ဖေခင်
မဟာသရေစည်သူ ဦးဖေခင် | |
---|---|
နိုင်ငံသား | မြန်မာနိုင်ငံ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံ့ဝန်ထမ်း၊ သံအမတ်ကြီး၊ နိုင်ငံရေးသမား၊ စာရေးဆရာ |
ကျော်ကြားမှုအရင်းခံ | အမျိုးသားနိုင်ငံရေးခေါင်းဆောင် |
ထင်ရှားသည့် လုပ်ဆောင်မှု | ပင်လုံစာချုပ်ဖြစ်မြောက်ရေး |
ရရှိသည့်ဆုများ | နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) မဟာသရေစည်သူဘွဲ့ |
ဖေခင်(၁၉၁၂- ၂၀၀၄) သည် ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး သခင်နု ဦးဆောင်သော အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ၂၅ နှစ်ကြာ တိုင်းပြည် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]မန္တလေးတိုင်း ပျော်ဘွယ်မြို့ ဆွဲမှန်ကျေးရွာ ဇာတိဖြစ်သည်။ အဖေ ဦးအေအေခန်း(ခေါ်) ဦးဘိုကလေးနှင့် အမိ ဒေါ်တုတ်တို့မှ ဖွားမြင်သည်။ ၁၉၁၂ ခုနှစ် ဩဂုတ်လ ၂၇ ရက် (သက္ကရာဇ် ၁၂၄၇ ခုနှစ်ဝါခေါင်လပြည့်နေ့)တွင် ဖွားမြင်သည်။ မြန်မာမွတ်စလင် ဖြစ်သည်။ ဆွဲမှန်ရွာ အခြေခံဘာသာရေး စာသင်ကျောင်း တွင် အူရဒူစာပေ စတုတ္ထတန်းအောင်သည်အထိ သင်ယူခဲ့သည်။ ပျော်ဘွယ်မြို့ (Weseyarn) အင်္ဂလိပ်မြန်မာ အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ၁၉၃ဝ-၃၁ တွင် မန္တလေး (Kelly) အထက်တန်းကျောင်း မှ ၁ဝ တန်း အောင်သည်။
ပညာရေး
[ပြင်ဆင်ရန်]ရန်ကုန်တက္ကသိုလ်မှ B.A.,B.L. ဘွဲ့ရသည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ အဆောင်နေခဲ့သည်။ ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ ရပြီးနောက် ၁၉၃၈ ခုနှစ်တွင် ချောက်ရေနံမြေ ၌ အလုပ်သမားဝန်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
[ပြင်ဆင်ရန်]၁၉၄၆ ခုနှစ်တွင် ဖဆပလ(ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်) ရွှေတိဂုံအလယ်ပစ္စယံ ညီလာခံသို့ ဗမာမွတ်စလင် ကွန်ဂရက်(ဗမက) ကိုယ်စားလှယ် အဖြစ်တက်ရောက်ခဲ့သည်။ ထိုအချိန်က အင်္ဂလိပ်တို့၏ စက္ကူဖြူစာတမ်းအရ မြန်မာပြည်ကို လွတ်လပ်ရေး ပေးရာတွင် တောင်တန်းဒေသများ ကို ချန်လှပ်ထားခဲ့ရန် အစီအစဉ်ကို တိုက်ဖျက်လို သဖြင့် ညီလာခံတွင် ဦးဖေခင်က မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းရာ၌ ရှမ်းပြည်အပါအဝင် တောင်တန်းဒေသမှ လူမျိုးစုအားလုံး၏ စည်းလုံးညီညွတ်မှု မရှိမဖြစ် လိုအပ် သောကြောင့် တောင်တန်းနယ်ဒေသနှင့် မြန်မာပြည်မ ပူးပေါင်းရေး အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
ဦးဖေခင်သည် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲဝင်၊ ဖဆပလအဖွဲ့ချုပ်၏ တောင်တန်းနယ် ဒေသဆိုင်ရာ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည်။ တိုင်းပြုပြည်ပြု လွတ်တော်သို့ ဖဆပလ အမတ်အဖြစ် ပျော်ဘွယ်မြို့နယ်မှ ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် သခင်နု ဦးဆောင်သော အစိုးရအဖွဲ့တွင် ဝန်ကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်မှစပြီး ဗမာ့ မွတ်စလင် ကွန်ဂရက်(ဗမက)တွင် ဆရာကြီး ဦးရာဇတ်၊ ဦးခင်မောင်လတ် တို့နှင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာရာ ထိုနိုင်ငံသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ပထမဆုံး စေလွှတ်ခြင်းခံရသည်။
လွတ်လပ်ရေး ရပြီးခေတ်
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ချက်ကိုစလို ဗားကီးယားနိုင်ငံ၊ ပိုလန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် ၂၅-နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်တွင် နာယကကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်တွင် ဦးသျှောင်နာယကကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
အမျိုးသားညီလာခံတွင် အနာဂတ် မြန်မာပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနား ၏ ဂုဏ်ပြုကန်တော့ခံ သက်ကြီး စာပေပညာရှင်ကြီး တစ်ဦးဖြစ်ခဲ့သည်။ ပြုစုခဲ့သည့် စာအုပ်စာတမ်းများမှာ ကိုယ်တွေ့ပင်လုံ၊ Pinlon An Inside Story ဖဆပလရွှေတိဂုံညီလာခံ၊ ပင်လုံစာချုပ်မျိုးစေ့၊ ဘက်မလိုက်ဝါဒနှင့် ဗမာပြည် တို့အပြင် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါးများလည်း ရေးသားခဲ့သည်။ မဟာသရေစည်သူ ဦးဖေခင်(နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်)ရေးသားသည့် ကိုယ်တွေ့ပင်လုံ စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အတွင်းဝန်ဟောင်း ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) က ဤသို့ အမှာစာ ရေးပေးထားသည်။
ဦးဖေခင်ရေးသားထားသည့်အတိုင်း ပင်လုံမြို့သို့ရောက်ပြီးကာမှ အခြေအနေမသေမချာဖြစ်နေခြင်းကြောင့် ဗိုလ်ချုပ်သည် စိတ်ပျက် လာရာမှ ရန်ကုန် ပြန်တော့မည် ဆိုကာ ကျွန်တော့်အား လေယာဉ်ပျံ မှာယူခိုင်းပါသည်။ သို့သော် ဦးဖေခင်နှင့် ကျွန်တော် တိုင်ပင်ပြီး လေယာဉ် မမှာသေးဘဲ တစ်ဖက်က လူမျိုးစု ခေါင်းဆောင်များအား ကြိုးစား စည်းရုံးရင်း တစ်ဖက်ကလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျ ပြောဆိုခဲ့မှုကြောင့် ဗိုလ်ချုပ်သည် စိတ်ပြေပြီး မပြန်ဘဲ ပင်လုံမှာ ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ အကယ်၍သာ ကျွန်တော်တို့က ဗိုလ်ချုပ် စိတ်ပြေရန် ဖျောင်းဖျပြောဆိုခြင်း မပြုနိုင်ပါက ယနေ့သမိုင်းဝင် ပင်လုံစာချုပ် သည် အကောင်အထည် ပေါ်လာစရာ အကြောင်းမရှိ ရုံမက မြန်မာနိုင်ငံ သမိုင်းသည်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားကာ ဗြိတိသျှ နယ်ချဲ့တို့ အကြိုက် ဖြစ်သွားမည်မှာ သေချာသည်ဟု ဆိုနိုင်သည်။[၁]
ဂုဏ်ပြုချီးကျူးခံရခြင်း
[ပြင်ဆင်ရန်]လွတ်လပ်ရေးရပြီးနောက် ပထမဆုံးထုတ်ပြန်သည့် ဂုဏ်ထူးဆောင်စာရင်း (Honours List)) တွင် မဟာသရေစည်သူ ဘွဲ့ နှင့် ၁၉၈ဝ ပြည့်နှစ် ဇွန်လ ၇ ရက်တွင် နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ချီးမြှင့်ခံရသည်။