြားဖြတ်အစိုးရ ကိုယ်စား ဝန်ကြီးချုပ် ဦးနုနှင့် ဗြိတိသျှ အစိုးရ ကိုယ်စား ဝန်ကြီးချုပ် ကလီမင့် အက်တလီ (Clement Attlee) တို့က လက်မှတ် ရေးထိုး ကြသောကြောင့် နု - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်ကို ၁၉၄၇ ခု အောက်တိုဘာလ ၁၇ ရက်နေ့တွင် လန်ဒန်မြို့၌ ချုပ်ဆိုကြသည်။
စာချုပ်တွင် ဗြိတိသျှ အစိုးရက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံဟု အသိအမှတ် ပြုကြောင်းဖော်ပြထားပြီး ထိုသို့ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် လွဲပြောင်း ပေးရာ၌ ပေါ်ပေါက်လာမည့် အပြောင်းအလဲများ အတွက် လိုအပ်သော အစီအစဉ်များကို အသေးစိတ် ဖော်ပြထားသည့် အချက် ၁၅ ချက် ပါဝင်သည်။ စာချုပ်ပါ အကြောင်းအရာ များမှာ မြန်မာနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ သံတမန်လှယ်ရေးကိစ္စ၊ အစိုးရ စာတမ်းများကိစ္စ၊ နိုင်ငံသား ဖြစ်မှုကိစ္စ၊ ကာကွယ်ရေးကိစ္စ၊ ငွေကြေးကိစ္စ၊ အစိုးရအမှုထမ်းများ၏ပင်စင်နှင့် ဆုငွေကိစ္စ၊ အင်္ဂလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်း ခရီးသွားလာရေးကိစ္စ၊ လေကြောင်း သွားလာရေးကိစ္စနှင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး ကိစ္စများ ဖြစ်သည်။ ဤစာချုပ်အရ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာသည်။ ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး စာချုပ် ဟုလည်း ခေါ်ကြသည်။
နု-အက်တလီ စာချုပ်
ဗမာ့ လွတ်လပ်ရေး စာချုပ်ကြီး ဗြိတိသျှ အစိုးနှင့် မြန်မာ အစိုးရတို့ ချုပ်ဆိုသော စာချုပ်မူ
ဗြိတိသျှနိုင်ငံ (ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန် မြောက်ပိုင်းတို့၏ ယူနိုက်တက်ကင်းဒမ်း)အစိုးရနှင့် မြန်မာနိုင်ငံ ယာယီအစိုးရတို့သည် မြန်မာနိုင်ငံအား လွတ်လပ်သော နိုင်ငံဖြစ်စေရမည်ဟု ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ်ကို ဆောလျင်စွာ အတည်ပြုရေးအတွက် ပါလီမန်ကို ပြန်ကြားရန် ဗြိတိသျှနိုင်ငံအစိုးရ၏ ရည်ရွယ်ရင်း ဖြစ်သည်ဟူသော အချက်ကို စဉ်းစားကြ၍၊ လုံးဝလွတ်မြောက်ရေး၊ အတန်းအစားညီမျှမှု၊ လွတ်လပ်ရေးတို့ ရှိရမည် ဟူသော အချက်တို့ကို အခြေပြုကာ အချုပ်အချာအာဏာပိုင် လွတ်လပ်သော နိုင်ငံများ၏ အစိုးရများ အဖြစ်ဖြင့် အနာဂတ် ဆက်ဆံရေးတို့ကို ပိုင်းခြား သတ်မှတ်ရန်၎င်း၊ ဗြိတိသျှနှင့် မြန်မာ နှစ်တိုင်း နှစ်နိုင်ငံတို့၏ ချစ်ခင်ရင်းနှီးမှုနှင့် သိနားလည်မှုတို့ကို ခိုင်ခံ့တည်မြဲစေ၍ ထိုအမှုတို့ကို အဓွန့်ရှည်စွာ ဆက်လက်တည်မြဲစေရန်၎င်း အလိုရှိကြသည် ဖြစ်သဖြင့်၊ ထိုပြင် -နှစ်တိုင်း နှစ်နိုင်ငံ၏ ဆက်ဆံရေးတွင် ပေါ်ထွက်လာမည် ဖြစ်သော ပြောင်းလဲမှု ပေါ်ပေါက်အပ်မည့် ကိစ္စများအတွက် ပြဋ္ဌာန်းချက်များ ပြုရန်လည်း အလိုရှိကြသည် ဖြစ်ရာ -
ဤရည်ရွယ်ချက်ဖြင့် စာချုပ်တစ်ခုကိုချုပ်ဆိုရန် ဆုံးဖြတ်ကြ၍ အခွင့်အရေး အာဏာပိုင်များ အဖြစ်ဖြင့် ခန့်အပ်ခြင်းကို ခံရသော ဗြိတိသျှ အစိုးရအတွက် နန်းရင်းဝန်နှင့် ပထမရွှေတိုက်စိုးဖြစ်သည့် စလီမင့် ရစ်ချက်အက်တလီ၊ စီ-အိပ်(ချ)၊ အမ်-ပီနှင့် မြန်မာနိုင်ငံ ယာယီအစိုးရ အတွက် နန်းရင်းဝန် သခင်နုက အောက်ပါအတိုင်း သဘောတူညီကြလေသည်။
- အချက် ၁ ။ ။ ဗြိတိသျှနိုင်ငံ အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်ငံဟူ၍ အသိအမှတ် ပြုသည်။ ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် နည်းလမ်း ကျနစွာ ယုံမှတ်ခန့်အပ်သော သံတမန်ဆိုင်ရာကိုယ်စားလှယ်များကို လဲလှယ်ထားရှိရန် သဘောတူကြသည်။
- အချက် ၂ ။ ။ ပြည်ထောင်အချင်းချင်း ချုပ်ဆိုကြသည့် တည်မြဲလျက် ရှိသော စာချုပ်တစ်စုံတစ်ခုမှ ဗြိတိသျှ နိုင်ငံသို့ ကျရောက်သည့် တာဝန်ဝတ္တရား အားလုံးသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည်ဟု ယူဆ လေသမျှ မြန်မာနိုင်ငံ ယာယီ အစိုးရသို့ ယခုမှ စ၍ သက်ဆင်းကျရောက် ရမည်။ ယခင် ဗြိတိသျှ အစိုးရ ခံစားအပ်သော အခွင့်အရေးနှင့် အကျိုးကျေးဇူး တို့ကိုလည်း ပြည်ထောင်စု အချင်ချင်း ချုပ်ဆို ကြသော စာချုပ် တစုံတခုအရ မြန်မာပြည်နှင့် သက်ဆိုင်သမျှ မြန်မာနိုင်ငံ ယာယီ အစိုးရက ယခုမှစ၍ ခံစားနိုင်ရမည်။
- အချက် ၃ ။ ။ ဤစာချုပ် အတည်ဖြစ်လာသော နေ့ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အကြောင်းပြု၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသားလည်း ဖြစ်၍ ဗြိတိသျှ အစိုးရ လက်အောက်ခံလည်း ဖြစ်သော၊ သို့တည်းမဟုတ် နောက်နောင်မှ မိမိကိုယ်ကို မိမိ ရွေးချယ်ခြင်းဖြင့် ဗြိတိသျှ အစိုးရ လက်အောက်ခံ ဖြစ်သည် ဟုလည်း မှတ်ယူခြင်း ခံရသော သူသည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ တရား ဥပဒေ အရ သတ်မှတ် ထားသော နည်းလမ်းနှင့် လျော်ညီစွာ နိုင်ငံခြားသား အဖြစ်ကို ခံယူကြောင်း ထုတ်ဖော်ကျေညာနိုင်သည်။ ထို့ပြင် ထိုသူသည် ထိုသို့ ကျေညာသည်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နိုင်ငံသား အဖြစ်မှ ရပ်စဲ ရမည်။
- မြန်မာနိုင်ငံ ယာယီ အစိုးရသည် ဤအချက်ရှိ ပြဋ္ဌာန်းချက်များ အထမြောက်ရေးအတွက် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ ပါလီမန်တွင် စောနိုင်သမျှ စောစွာ၎င်း၊ မည်သည့်နည်းနှင့်မဆို ဤစာချုပ် အတည်ဖြစ်လာသည်မှစ၍ တစ်နှစ်အတွင်း၌ ၎င်းဥပဒေပြုရန် စီမံ ဆောင်ရွက် ရမည်။
- အချက် ၄ ။ ။ ကာကွယ်ရေး ဆိုင်ရာ ကိစ္စများတွင် ဤစာချုပ်ကို ချုပ်ဆို ကြသော အစိုးရ များ၏ ဆက်ဆံရေးကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က အစိုးရ နှစ်ဖက်တို့ လက်မှတ် ရေးထိုး ကြသော သဘော တူညီချက်ဖြင့် စည်းမျဉ်း သတ်မှတ် ရမည်။ အဆိုပါ သဘော တူညီချက်ရှိ ပြဋ္ဌာန်းချက် များကို ဤစာချုပ်၏ နောက်ဆက်တွဲတွင် ဖော်ပြ ထားသည်။ ထို ပြဋ္ဌာန်းချက် များသည် ဤစာချုပ်၏ အစိတ်အပိုင်းများ အဖြစ်ဖြင့် အကျိုး သက်ရောက် ရမည်။
- အချက် ၅ ။ ။ ဤစာချုပ် အတည် ဖြစ်လာသော နေ့ရက်တွင် အိန္ဒိယနှင့် ပါကစ္စတန်မှ တပါး အခြား နိုင်ငံများတွင် အိုးအိမ် အခြေ အမြတ် တည်ရှိသော ဗြိတိသျှ လက်အောက်ခံ ဖြစ်သူများအား ပင်ရှင်များ၊ အချိုးကျ ပင်ရှင်များ၊ ဆုငွေများ၊ မိသားစု ဆိုင်ရာ ပင်စင် ရန်ပုံငွေများမှ၎င်း၊ အိုမင်းစာ ရန်ပုံငွေများ၎င်း၊ ပေးစရာ ရှိသည်များနှင့် ထောက်ပံ့ငွေများ၊ ခွင့်လစာ များနှင့် မြန်မာနိုင်ငံ အစိုးရ ဘဏ္ဍာတော်မှ ဖြစ်စေ၊ မြန်မာနိုင်ငံ အုပ်ချုပ်မှု အခွင့်အာဏာ အောက်တွင် ထားရှိသော အခြားရန်ပုံငွေများမှ ဖြစ်စေ၊ ပေးသင့်ပေးထိုက်သော ငွေများကို ဤစာချုပ် အာဏာမတည်မီက ထမ်းရွက်ခဲ့သော အလုပ်သက် အားလုံးအတွက် ဤစာချုပ် အာဏာတည်အံ့ဆဲဆဲ ကာလက အသုံးပြုခဲ့သော နည်းဥပဒေများအရ ပေးရန်၊ မြန်မာနိုင်ငံ ယာယီ အစိုးရသည် မိမိ၌ တာဝန်ရှိသည်ဟု ထပ်မံ၍ ဝန်ခံ ပြုသည်။
- အချက် ၆ ။ ။ အောက်ပါ ပြဋ္ဌာန်းချက် များသည် ဤအချက်တွင် ပါဝင်သော ငွေရေး ကြေးရေး ပြဿနာများ အတွက် အပြီးသတ် ဖြေရှင်းမှု ဖြစ်ကြောင်းကို စာချုပ် ချုပ်ဆို ကြသော အစိုးရတို့က သဘော တူကြသည်။
- ၁။ မြန်မာနိုင်ငံ ယာယီ အစိုးရသည် သိုလှောင်ထားသော စစ်တပ်များဆိုင်ရာ ပစ္စည်းရောင်းရငွေများကို အပြည့်ပေးရန် သဘောတူကြောင်း ထပ်မံ၍ခံဝန်ပြုသည်။ ထိုပစ္စည်းများတွင် စစ်ဘက် လက်အောက်ခံ မြန်မာနိုင်ငံ မြို့ပြဆိုင်ရာ အုပ်ချုပ်ရေး ဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။ မြို့ပြအုပ်ချုပ်ရေးအတွက် ကုန်ကျသော စရိတ်များကို ဗြိတိသျှနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ ယာယီ အစိုးရထံမှ မတောင်းဆိုတော့ပါဟု သဘောတူသည်။
- ၂။ ဗြိတိသျှနိုင်ငံ အစိုးရသည် သာမန် ဘတ်ဂျက်နှင့် နယ်စပ်ဒေသ ဘတ်ဂျက်များ၌ ငွေလိုနေသည်ကို ဖြည့်ပေးရန် ထုတ်ချေးခဲ့သော ငွေများအနက် ပေါင်ပေါင်း ၁၅သန်းကို လျော်ပစ်ရန် သဘောတူသည်။ ကျန်ငွေများကို ၁၉၅၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ထက် နောက်မကျသော နေ့ရက်မှ အစပြု၍ အနှစ်နှစ်ဆယ်မျှ နှစ်စဉ်နှစ်တိုင်း အချိုးတူ အရစ်ကျ မြန်မာနိုင်ငံက ပေးဆပ်ရမည်။ အတိုးကား ပေးရန်မလိုချေ။ မြန်မာနိုင်ငံက ပေးရန်ရှိသော အထက်ပါ ကြွေးမြီလျှော်ပစ်ခြင်းကို မြန်မာနိုင်ငံကို ငွေရေးကြေးရေး အခြေအနေ ပြန်လည် ထူထောင်လာမှုအတွက် ဗြိတိသျှနိုင်ငံ အစိုးရက အထောက်အပံ့ပြုသည် ဟူသော သဘောအဖြစ်ဖြင့်၎င်း၊ မြန်မာနိုင်ငံတွင် ဗြိတိသျှ စစ်ဘက် အုပ်ချုပ်ရေးတွက် ကုန်ကျခဲ့သော ပစ္စည်း အထောက်အပံ့နှင့် အရာထမ်း အမှုထမ်းများ၏ စရိတ်များနှင့် စပ်လျဉ်း၍ ဗြိတိသျှနိုင်ငံ အစိုးရက တောင်းဆိုရန်ရှိသည်တို့ကို အပြီးသတ် ရှင်းလင်းလျှော်ပစ်လိုက်သည် ဟူသော သဘော အဖြစ်ဖြင့်၎င်း၊ မြန်မာနိုင်ငံ ယာယီ အစိုးရက လက်ခံသည်။
- ၃။ မြန်မာနိုင်ငံ ယာယီအစိုးရသည် ပရိုဂျက်စီမံကိန်းများ၏ စရိတ်အတွက် ဗြိတိသျှနိုင်ငံ အစိုးရက ထုတ်ချေးခဲ့သော ငွေများကို အကုန်အစင် ပြန်လည် ပေးဆပ်ရန် သဘောတူသည်။ (ပရိုဂျက် စီမံကိန်း များတွင် ပြည်သူသုံးပစ္စည်းများဆိုင်ရာ စီမံကိန်းအစ ရှိသည်တို့ ပါဝင်သည်။) လိုအပ်သော အသုံးစရိတ်ငွေများနှင့် ရင်းနှီး လုပ်ကိုင်သော အရင်း ငွေများမှ ပိုလျှံသော လက်ရှိရငွေများ မှ၎င်း၊ ပရိုဂျက်များကို ဖျက်သိမ်းရှင်းလင်းသဖြင့် မသုံးဖြစ်သော ငွေများမှ၎င်း၊ လက်ရှိသဘောတူညီချက်များနှင့် လျော်ညီစွာ ဆက်လက်၍ ပြန်လည်ပေးဆပ်ရမည်။ ထိုနောက် ပေးဆပ်ရန် ကျန်ရှိသေးသော ကြွေးမြီးများကို ၁၉၅၂ ခုနှစ် အေပြီလ ၁ ရက်နေ့ထက် နောက်မကျသော နေ့မှ အစ ပြု၍ အနှစ် နှစ်ဆယ်မျှ နှစ်စဉ် နှစ်တိုင်း အချိုးကျ အရစ်ကျ မြန်မာနိုင်ငံ ယာယီ အစိုးရက ပေးဆပ်ရမည်။ အတိုးကား ပေးရန် မလိုချေ။
- ၄။
- (က) ၁၉၄၂ ခုနှစ် ပထမ မြန်မာနိုင်ငံ စစ်ပွဲတွင် မြန်မာနိုင်ငံ စစ်တပ်များအား ပေးရသော အထောက်အပံ့နှင့် ထိုစစ်တပ် များတွင် ထမ်းရွက် ကြသော ရာထမ်း မှုထမ်းများ အတွက် တောင်းဆိုရန် ရှိသော စရိတ်များနှင့်
- (ခ) စစ်တပ် အစည်းအရုံးများကို ဖျက်သိမ်းသဖြင့် မြန်မာနိုင်ငံ စစ်တပ်များရှိ ရာထမ်း၊ မှုထမ်းများအား အမှုထမ်းခဲ့သည့်အတွက် ပေးရန်ရှိသောငွေများနှင့်စပ်လျဉ်း၍ ကုန်ကျစရိတ်ကို ဗြိတိသျှနိုင်ငံ အစိုးရက မြန်မာနိုင်ငံ ယာယီ အစိုးရအား ဆက်လက် ထုတ်ပေးရန် သဘောတူသည်။
- ၅။ ဤ သဘော တူညီချက်နှင့် တကွ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့စွဲပါ ကာကွယ်ရေး သဘောတူညီချက်များက သီးခြား၍ ပြောင်းလဲ သို့မဟုတ် လွှမ်းမိုးလိုက်သည်မှ တပါး ဗြိတိသျှနိုင်ငံ အစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့ ချုပ်ဆိုခဲ့ကြသော ၁၉၄၇ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့စွဲပါ ငွေရေး ကြေးရေး သဘော တူညီချက်တွင် ပါဝင်သော ပြဋ္ဌာန်းချက် များသည် အတည် ဖြစ်မြဲ ဖြစ်သည်။
- အချက် ၇ ။ ။
- (က) ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအာဏာမတည်မီက နိုင်ငံ၏ အုပ်ချုပ်မှုအခွင့်အာဏာကို သုံးစွဲရာတွင်ပြုခဲ့သော ပဋိညာဉ်များ အနက် အစိုးရ အမှုထမ်းဆိုင်ရာ ပဋိညာဉ်များမှ တပါး ဗြိတိသျှ နိုင်ငံတွင် အိုးအိမ် အခြေအမြစ်ရှိသည့် ဗြိတိသျှ လက်အောက်ခံ ဖြစ်သူသော်၎င်း၊ မည်သည့် အရပ် ဒေသတွင် မှတ်ပုံ တင်ထားသည် ဖြစ်စေ ဗြိတိသျှ နိုင်ငံတွင် အိုးအိမ် အခြေအမြစ် ရှိသည့် ဗြိတိသျှ လက်အောက်ခံ ဖြစ်သူ အဓိက အားဖြင့် ပိုင်ဆိုင်သော၊ သို့တည်းမဟုတ် စီမံခန့်ခွဲ ကြီးကြပ် အုပ်ချုပ်သော ကုမ္ပဏီသော်၎င်း၊ ပဋိညာဉ်အရ ပုဂ္ဂိုလ်တဦးဦးဖြစ်စေ၊ ကုမ္ပဏီ တခုခုဖြစ်စေ၊ အခွင့်အရေးကို သော်၎င်း၊ အကျိုးကျေးဇူးကိုသော်၎င်း၊ ခံစားနိုင်ခွင့်ရခဲ့သော ပဋိညာဉ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အာဏာ တည်သော နေ့မှစ၍ ထိုနေ့တွင် ဖွဲ့စည်းသော မြန်မာနိုင်ငံ ယာယီ အစိုးရ ပြုဘိ သကဲ့သို့ အကျိုး သက်ရောက် ရမည်။ ထို့ပြင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပေဒ အာဏာ တည်အံ့ ဆဲဆဲတွင် မြန်မာနိုင်ငံ ယာယီ အစိုးရက လိုက်နာ ဆောင်ရွက်ရန် ရှိသော ဝတ္တရား အားလုံး နှင့်တကွ ပဋိညာဉ် သဘောအရ ဖြစ်စေ၊ အခြား နည်းအရ ဖြစ်စေ၊ ထိုအစိုးရက ခံယူသော တာဝန် အားလုံး တို့သည် အထက် အဆိုပါ ပုဂ္ဂိုလ် တဦးဦးနှင့် သော်၎င်း၊ ကုမ္ပဏီ တခုခုနှင့် သော်၎င်း၊ အကျိုး သက်ဆိုင်သည် အထိ မြန်မာ နိုင်ငံ ယာယီ အစိုးရ အပေါ်သို့ သက်ဆင်း ကျရောက် ရမည်။
- (ခ) ပြည်ထောင်စု မြန်မာ နိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ အာဏာ မတည်မီက မြန်မာ နိုင်ငံရှိ ပုဂ္ဂိုလ် တဦးဦး၌ သော်၎င်း၊ အာဏာပိုင် တဦးဦး၌ သော်၎င်း၊ အပ်နှင်း ထားခြင်း ခံရသော၊ ပစ္စည်းကို ဖြစ်စေ၊ ထိုပစ္စည်း ဆိုင်ရာ အကျိုး သက်ဆိုင်ခွင့်ကို ဖြစ်စေ၊ ထိုရက် မတိုင်မီက ပုဂ္ဂိုလ် တဦးဦး သော်၎င်း၊ အာဏာပိုင် တဦးဦး သော်၎င်း၊ ပါဝင် ချုပ်ဆိုသော ပဋိညာဉ် တခုခုရှိ အကျိုး ခံစားခွင့်ကို ဖြစ်စေ၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ် အာဏာ တည်ပြီး သည့်နောက် မြန်မာနိုင်ငံ ယာယီ အစိုးရသို့ သော်၎င်း၊ နောက်ဆက်ဆံသော မြန်မာနိုင်ငံ အစိုးရ သို့သော်၎င်း၊ လွှဲပြောင်းသော အခါ သို့မဟုတ် အပ်နှင်းသော အခါတွင် ဖော်ပြ ထားသော ဂုဏ်အခြင်းအရာ အဆင့်အတန်း ရှိသည့် ပုဂ္ဂိုလ် တဦးဦး သို့မဟုတ် ကုမ္ပဏီ တခုခု အတွက် ယခင်က ပေါ်ပေါက် ခဲ့၍ တည်ဆဲလည်း ဖြစ်သော အခွင့်အရေး များကို ထောက်ထား ငဲ့ညှာ လျက်သာ ထိုသို့ လွှဲပြောင်းခြင်း၊ သို့မဟုတ် အပ်နှင်းခြင်းကို ပြုရမည်။
- အချက် ၈ ။ ။ အစိုးရ နှစ်ဦး နှစ်ဖက် ကျေနပ်နှစ်သက်လောက်သော ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်း ခရီးသွားလာရေးစာချုပ်ကို စောနိုင်သမျှ စောစွာ ချုပ်ဆိုရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် ဤစာချုပ် အတည်ဖြစ်သော နေ့ရက်မှစ၍ နှစ်နှစ်မျှသော ကာလအပိုင်းအခြားအတွက်ဖြစ်စေ၊ အထက်ပါ ကူးသန်းရောင်းဝယ်ရေးနှင့် ရေကြောင်းခရီးသွားလာရေး စာချုပ်ကို ချုပ်ဆို လက်မှတ်ထိုး ပြီးသည် တိုင်အောင် ဖြစ်စေ၊ ဤစာချုပ်၌ ပူးတွဲ ပါရှိသော အလဲအလှယ် မှတ်ချက်များရှိ အမှတ် ၁ - ၂ - ၃ တို့တွင် သဘောစေတနာထားရှိသည့်အတိုင်း ကူးသန်းရောင်းဝယ်မှုနှင့်ပတ်သက်သည့် ဆက်ဆံမှုကို ဆောင်ရွက်ရန် သဘောတူညီကြပြီး ဖြစ်သည်။ သို့ရာတွင် စာချုပ်ချုပ်ဆိုသူ တဦးဦးက ဤစာချုပ် အတည် ဖြစ်သော နေ့မှစ၍ ခြောက်လ ကုန်ဆုံးပြီး နောက်တနေ့နေ့တွင် အဆိုပါ မှတ်ချက်များ၌ ဖော်ပြထားသော ဆောင်ရွက်အပ်သည့် အမှုကိစ္စများကို ပြီးဆုံးရပ်စဲစေရန် သုံးလကြိုတင် အကြောင်းကြားနိုင်ကြသည်။
- အချက် ၉ ။ ။ ဤစာချုပ်ကို ချုပ်ဆို ကြသော အစိုးရ တို့သည် လက်ရှိ နည်းစနစ် အတိုင်း လေကြောင်း စာပို့ဆောင်ရေးနှင့် ငွေလွှဲဆိုင်ရာ ကိစ္စများ ပါဝင်သည့် စာပို့ဆောင်ရေး လုပ်ငန်းကို ဆက်လက် ဆောင်ရွက် ထားရှိ စေရန် သဘော တူကြသည်။ သို့ရာတွင် အသေးစိတ် ဆောင်ရွက် အပ်သော အချက်အလက် များတွင် အပြောင်းအလဲ ပြုရန် လိုအပ်ပါက စာပို့ဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ အချင်းချင်း တို့က စီမံ ဆောင်ရွက် နိုင်သည်။
- အချက် ၁ဝ ။ ။ မြန်မာနိုင်ငံတွင် ဗြိတိသျှ အကျိုးတူ နိုင်ငံစုနှင့် အင်ပါယာတို့၏ စစ်သင်္ချိုင်းမြေများနှင့် သို့မဟုတ် စစ်သင်္ချိုင်းများကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ယာယီ အစိုးရသည် အင်ပါယာ စစ်သင်္ချိုင်း ကော်မရှင်အဖွဲ့၌ ပါဝင်သော အစိုးရများနှင့် စာချုပ်ချုပ်ဆို စေ့စပ်ရန်သဘောတူသည်။ ထိုသို့ မစေ့စပ်မီကာလတွင် ထိုစစ်သင်္ချိုင်းမြေများနှင့် သို့မဟုတ် စစ်သင်္ချိုင်းများနှင့်စပ်လျဉ်း၍ အင်ပါယာ စစ်သင်္ချိုင်းကော်မရှင် အဖွဲ့ကိုသာ အာဏာပိုင်ဟု အသိအမှတ်ပြုရန် သဘောတူသည်။ ထို့ပြင် ထိုကော်မရှင်အား ဤစာချုပ်၌ ပူးတွဲပါရှိသော အလဲအလှယ်မှတ်ချက်များရှိ အမှတ် ၄ နှင့် ၅ ၌ ဖော်ပြထားသည့် အခွင့်အရေး များကို ပေးအပ်ရန်လည်း သဘောတူသည်။
- အချက် ၁၁ ။ ။ လေကြောင်း သယ်ယူ သွားလာရေးနှင့် စပ်လျဉ်း၍ သဘော တူညီချက်ကို ချုပ်ဆို၍ မပြီးသေးမီ ကာလတွင် ဤစာချုပ်ကို ချုပ်ဆို ကြသော အစိုးရ တို့သည် လေကြောင်း သယ်ယူ သွားလာရေး ကိစ္စများ၌ ယခင်က ကဲ့သို့ပင် အချင်းချင်း ပြုမူ ကျင့်ဆောင် ကြမည်ဟု သဘော တူကြသည်။ သို့ရာတွင် ဤစီမံချက်ကို တစ်ဦးဦးက ခြောက်လ ကြိုတင် အကြောင်း ကြားခြင်းဖြင့် ပြီးဆုံး စေနိုင်သည်။
- အချက် ၁၂ ။ ။ ဤစာချုပ်ကို ချုပ်ဆိုကြသော အစိုးရတို့သည် အခွန် နှစ်ထပ်နှစ်လီ ထမ်းဆောင်ရခြင်းကို ရှောင်ရှားနိုင်စေရန် သဘောတူညီချက် တခုကို စောနိုင်သမျှစောစွာ ချုပ်ဆိုရန် သဘောတူကြသည်။
- အချက် ၁၃ ။ ။ ကမ္ဘာ့ကုလသမဂ္ဂ၏ ချာတာ စာချုပ်အရသော်၎င်း၊ ထိုချာတာစာချုပ်ရှိ အချက် ၄၃ အရ ချုပ်ဆိုသော အထူးသဘောတူညီချက်များအရသော်၎င်း၊ စာချုပ်ချုပ်ဆိုကြသူအများအနက် တဦးဦးသို့ သက်ဆင်း ကျရောက်သော၊ သို့တည်းမဟုတ် သက်ဆင်းကျရောက်နိုင်သော အခွင့်အရေးများနှင့် ဝတ္တရားများကို ဤစာချုပ်သည် အကျိုးယုတ်စေရန် မရည်ရွယ်။ အကျိုးယုတ်စေမည်လည်း မဟုတ်။
- အချက် ၁၄ ။ ။ ဤစာချုပ် အရ ဆောင်ရွက်ခြင်းနှင့် သော်၎င်း၊ ဤစာချုပ်ကို အဓိပ္ပာယ် ကောက်ယူခြင်းနှင့် သော်၎င်း စပ်လျဉ်း၍ သဘော ကွဲလွဲချက် ပေါ်ပေါက် လာခဲ့သော်၊ ထို့ပြင် ထိုသဘော ကွဲလွဲချက်ကို စာချုပ် ချုပ်ဆို သူများသည် တိုက်ရိုက် စေ့စပ်မှုဖြင့် ဖြေရှင်းရန် ပျက်ကွက် ခဲ့သော် ထိုသဘော ကွဲလွဲချက် များကို စာချုပ် ချုပ်ဆို သူများက အခြားနည်းဖြင့် ဖြေရှင်းရန် သဘော မတူလျှင် ပြည်ထောင် အချင်းချင်း တရား ခုံတော်သို့ ထောက်လှမ်း မေးမြန်း ရမည်။
- အချက် ၁၅ ။ ။ လက်ခံ အတည်ပြုရေး စာချွန်တော်များကို လဲလှယ်သည်နှင့် တပြိုင်နက် ဤစာချုပ်ကို လက်ခံအတည် ပြုရမည်။ ထို့ပြင် ဤစာချုပ်လည်း အတည်ဖြစ်လာရမည်။ အဆိုပါ လက်ခံ အတည်ပြုရေး စာချွန်တော်များ လဲလှယ်ခြင်းကို ဗြိတိသျှနိုင်ငံတွင် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တင်သွင်းရန် ရှိသည့် သင့်လျော်သော ဥပဒေနှင့် လျော်ညီစွာ မြန်မာနိုင်ငံ လွတ်လပ်သော နေ့တွင် ပြုရမည်။
သက်သေ အဖြစ်ဖြင့် အထက် အမည် ဖော်ပြပါ အခွင့်အရေး အာဏာပိုင် ပုဂ္ဂိုလ် တို့သည် ဤစာချုပ်တွင် လက်မှတ် ရေးထိုး၍ မိမိတို့၏ တံဆိပ်များကို ခပ်နှိပ်ကြပြီးဖြစ်သည်။
၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဤစာချုပ်မူ နှစ်စောင်ကို လန်ဒန် မြို့တော်၌ ပြုလုပ် ပြီးစီးသည်။
(ပုံ) ကလီမင့်ရစ်ချက်-အက်တလီ (ပုံ) သခင်နု[၁]
ကိုးကား
- ↑ ၂၀၀ဝ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' စာအုပ်နှင့် နံသာတိုက် ကနေ နိုင်ငံရေး ဆိုင်ရာ စာပေ ခွင့်ပြုချက် အမှတ် (၃၂၆/က) ဖြင့် ၁၉၆၈ ခုနှစ်မှာ ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ ရဲဘော် လှမျိုးရဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ' စာအုပ်