အာကာသပြိုင်ပွဲ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အာကာသပြိုင်ပွဲ သည် စစ်အေးတိုက်ပွဲ ပြိုင်ဖက်များဖြစ်ကြသော ဆိုဗီယက် ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ကြား သာလွန်သည့် အာကာသယာဉ်ဆိုင်ရာ စွမ်းရည်ရရှိရန် ၂၀ ရာစုတွင် ယှဉ်ပြိုင်ခဲ့ကြသော ပြိင်ပွဲဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ထိုနှစ်နိုင်ငံကြား "ပဲ့ထိန်းဒုံးကျည် အခြေခံပြု နျူကလီးယား လက်နက်ပြိုင်ပွဲ"မှ စတင်သန္ဓေတည်ခဲ့သည်။ အာကာသယာဉ်နှင့်ပတ်သက်သည့် အောင်မြင်မှုများက ပေးစွမ်းသော နည်းပညာတိုးတက်ဖြစ်ပေါ်လာမှုများသည် အမျိုးသားလုံခြုံရေး အတွက် မဖြစ်မနေလိုအပ်သည်ဟု ရှုမြင်ကြ၍ ထိုခေတ်အချိန်ကာလ၏ ပြယုဂ်နှင့် အတွေးမြင်စနစ်တို့၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ အာကာသပြိုင်ပွဲသည် အင်္ဂါဂြိုဟ်သောကြာဂြိုဟ် များဆီသို့ စက်ရုပ်သုံး လူမဲ့အာကာသယာဉ်များ၊ ဂြိုဟ်တုများကို ရှေ့ဆောင်လမ်းပြ လွှတ်တင်မှုများ ဖြစ်ပေါ်စေခဲ့ကာ ကမ္ဘာပတ်လမ်းနိမ့်သို့ လူလိုက်ပါသည့် အာကာသယဉ်များလည်း လွှတ်တင်နိုင်စေခဲ့ပြီး နောက်ဆုံးတွင် လပေါ်သို့ လူသား ရောက်ရှိစေခဲ့သည်အထိ ဖြစ်ပေါ်စေခဲ့ကြသည်။[၁]

အမေရိကန်ပြည်ထောင်စုက မဝေးလှသော အနာဂတ်တွင် ဂြိုဟ်တုတစ်ခုလွတ်တင်မည်ဟု ကြေညာလျှက် နိုင်ငံတကာ ဘူမိရူပနှစ်အတွက် ဂြိုဟ်တုများကို လွှတ်တင်ရန် ဆုံးဖြတ်သတ်မှတ်ထားကြောင်း ၁၉၅၅ ဩဂုတ်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်ကို ဆိုဗီယက် ယူနီယံက လေးရက်အကြာတွင် တုံ့ပြန်ရာမှ ပြိုင်ပွဲစတင်ခဲ့လေသည်။ ၁၉၅၅ ၌ ပဲ့ထိန်းဒုံးကျည်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်လာခြင်းများက အမေရိကန်နှင့် ဆိုဗီယက်တို့ကို မဝေးသော အနာဂတ်ကာလ၌ ဂြိုဟ်တုများ ပစ်လွှတ်စေနိုင်ခဲ့ကာ ထိုနယ်ပယ်များတွင် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်စေခဲ့သည်။[၂] ၁၉၅၇ အောက်တိုဘာ ၄ ၌ ဆိုဗီယက်တို့က စတင်၍ လူလုပ်ဂြိုဟ်တု စပွတ်နစ် ၁ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ရာ ပြိုင်ဆိုင်မှုသည် စပွတ်နစ်ဂြိုဟ်တုလွှတ်တင်နိုင်မှုကြောင့် အံ့ဩထိတ်လန့်ရမှုနှင့်အတူ အများပြည်သူတို့၏ အာရုံစိုက်ခြင်းခံရ၍ ထို့နောက် ဆိုဗီယက်တို့ကပင် အာကာသသို့ ပထမဆုံးလူသားတစ်ဦးကို ၁၉၆၁ ဧပြီ ၁၂ တွင် ပို့ဆောင်ပေးနိုင်ခဲ့သည်။ ထိုသူမှာ ယူရီ ဂါဂါရင် ဖြစ်သည်။ ဆိုဗီယက်တို့သည် နောင်နှစ်အနည်းငယ်အထိ ပြိုင်ဆိုင်ပွဲတွင် အစောပိုင်းအသာစီးရရှိခဲ့ရာ[၃] လူမဲ့(စက်ရုပ်) အကာသခရီးစဉ်များဖြင့် လူန စီမံကိန်းနှင့်အတူ လပေါ်သို့ ပထမဆုံး ရောက်ရှိနိုင်ခဲ့ပေသည်။

အမေရိကန် သမ္မတ ဂျွန် အက်ဖ် ကနေဒီက လပေါ်သို့ လူတစ်ဦးကို ရောက်ရှိအောင် လွှတ်တင်မည်၊ ထိုသူကို ကမ္ဘာမြေပေါ်သို့ ချောချောမောမော ပြန်လည်ရောက်ရှိစေမည်ဟူသော ရည်မှန်းချက်ဖြင့် ပြိုင်ဆိုင်မှုအနေအထားကို မြင့်တက်စေသည်။[၄] ထို့နောက် နှစ်နိုင်ငံစလုံးက အကြီးစား အာကာသယာဉ်များကို တီထွင်တိုးတက်စေခဲ့ကာ အမေရိကန်ပြည်ထောင်စုသည် စေတန် ၅ကို အောင်မြင်စွာ တည်ဆောက်အသုံးချနိုင်ခဲ့ပြီး ယင်းယာဉ်သည် လူသုံးဦးစာ ပတ်လမ်းပတ်ယာဉ်နှင့် လူနှစ်ဦးစာ လပေါ်ဆင်းယာဉ်ပါရှိသည်အထိ ကောင်းစွာကြီးမားသည်။ ကနေဒီ၏ လပေါ်ဆင်းသက်နိုင်ရေး ပန်းတိုင်ကို ၁၉၆၉ ဇူလိုင်တွင် အပိုလို ၁၁အား လွှတ်တင်နိုင်ခဲ့မှုနှင့်အတူ အောင်မြင်မှုရရှိခဲ့သည်။[၅][၆][၇] ယေဘုယျအားဖြင့် ပြိုင်ဘက်ကင်းအောင်မြင်ခြင်းဖြစ်ကာ ဆိုဗီယက်တို့၏ အောင်မြင်ခဲ့မှုများစွာကို မှေးမိန်ဖျော့တော့စေခဲ့၍ အာကာသပိုင်ဆိုင်မှု၏ အဆုံးအဖြတ် အောင်မြင်မှုဟုပင် အများအားဖြင့် ယူဆသတ်မှတ်ကြသည်။[၈] ဆိုဗီယက် ယူနီယံကလည်း လူန စီမံကိန်းနှစ်ခု ထပ်မံဆောင်ရွက်သည်။ သို့သော် အမေရိကန် မတိုင်မီ အန် ၁ (N1) ဒုံးပျံဖြင့် လပေါ်သို့ ဆင်းနိုင်ရေးဆောင်ရွက်ခဲ့ရာ မအောင်မြင်ခဲ့ပေ။ အဆုံးတွင် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ပထမဆုံး အာကာသစခန်း စီမံကိန်းဖြစ်သော ဆာ့လု စီမံကိန်း (Salyut) ၊ သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဆုံး ဆင်းသက်နိုင်ရေးတို့ကို အာရုံစိုက် ဆောင်ရွက်ခဲ့ကြသည်။ ထိုစဉ်အတွင်း အမေရိကန်တို့က လူလိုက်ပါသော အပိုလို ယာဉ်ငါးစီးကို လပေါ်သို့ ပို့ဆောင်လွှတ်တင်ခဲ့သည်။

[၉] ထို့အပြင် အခြားဂြိုဟ်များသို့ လေ့လာရေးခရီးစဉ်များကို လူမဲ့အနေအထားဖြင့် ဆက်လက်လုပ်ဆောင်ခဲ့သေးသည်။ ၁၉၇၂ ဧပြီတွင် အပိုလို-ဆိုယု စမ်းသပ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု (Apollo–Soyuz Test Project) ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုလျော့သည့် ကာလဖြစ်ပေါ်လာခဲ့ကာ အကျိုးဆက်အားဖြင့် ၁၉၇၅ ဇူလိုင်တွင် အမေရိကန် အာကာသယာဉ်မှူးသည် ဆိုဗီယက်ယာဉ်မှူးနှင့် ကမ္ဘာပတ်လမ်းတစ်နေရာတွင် ချိန်းဆိုတွေ့ဆုံခဲ့ကြကာ နိုင်ငံတကာ အာကာသယာဉ် ချိတ်ဆက်မှုဆိုင်ရာ စံစနစ်ဖြစ်ပေါ်ရေး (APAS-75) ကို ပူးပေါင်းဖော်ဆောင်နိုင်ခဲ့ကြလေသည်။ ထိုသို့အားဖြင့် အာကာသပြိုင်ပွဲ၏ နောက်ဆုံးဆောင်ရွက်မှုအဖြစ် ယူဆနိုင်သော[၈] ဤပြိုင်ပွဲသည် တဖြည်းဖြည်းချင်း ပူးပေါင်းဆောင်ရွက်မှုအသွင်သို့ ကူးပြောင်းလာခဲ့သည်။[၁၀] ဆိုဗီယက် ယူနီယံပြိုကွဲခြင်းပြီးနောက် မီယာ အာကာသလွန်းပျံယာဉ်နှင့် နိုင်ငံတကာ အာကာသစခန်းတို့နှင့်ပတ်သက်သော ၁၉၉၃-သဘောတူညီချက်ဖြင့် အမေရိကန်နှင့် အသစ်ဖြစ်ထွန်းလာသော ရုရှားတို့အား အာကာသ စစ်အေးတိုက်ပွဲ အဆုံးသတ်စေနိုင်ခဲ့ပေသည်။[၁၁][၁၂]

ကိုးကား[ပြင်ဆင်ရန်]

  1. history.com, Space Race
  2. Schefter (1999), pp. 3–5
  3. Siddiqi (2003a), p. 460
  4. Kennedy, John F. (May 25, 1961)။ Special Message to Congress on Urgent National Needs (Motion picture (excerpt))။ Boston, MA: John F. Kennedy Presidential Library and Museum။ Accession Number: TNC:200; Digital Identifier: TNC-200-2August 1, 2013 တွင် ပြန်စစ်ပြီး
  5. Apollo 11 Command and Service Module (CSM)
  6. Apollo 11 Lunar Module / EASEP
  7. Apollo 11 Mission Summary
  8. ၈.၀ ၈.၁ Both the Apollo 11 Moon landing and the ASTP have been identified as the end of the Space Race,Samuels၊ Richard J., ed. (2005)။ Encyclopedia of United States National Security (1st ed.)။ Sage Publications။ p. 669။ ISBN 978-0-7619-2927-7Most observers felt that the U.S. moon landing ended the space race with a decisive American victory. […] The formal end of the space race occurred with the 1975 joint Apollo-Soyuz mission, in which U.S. and Soviet spacecraft docked, or joined, in orbit while their crews visited one another's craft and performed joint scientific experiments.
  9. Williams၊ David R. (December 11, 2003)။ Apollo Landing Site CoordinatesNASA Space Science Data Coordinated Archive။ NASA။
  10. U.S.-Soviet Cooperation in Space (PDF) (အစီရင်ခံစာ)။ US Congress, Office of Technology Assessment။ July 1985။ pp. 80–81June 13, 2018 တွင် ပြန်စစ်ပြီး
  11. "Russia bids farewell to Mir"၊ NBC News၊ March 23, 2001။ 
  12. ISS Facts and FiguresInternational Space Station။ NASA (April 30, 2015)။