တက္ကသိုလ် နေဝင်း
တက္ကသိုလ်နေဝင်း (၁၉၁၈-၁၉၉၇) သည် မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၁၈ - ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ အဖ-အရေးပိုင် ဦးဘိုးရင်၊ အမိ-ဒေါ်အမာတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဦးထွန်းလှအောင်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲတာဝန် ကိုထမ်းဆောင်ခဲ့ရာ ဗိုလ်ထွန်းလှဟု အမည်တွင်ခဲ့သည်။ စစ်ကြိုခေတ်ကာလတွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။
စာပေလောက
[ပြင်ဆင်ရန်]၁၉၃၆ - ဒဂုန်မဂ္ဂဇင်းပါ "အမြွှာညီနောင်" ဝတ္ထုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးက ကြီးမှူးကျင်းပသော ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည်။ ၁၉၃၆-ခုနှစ် ကျောင်းသားသပိတ်နှင့် ၁၃၀၀-ပြည့် အရေးတော်ပုံမှစ၍ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲအဖြစ် ခေါင်းဆောင်ကြီးများကျဆုံးချိန်အထိ တာဝန်ထမ်းခဲ့သည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် သမဂ္ဂထုတ် "အိုးဝေ"မဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင် ဖြစ်သည်။ ၁၉၄၅ - စစ်ပြီးခေတ် "အိုးဝေသတင်းစာ" တွင် အယ်ဒီတာချုပ် စသည်ဖြင့် စာပေတာဝန်များထမ်းဆောင်ခဲ့သည်။ ထို့ပြင် မြန်မာအလင်းသတင်းစာတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ "နေးရှင်း" အင်္ဂလိပ်သတင်းစာနှင့် "နိုင်ငံသစ်" သတင်းစာများတွင်လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြဝတီ၊ သွေးသောက်နှင့် အခြား မဂ္ဂဇင်းစာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးအမြောက်အမြားရေးသားခဲ့သည်။
နိုင်ငံ့အရေး
[ပြင်ဆင်ရန်]၁၉၄၇ - မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဇန်နဝါရီလတွင် ဗြိတိသျှနိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့သည်။ ဖေဖော်ဝါရီလ(၁၂ရက် နေ့၌ ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြေပြန့်မှ ကိုယ်စားလှယ်အဖွဲ့ဝင်(၇)ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ထွန်းလှသည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ မြို့မ-ဦးသန်းကြွယ် ၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင် ပါဝင်ခဲ့သည်။
ရုပ်ရှင်လောက
[ပြင်ဆင်ရန်]တက္ကသိုလ်နေဝင်းသည် စာပေနယ်တွင်သာမက ရုပ်ရှင်လောကတွင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်စသည် ဖြင့် နာမည်ထင်ရှားခဲ့သည်။ "မြတ်နိုးသူရယ်"၊ "ရေမြေဆုံးတိုင်"၊ "နွေဦးချစ်သူ" စသည့် ဇာတ်ကားများကို ဇာတ်ညွှန်း ရေးသားခဲ့သည်။ "မေတ္တာရေလှိုင်း" ဝတ္ထုကို မြင့်မြင့်ခင်၊ မောင်သင်၊ သီသီ၊ အကယ်ဒမီ(၄)ဦးနှင့် ဆေးရောင်စုံ ရုပ်ရှင် ကားရိုက်ကူးခဲ့သည်။ ၁၉၈၇ - ဒါရိုက်တာ သက်မောင်မောင်က မေတ္တာရေလှိုင်း ဇာတ်ကားကိုပင် နေအောင်၊ ထွန်းထွန်းနိုင်၊ မေဆွိတို့နှင့် ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့ရာ လူကြိုက်များခဲ့သည်။
ဂီတပညာ
[ပြင်ဆင်ရန်]တက္ကသိုလ်နေဝင်းသည် ဂီတပညာကိုလည်း ငယ်စဉ်ကပင် ဝါသနာပါခဲ့ရာ ဒီးဒုတ်ဦးဘချို၊ ရွှေပြည်ဦးဘတင်၊ ဦးခင်ဇော်-တို့ထံတွင် ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီးချင်းခန့် စသည်တို့ကို လေ့လာဆည်းပူးခဲ့သည်။ သံရုံးမှ သံတမန်များအားလည်း မြန်မာ့အနုပညာအကြောင်း၊ သီချင်းကြီးသီချင်းခန့်များအကြောင်း ဟောပြောပို့ချခဲ့သည်။
ရေးသားခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]- ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း(ဗမာ့လွတ်လပ်ရေး ဗိသုကာ) (၁၉၅၅-ခုနှစ်)
- ချစ်အာရုံ ဝတ္ထု (၁၉၅၆-ခုနှစ်)
- ရွှေရုပ်လွှာ ဝတ္ထု (၁၉၅၇-ခုနှစ်)
- နှစ်ကိုယ်သစ္စာ၊ အသက်ပေးချစ်ရသူမို့ စသော ဝတ္ထုများ' (၁၉၆၁-ခုနှစ်)
- စေတနာမွန် ရုပ်ရှင်ဝတ္ထု(ဘာသာပြန်)၊ သဇင်၊ မေတ္တာရေလှိုင်း စသောဝတ္ထုများ' (၁၉၆၂-ခုနှစ်)
- မေပုလဲ ဝတ္ထု (၁၉၆၅-ခုနှစ်)
- ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်(စ်)ကလေး စာအုပ် (၁၉၆၆-ခုနှစ်)
- အောင်ဆန်းဦးတို့အဖေ စာအုပ် (၁၉၆၇-ခုနှစ်)
- သေတစ်နေ့ မွေးတစ်နေ့၊ လျှပ်စစ်အနုမြူနှင့်လှပျိုဖြူ စာအုပ်များ (၁၉၉၂-ခုနှစ်)
- ကမ္ဘာ့သမိုင်းမှတ်တမ်းဝင်ဖြစ်ရပ်ကြီးများ စာအုပ် (၁၉၇၁-ခုနှစ်)
- ဣတိယခေါ် မိန်းမတို့သည် စာအုပ် (၁၉၇၃-ခုနှစ်)
- ဖိုမ အိမ်ထောင်ဦးလက်စွဲ စာအုပ် (၁၉၇၄-ခုနှစ်)
- နစ်ကာတာ(ဘာသာပြန်)၊ အီဂျစ်ပြည်သား(ဘာသာပြန်) (၁၉၇၅-ခုနှစ်)
- သွေးညီနောင်၊ ဂေါ့ဒ်ဖားသား၊ ဒိုးလိုမွှေ ရေလိုနှောက် ဘာသာပြန်စာအုပ်များ(၁၉၇၆-ခုနှစ်)
- စိန်ကိုစိန်နဲ့ဖြတ်မည်၊ ကန္တရဂေဟာ၊ ငရဲဘုံ၊ မျက်လုံးပေါင်း ရှစ်ကုဋေ စသော ဘာသာပြန်စာအုပ်များ (၁၉၇၇-ခုနှစ်)
- ဘက်(တ်)စီ၊ အင်းဝရွှေနန်းရောက် ဗြိတိန်သံအဖွဲ့မှတ်တမ်း၊ ပြေးချင်သလောက်ပြေးစမ်း၊ သန်းခေါင် ထက် ဉာဉ့်မနက် စသော ဘာသာပြန်စာအုပ်များ (၁၉၇၈-ခုနှစ်)
- ကျူပင်ခုတ်ကျူပင်ငုတ်မကျန်၊ လောကကိုအနိုင်ယူမယ်၊ လူမိုက်ဆိုရင်ထွက်ခဲ့၊ အန္တရာယ်စက်ကွင်း စာအုပ်များ (၁၉၇၉-ခုနှစ်)
- နိုင်ငံတော်ကောင်စီက-နိုင်ငံဂုဏ်ရည်(ပထမဆင့်)ချီးမြှင့်။ အင်ဂျီယာ(ဘာသာပြန်) စာအုပ် (၁၉၈၀-ခုနှစ်)
- ဆပ်ကပ်၊ ဘီလျံနာ၊ စစ်တောင်းတိုက်ပွဲ၊ မေတ္တာကမ္ဘာခြားလေသော်၊ အမြန်ရထားပေါ်မှ လူသတ်မှု၊ ဟီလာရီ၊ မေဂျာဆိုင်းမွန်၊ ဓားစာခံ စသော ဘာသာပြန်စာအုပ်များ (၁၉၈၁-ခုနှစ်)
- ဆာမီကို၊ ကွန်မန်ဒိုမော်ဂင်၊ ရှိုးဂန်း၊ ရိုစ့်ဘတ်ဒ်၊ မာယာညွှတ်ကွင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း စသော စာအုပ်များထွက်။ (၁၉၈၂-ခုနှစ်)
- သူသေကိုယ်သေ၊ နန်စီဟာမွန်နှင့် စိတ္တဇလူသတ်သမား၊ ပေါက်ရှားမင်း၊ ရှဲဒိုးစပိုင်၊ ရန်ကိုရန်ချင်း တုံ့နှင်းသော်၊ စက္ကင်းလေဒီ၊ နင်းဂျား၊ တုံးတိုက်တိုက်ကမ်းတိုက်တိုက်၊ ငုတ်မိသဲတိုင် စသော ဘာသာပြန် စာအုပ်များ (၁၉၈၃-ခုနှစ်)
- ထူးဆန်းသောလူသတ်မှု၊ နင်းဂျားနဲ့နီကိုလာ၊ ဂြိုဟ်မွှေတဲ့ကျောက်မျက်ရတနာ၊ အိပ်မက်သံသရာ ဘဝကဗျာ၊ အလှည့်ကျတော့မနွဲ့စတမ်း၊ ရှီကေ၊ ရှီကေနှင့်ကူဗလိုင်ခန် စသော ဘာသာပြန်စာအုပ်များ (၁၉၈၄-ခုနှစ်)
- ၁၉၈၅ - လောဘမုန်တိုင်း၊ လေယာဉ်ပေါ်မှ လူသတ်မှု၊ အော်ရိုရာအရေးအခင်း၊ အလောင်းပျောက်နေသော လူသတ်မှု စသော ဘာသာပြန်စာအုပ်များ (၁၉၈၅-ခုနှစ်)
- အန္တရာယ်ပစ်မှတ်၊ ဇင်ဘာဘွေ(ပ၊ဒု)၊ စစ္စလီကျွန်းသား စသော ဘာသာပြန်စာအုပ်များ (၁၉၈၆-ခုနှစ်)
- ဂျီယန်၊ ကမ္ဘာဖျက်အန္တရာယ်၊ သိက္ခာကိုရင်း၍ ဘာသာပြန်စာအုပ်များ
- ဇီးရိုး(ပ၊ဒု)ဘာသာပြန် (၁၉၉၀-ခုနှစ်)
- သံလျှက်ကိုပေပေါ်တင်၍၊ ချစ်တေးတစ်ကျော့-ဘာသာပြန်များ (၁၉၉၁-ခုနှစ်)
- ဂေါ့ဖားသားနှင့် ပီတာလင်း(ဘာသာပြန်) (၁၉၉၃-ခုနှစ်)
- အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း စာအုပ် (၁၉၉၅-ခုနှစ်)
- မာဖီးယားကမ္ဘာ၊ ဂေါ့ဒ်ဖားသား၊ နန်းစွန့်ဘုရင်(ဘာသာပြန်)စာအုပ်များ (၂၀၀၅-ခုနှစ်)
- အမေရိကန်သူပုန်ကြီးဂျက်လန်ဒန်၊ ကီလီယိုပါထရာ စသော ဘာသာပြန်စာအုပ်များ (၂၀၀၆-ခုနှစ်)
ထင်ရှားသည့် စာအုပ်အချို့
[ပြင်ဆင်ရန်]- အောင်ဆန်းဦးတို့အဖေ
- ဖက်ဆစ်တော်လှန်ရေးသမိုင်း
- အမှတ်တရဗိုလ်ချုပ်အောင်ဆန်း
- ဗိုလ်ချုပ်အောင်ဆန်း(ဗမာ့လွတ်လပ်ရေး ဗိသုကာ)
- ကမ္ဘာ့သမိုင်းမှတ်တမ်းဝင်ဖြစ်ရပ်ကြီးများ(ဘာသာပြန်)
- ဂေါ့ဒ်ဖားသား(ဘာသာပြန်)
- အင်းဝရွှေနန်းရောက် ဗြိတိန်သံအဖွဲ့မှတ်တမ်း(ဘာသာပြန်)
- စစ်တောင်းတိုက်ပွဲ(ဘာသာပြန်)
- ရှိုးဂန်း(ဘာသာပြန်)
- ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း
- မာဖီးယားကမ္ဘာ(ဘာသာပြန်)
- နန်းစွန့်ဘုရင်(ဘာသာပြန်)
- အမေရိကန်သူပုန်ကြီးဂျက်လန်ဒန်(ဘာသာပြန်)
- ကီလီယိုပါထရာ(ဘာသာပြန်)
- လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်(စ်)ကလေး(ဘာသာပြန်)
- မေတ္တာရေလှိုင်း(ပင်ကိုရေးဝတ္ထု)
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၉၇ - မတ်လ(၇)ရက်နေ့တွင် အမှတ်(၃၃)၊ ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ့်နေအိမ်တွင်ကွယ်လွန်ခဲ့သည်။ ကွယ်လွန် ချိန်၌ ဇနီး-ဒေါ်ခင်ငြိမ်းနှင့်အတူ သမီးနှစ်ယောက်၊ သားတစ်ယောက်ကျန်ရစ်သည်။