ကျော်နီ

ဝီကီပီးဒီးယား မှ
(ဦးကျော်နီ မှ ပြန်ညွှန်းထားသည်)
ဦးကျော်နီ
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး
(အမျိုးသားညီညွတ်ရေးအစိုးရ)
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
သမ္မတဦးဝင်းမြင့်
ဝန်ကြီးနိုင်သုဝဏ္ဏ
ဒုတိယ သမ္မတဒူဝါလရှီးလ
ယှဉ်ပြိုင်ဖက်(များ)ဦးဝင်းရှိန်
ယခင်လူ
  • ဦးမြင့်ကြိုင်
  • ဦးထင်အောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၇၈-0၆-၁၄) ဇွန် ၁၄၊ ၁၉၇၈ (အသက် ၄၅)
ဝါးခယ်မမြို့ဧရာဝတီတိုင်း
မိခင်ဒေါ်တင်အေး
ဖခင်ဦးအုန်းရွှေ
ပညာရေးဥပဒေဘွဲ့ (LL.B)
ကျော်ကြားမှုနိုင်ငံရေးတက်ကြွလှုပ်ရှားသူ
ဝက်ဘ်ဆိုဒ်https://nugmyanmar.org

ဦးကျော်နီ (သို့မဟုတ်) ဦးကျော်ကျော် (၁၄ ဇွန် ၁၉၇၈ မွေးဖွား) သည် မြန်မာ အလုပ်သမားအရေးဆောင်ရွက်နေသည့် နိုင်ငံရေးသမား၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်သည်။ ဦးကျော်နီ ကို ဦးအုန်းရွှေနှင့် ဒေါ်တင်အေးတို့မှ ၁၉၇၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အဝေးသင်တက္ကသိုလ် (ရန်ကုန်) မှ ဥပဒေဘွဲ့ (LL.B) ကိုရရှိထားသည်။ သူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သည်။

နိုင်ငံရေးဆောင်ရွက်မှုများ[၁][ပြင်ဆင်ရန်]

၂၀၀၂ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသို့စတင်ဝင်ရောက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်းလုပ်ကြံမှုကြောင့် NLDရုံးများပိတ်ထားရချိန်တွင် ဒီပဲယင်းအဖြစ်မှန်ဖော်ထုတ်ပေးရေး၊ ဖမ်းဆီးခံခေါင်းဆောင်များလွှတ်ပေးရေး၊ ရုံးခန်းများပြန်လည်ဖွင့်ပေးရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်။

၂၀၀၄ ခုနှစ်တွင် ဒီပဲယင်းတစ်နှစ်ပြည့်အထိမ်းအမှတ် လူ့အခွင့်အရေးကြေညာစာတမ်းဖြန့်ဝေမှုကြောင့် သူအပါအဝင် NLD လူငယ် ၉ ဦး စစ်ထောက်လှမ်းရေးဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် သုံးနေရာ ဗုံးကွဲမှုကို မသင်္ကာ၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တွင် ၆ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် အလုပ်သမားနေ့တွင် အမေရိကန်စင်တာ၌ကျင်းပသော အလုပ်သမားနေ့အခမ်းအနားတွင် အလုပ်သမားဥပဒေအကြောင်းဟောပြောသည့်အတွက် အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်းချမှတ်ခံရသည်။ အင်းစိန်ထောင်၊ ကလေးထောင်တို့တွင် အကျဉ်းကျခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ကလေးထောင်မှလွတ်မြောက်လာခဲ့သည်။

ထောင်မှ လွတ်မြောက်ပြီးနောက် ၂၀၁၂ ခုနှစ်တွင် Action Labour Rights အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ကာ ၂၀၁၃ တွင်နုတ်ထွက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး (SDUF) နှစ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ABFTU) တို့ကိုထူထောင်ခဲ့ပြီး တရားဝင်အားဖြင့် (SDUF) တွင် အတွင်းရေးမှူးအဖွဲ့ဝင်အဖြင့်တာဝန်ယူခဲ့သည်။ ၂၀၁၉ -၂၀၂၀ ခုနှစ်တွင် ABFTU တွင်တာဝန်ယူရန်အတွက် SDUF မှနုတ်ထွက်ခဲ့ပြီး ABFTU ကိုဦးဆောင်ခဲ့သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အလုပ်သမားများ၏ စစ်ကောင်စီအား ပထမဆုံး ဆန့်ကျင်ဆန္ဒပြပွဲကို ကူညီဦးဆောင်ပေးခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကို ဦးဆောင်၍ အခြားသော သပိတ်စစ်ကြောင်းများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ သီးခြားသော်လည်းကောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်းများထွက်ခဲ့သည်။[၂]

ABFTU ပါဝင်သော Labour Alliance မှ တာဝန်ပေးချက်အရ General Strike Coordinating Body (GSCB) တွင်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တာမွေကျောက်မြောင်းမီးပွိုင့်တွင် အဖြိုခွဲခံခဲ့ရသော GSC သပိတ်စစ်ကြောင်းဦးဆောင်သူများထဲတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ဝရမ်းထုတ်ခံခဲ့ရသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ရာတွင် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Deputy Minister - Ministry of Labour Myanmar (MOL) (in my-MM)။ ၁၂ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. အလုပ်သမား အားလုံး “အလုပ်ရပ်” အာဏာဖီဆန်ရေး သပိတ် စတင် (8 မတ် 2021)။ ၁၂ ဇန်နဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။