အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)

ဝီကီပီးဒီးယား မှ
အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)
စက်ရုံတည်နေရာ
ကိုဩဒိနိတ်: 20°44′39″N 95°22′39″E / 20.7440762°N 95.3773929°E / 20.7440762; 95.3773929ကိုဩဒိနိတ်: 20°44′39″N 95°22′39″E / 20.7440762°N 95.3773929°E / 20.7440762; 95.3773929

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သည် အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းစက်မှုဝန်ကြီးဌာနအောက်ရှိ အစိုးရလက်အောက်ခံ စက်ရုံဖြစ်ပြီး ရန်ကုန်-မြင်းခြံကားလမ်း မိုင်တိုင် ၄၅၀ ၏ အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာတွင် ရှိသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

၂၀၀၄ ခု၊ နိုဝင်ဘာလတွင် အီတလီကုမ္ပဏီ (Danienli Co. Ltd.) နှင့် မြန်မာမှ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ ပူပေါင်းလုပ်ဆောင်ကြသည်။ အီတလီဘက်မှ နည်းပညာစိုက်ပြီး မြန်မာဘက်မှ အရင်းစိုက်ခြင်း ဖြစ်သည်။ အရင်းအတွက် တရုပ်ဖွံ့ဖြိုးရေးဘဏ် (China Development Bank) မှ ယူရို သန်း ၁၁၀၀ ချေးသည်။ စက်ရုံဧရိယာမှာ ၅၇၄.၂ ဧက ဖြစ်သည်။ ၂၁-၃-၂၀၁၀ နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် သံမဏိစက်ရုံလုပ်ငန်းများ တည်ထောင်ရေးနှင့် ပတ်သက်၍ လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းဦးစီးသော ၁၉၄၆ ခုနှစ် ဆိုရန်တိုဗီလာအမျိုးသားစီမံကိန်း ရေးဆွဲစဉ်ကတည်းကပင် ပါဝင်ခဲ့ပြီး သံနှင့်သံမဏိလုပ်ငန်းများ ထူထောင်ရေး ရေရှည်မျှော်မှန်း ဆောင်ရွက်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းတူးဖော်ရရှိနိုင်သည့် တွင်းထွက်သယံဇာတ ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ သံနှင့်သံမဏိလုပ်ငန်းများ တည်ထောင်ရန် အစီအစဉ်များ ချမှတ်နိုင်ခဲ့သည်။

၁၉၅၄ ခုနှစ်တွင် တွင်းထွက်သယံဇာတ စူးစမ်းလေ့လာမှုကို စတင်ဆောင်ရွက်ခဲ့ပြီး အဓိကကုန်ကြမ်းဖြစ်သည့် သံသတ္တုရိုင်းနှင့် ကျောက်မီးသွေးအား အရည်အသွေးနှင့် ပမာဏဦးစားပေး ဆောင်ရွက်ခဲ့သည်။ အနောက်ဂျာမဏီအစိုးရ၏ အကူအညီဖြင့် ၁၉၅၆ ခုနှစ်၊ ၁၉၅၈-၁၉၅၉ ခုနှစ်များတွင် ပဏာမဘူမိဗေဒလေ့လာမှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၆၁-၁၉၆၂ ခုနှစ်တွင် အနောက်ဂျာမဏီမှ Krupp Co.,Ltd နှင့် မြန်မာနိုင်ငံဘူမိဗေဒဌာနတို့ ပူးပေါင်းပြီး အသေးစိတ် ဘူမိဗေဒတိုင်းတာမှုများ ဆောင်ရွက်ခဲ့သည်။ လေ့လာတွေ့ရှိချက်များအရ ပင်းပက်သံသတ္တုရိုင်းနှင့် ကလေးဝကျောက်မီးသွေးကို အခြေခံပြီး အကြီးစားသံမဏိစက်ရုံတစ်ခုကို မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး ဆီမီးခုံတွင် တည်ဆောက်အကောင်အထည်ဖော်ရန် စဉ်းစားခဲ့ကြသည်။ သို့ရာတွင် ရင်းနှီးမြှပ်နှံမှုငွေကြေးများပြားခြင်း၊ ကုန်ကြမ်းများ၏ တည်နေရာအရ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိခြင်းတို့ကြောင့် ရေရှည်မျှော်မှန်းချက်အဖြစ်သာ ထားရှိနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် သံရိုင်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် သတ္တုသိုက် သုံးခုရှိသည်။ ပထမတစ်ခုမှာ ပြင်ဦးလွင် (ကျားတွင်းရေ) ဒေသမှ သံရိုင်းတန်ချိန် သုံးသန်းခန့်ရှိသော သတ္တုသိုက်ဖြစ်ပြီး လက်ရှိတွင် သံမဏိစက်ရုံ (ပြင်ဦးလွင်)ကို တည်ဆောက်ပြီး ထုတ်လုပ်လျက်ရှိသည်။ ဒုတိယတစ်ခုမှာ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်အစပ်မှ ပင်းပက်ဒေသ၌ သံရိုင်းတန်ချိန်သန်း ၇၀ ခန့်ရှိပြီး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)ကို တည်ဆောက်နေပြီး ထုတ်လုပ်နိုင်ရန် ဆောက်ရွက်လျက်ရှိသည်။ တတိယတစ်ခုမှာ ဖားကန့်မြို့နယ် ကသိုဏ်းတောင်ဒေသ၌ လေ့လာတိုင်းထွာမှုများအရ သံရိုင်းတန်ချိန်သန်း ၂၃၀ ခန့်ရှိသည်။[၁]

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)အတွက် လိုအပ်သော ကုန်ကြမ်းများအဖြစ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)မှ ထုတ်လုပ်သော သံစိမ်း (Pig Iron) များ၊ သင်္ဘောဖျက်စက်ရုံ(သီလဝါ)မှ ပေးပို့သော သံထည်ပျက် (Scrap)များနှင့် အရည်ကြိုကားဟောင်း သံထည်ပျက်များကို အသုံးပြုမည်ဖြစ်သည်။ ရရှိလာသော ကုန်ကြမ်းများကို သံမဏိချောင်းကြီးများ (Billet)အဖြစ် ထပ်ဆင့်ထုတ်လုပ်ပြီး သံမဏိစက်ရုံ(ကျောက်စွယ်ကျိုး)ကို ပေးပို့မည်ဖြစ်သကဲ့သို့ သံမဏိပြား (Slab)များအဖြစ်ထုတ်လုပ်ပြီး သံမဏိစက်ရုံ (မြောင်းတကာ)သို့ ပေးပို့သွားမည်ဖြစ်သည်။ အဆိုပါ ကုန်ကြမ်း/ကုန်ချောများကို သယ်ယူပို့ဆောင်နိုင်ရန်အတွက် ရထားလမ်းများကို စက်ရုံများအရောက် အပြန်အလှန် ချိတ်ဆက်ထားပြီး မြန်မာ့မီးရထားက သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်သည်။ (လမ်းအရှည် ၁၅ မိုင်ခန့်ရှိပင်းပက်-နောင်ကား ရထားလမ်းစီမံကိန်းကို ၂၀၂၂ခုနှစ်တွင် စတင်ဖောက်လုပ်နေသည်။)[၂]

စက်ရုံမှ တစ်နှစ်လျှင် Steel Billets တန်ချိန် နှစ်သိန်းနှင့် Steel Slabs တန်ချိန် ငါးသောင်းတို့ကို ထုတ်လုပ်နိုင်သည်။ သံမဏိချောင်း Billet နှင့် သံမဏိပြား Slab ထုတ်လုပ်ရုံသာမကဘဲ သံမဏိပြား Slab မှ ထပ်မံပြီး Finished Products များအဖြစ် Hot Roll Sheet, Cold Roll Sheet, Colour Sheet အရွယ်အစားမျိုးစုံနှင့် သွပ်ရည်စိမ် သွပ်ပြားများ၊ ရထားသံလမ်းများအထိ ထုတ်လုပ်သွားရန်အတွက် စက်ရုံကို ထပ်မံတိုးချဲ့တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။ နောင်တွင် ကသိုဏ်းတောင်မှရသည့် သံရိုင်းများကို သံစိမ်း Pig Iron များအဖြစ် ထုတ်လုပ်ပြီးနောက် သံမဏိစက်ရုံ (မြင်းခြံ)ကို နှစ်စဉ်တန်ချိန်နှစ်သိန်း ထုတ်လုပ်ရာမှ တန်ချိန်လေးသိန်းမှ ငါးသိန်းအထိ တိုးမြှင့်ထုတ်လုပ်သွားနိုင်အောင် ဆက်လက်တိုးချဲ့သွားမည်ဖြစ်သည်။[၃]

စက်ရုံတည်ဆောက်ရေးနှင့် ပစ္စည်းတင်သွင်းရေးအတွက် အာရှမတ္တယ် (Asia Metal)၊ အေးရှားဝေါ၊ ကေတီကေ (KTK)၊ အမ်စီအမ် (Myanmar Chemical & Machinery Co.) နှင့် မြန်မာမဟာထွန်း ကုမ္ပဏီ ၅ ခုကို လုပ်စေသည်။

၂၀၁၂ ခု၊ အောက်တိုဘာလ ၁ ရက်တွင် စက်မှု (၁) လက်အောက်သို့ ရောက်လာသည်။ ရောက်လာသည်နှင့် သံမဏိစက်ရုံ ၂ ရုံအတွက် သန်း ၅၀၀၀၀၀ လိုကြောင်း ရန်ပုံငွေ တောင်းသည်။ [၄]

ရပ်သင့်လား ဆက်သင့်လား အခြင်းများရခြင်း[ပြင်ဆင်ရန်]

၂၀၁၇ ခု၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် အရှုံးပေါ်နေသော အစိုးရလုပ်ငန်းများကို ရပ်ရန်ဆုံးဖြတ်ရာ မြင်းခြံ သံမဏိစက်ရုံပါ ပါလေသည်။ သို့သော် နောက်နှစ်ရန်ပုံငွေအတွက် စက်စမ်းစရိတ်ဟူ၍ သန်း ၄၃၀၀ ခန့် တောင်းလာသည်။ ရပ်ခိုင်းပါလျက် စက်စမ်းစရိတ်မှာ အခြေအမြစ်မရှိကြောင်း ဆွေးနွေးရာ လျှပ်စစ်ဝန်ကြီးဌာနသို့ ပေးရန် ဓာတ်အားခကြွေးနှင့် စွမ်းအင်ဝန်ကြီးဌာနသို့ပေးရန် ဓာတ်ငွေ့ဖိုးကြွေးများဖြစ်ကြောင်း စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းသည်။ [၅] သို့သော် လွှတ်တော်က မပေး။ [၆] ငွေ သန်း ၅၅၃၀၀၀ ကျော် ရင်းထားပြီး အဆင့် ၂ အထိ ရောက်ပြီဖြစ်၍ ဆက်လုပ်သင့်ကြောင်း စက်မှုဝန်ကြီးက ဆိုသည်။ [၇]

၂၀၁၉ ခု၊ ဩဂုတ်လတွင် သန်း ၉၅၀၀ ကျော် တောင်းပြန်သည်။ ၂၀၁၆ ခုက မြန်မာကုမ္ပဏီများအား ပေးရမည့်အကြွေးဖြစ်ကြောင်း ခေါင်းစဉ်ပြသည်။ [၈] အဆိုပါကြွေးမှာ တင်ဒါဝင်ကုမ္ပဏီများအတွက်သာ ဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ပေးရမည့် သန်း ၉၀၀၀ ကို စက်မှုဝန်ကြီးဌာနက တမင်ချန်ထားကြောင်း မင်းကင်းအမတ် ဦးမောင်မြင့်က ထောက်ပြသည်။ [၉] ၂၀၁၆ ခုကပင် ရန်ပုံငွေမလောက်ဟူ၍ ကုမ္ပဏီများကို စိုက်လုပ်ခိုင်းထားကြောင်း တင်ဒါဝင်ကုမ္ပဏီများအနက် တခုဖြစ်သော မြန်မာမဟာထွန်းမှ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းက ဖွင့်ဟသည်။

၂၀၂၀ ပြည့်၊ ဇန်နဝါရီလ ၉ ရက်တွင် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းကို ဥက္ကဋ္ဌခန့်ကာ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ကာ စက်ရုံအား ဆက်လည်ရန်သင့်မသင့် စစ်နေသည်။ ဧပြီလမတိုင်မီ အဆုံးအဖြတ်ရရန် ရည်မှန်းကြောင်း ဥက္ကဋ္ဌက ဆိုသည်။ [၁၀] ဇန်နဝါရီလ ၁၇ ရက်တွင် စက်ရုံရှိ အစိတ်အပိုင်းများကို ရောင်းရန် တင်ဒါခေါ်သည်။

၂၀၂၀ ပြည့်၊ ဖေဖော်ဝါရီလတွင် တရုပ်ဖွံ့ဖြိုးရေးဘဏ်သို့ ပြန်ဆပ်ရမည်မှာ အတိုးပါထည့်တွက်လျှင် ယူရို သန်း ၁၆၀၀ ခန့် ရှိမည်ဖြစ်ပြီး ၂၀၁၈ ခု၊ စက်တင်ဘာလအထိ ပေးထားသော တိုးရင်းပေါင်းမှာ ယူရို ၁၃၇ သန်းသာ ရှိသေးသဖြင့် စက်ရုံ လည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ တရုပ်ဘဏ်အား တရက်လျှင် သိန်း ၅၀၀၀ ခန့် ပေးနေရခြင်းပင် ဖြစ်ကြောင်း မန္တလေးတိုင်း စက်မှုဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။ သို့ဖြင့် ဝေဖန်သံများ ညံလာသည်။

ထုတ်လုပ်မှုစွမ်းရည်[ပြင်ဆင်ရန်]

ဝန်ထမ်းအင်အား ၆၆၄ ဦး (အရာထမ်း ၃၀၊ အမှုထမ်း ၆၃၄) ဖြင့် လည်ပတ်နေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.burmalibrary.org/sites/burmalibrary.org/files/obl/DocsMirror/Mirror2010-03-22.pdf
  2. https://yangonmediagroup.com/index.php/myanmar/8409-2022-10-25-08-57-37
  3. https://www.burmalibrary.org/sites/burmalibrary.org/files/obl/DocsMirror/Mirror2010-03-22.pdf
  4. (၂၀၁၂ နိုဝင်ဘာ ၁၆) "သံမဏိစက်ရုံ ၂ ရုံအတွက် ကျပ် ဘီလီယံ ၅၀၀ လိုငွေတောင်း"။ လွတ်လပ်တဲ့ အာရှအသံ
  5. (၂၀၁၇ နို ၁၀) "ကြွေးကျန်များပေးရန် တောင်းခံခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီး ရှင်းလင်း"။ News Eleven။
  6. စွမ်းရဲထွဋ် (၂၀၁၇ နို ၁၁) "သံမဏိစက်ရုံ (မြင်းခြံ) စမ်းသပ်လည်ပတ်ရန် စရိတ်တောင်းခံမှု ပြည်ထောင်စုလွှတ်တော် ငြင်းပယ် Archived 21 February 2020 at the Wayback Machine."။ မြန်မာတိုင်းမ်။
  7. မိုးမိုး (၂၀၁၈ မတ် ၂၂) "မြင်းခြံ သံမဏိစက်ရုံ ရပ်ထားပါက သမိုင်းမှတ်တမ်း အဖြစ် ကျန်ရစ်မည်ဟု စက်မှုဝန်ကြီးပြော"။ ဧရာဝတီ။
  8. ထက်နိုင်ဇော် (၂၀၁၉ စက် ၂) "၉၅၀၉ သန်းကို ပေးရန် ရန်ပုံငွေစိစစ်ရေးက ခွင့်ပြု၍ အငြင်းပွားကြ"။ ဧရာဝတီ။
  9. (၂၀၁၉ စက်တင်ဘာ ၁၃) "ရပ်ဆိုင်းလိုက်သော အစိုးရသံမဏိစက်ရုံထံမှ စစ်တပ် MEC က ကျပ် ၉ ဘီလီယံ ရရန်ရှိဟုဆိုကာ လွှတ်တော်တွင် USDP အမတ်က အကြွေးတောင်း[လင့်ခ်သေ]"။ ရန်ကုန် ခေတ်သစ် မီဒီယာ။
  10. စည်သူ (၂၀၂၀ ဇန် ၁၁) "မြင်းခြံနှင့်ပင်းပက် သံမဏိစက်ရုံလုပ်ငန်းနှစ်ခုတွင် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မတီအနေဖြင့် ဧပြီမတိုင်မီ လုပ်ငန်းများ ပြီးစီးအောင်ဆောင်ရွက်ရန် ရည်မှန်းထားဟုဆို"။ News Eleven။