တင်အောင်မြင့်ဦး
သီဟသူရ တင်အောင်မြင့်ဦး | |
|---|---|
| မြန်မာနိုင်ငံ၏ ပထမမြောက် ဒုတိယသမ္မတ ၁ | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၁ ဇူလိုင် ၂၀၁၂ | |
| သမ္မတ | ဦးသိန်းစိန် |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | စိုင်းမောက်ခမ်း |
| ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
| ယခင်လူ | အခြေခံဥပဒေ စတင် |
| ဆက်ခံသူ | ဇေယျာသော် |
| မဲဆန္ဒနယ် | ပုဗ္ဗသီရိမြို့နယ် |
| အနိုင်ရမဲ အရေအတွက် | ၄၄,၃၀၅ (၉၀.၅၇%) |
| နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ | |
| တာဝန်သက်တမ်း ၂၀၀၇ – ၃၀ မတ် ၂၀၁၁ | |
| ယခင်လူ | ဦးသိန်းစိန် |
| ဆက်ခံသူ | ရာထူးပယ်ဖျက် |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၉ မေ၊ ၁၉၅၀ မြန်မာနိုင်ငံ |
| နိုင်ငံရေးပါတီ | USDP |
| ကြင်ဖော် | ဒေါ်ခင်စောနှင်း[၁] |
| သားသမီး | နိုင်လင်းဦး(ခ)တေဇာစောဦး |
| နေထိုင်ရာ | နေပြည်တော် |
| မိခင်ကျောင်း | စစ်တက္ကသိုလ် |
| အလုပ်အကိုင် | တပ်မတော် အရာရှိ |
| ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
| စစ်မှုထမ်းခြင်း | |
| တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
| ရာထူး | ဗိုလ်ချုပ်ကြီး |
ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (၂၉ မေ ၁၉၅၀ မွေးဖွား) သည် မြန်မာနိုင်ငံ၏ ပထမမြောက် ဒုတိယသမ္မတ ၁ ဖြစ်သည်။ယင်းမတိုင်မီက နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ ဖြစ်ခဲ့ပြီး ထိုမှတဆင့် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ တွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရကာ ဒုတိယသမ္မတ ၁ အဖြစ် တင်မြှောက်ခံရသူဖြစ်သည်။သူသည် သက်တမ်းမပြည့်မီ ရာထူးမှနှုတ်ထွက်ခဲ့ပြီး နိုင်ငံရေးလောကမှ အပြီးတိုင် အနားယူသွားခဲ့သူလည်း ဖြစ်သည်။
ငယ်စဉ်ဘ၀
[ပြင်ဆင်ရန်]သီဟသူရဦးတင်အောင်မြင့်ဦးကို ၁၉၅၀ ပြည့်နှစ် မေလ ၂၉ ရက် တွင်မွေးဖွားသည်။ထို့နောက် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် တွင် စစ်တက္ကသိုလ် အပါတ်စဉ်(၁၂) မှ ကျောင်းဆင်းခဲ့ပြီး တပ်မတော်တွင် ဒုဗိုလ်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သည်။ယင်း၏ကိုယ်ပိုင်အမှတ်မှာ ပြန်တမ်းဝင်အမှတ် ကြည်း၁၁၇၀၁ ဖြစ်သည်။[၂]
စစ်မှုထမ်းခြင်း
[ပြင်ဆင်ရန်]ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး သည် ၁၉၈၈ ခုနှစ် တွင် ဗိုလ်မှူးအဆင့်ဖြင့် ခလရ (၁၁) ၏ ဒုတပ် ရင်းမှူး တာဝန်ဖြင့် တာဝန်ထမ်းဆောင်စဥ်အတွင်း မိုင်းယန်းတိုက်ပွဲကို ဖြတ်သန်းခဲ့ရသည်။ထိုတိုက်ပွဲတွင် သူသည် သီဟသူရ ဘွဲ့ရရှိခဲ့သည်။
၁၉၉ဝ ပြည့်နှစ် တွင် ခမရ (၁၂ဝ)၏ ယာယီတပ်ရင်းမှူး ဖြစ်လာခဲ့ပြီးနောက် ပဒန်ကောင်တိုက်ပွဲ တွင်လည်း သူရဲကောင်းမှတ်တမ်းဝင် ထပ်မံရရှိခဲ့ပြန်သည်။
သီဟသူရဦးတင်အောင်မြင့်ဦးသည် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ တမခ ၃၃ တွင် စစ်ဦးစီးမှူး ပထမတန်း ၊ဒုတိယတပ်မမှူး နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ၏ စစ်ဦးစီးမှူး (ပထမတန်း)၊ ၁၉၉၂ ခုနှစ်တွင် နမခ ယာယီစစ်ဗျူဟာမှူး၊၁၉၉၃ ခုနှစ် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် နမခ စစ်ဗျူဟာမှူး၊၁၉၉၅ ခုနှစ် တွင် တမခ (၃၃) ၏ ဒုတပ်မမှူး၊၁၉၉၅ ခုနှစ် တွင် စကခ (၁) စကခ မှူး၊ ၁၉၉၆ ခုနှစ် ဇွန်လ ၁၅ ရက်တွင် ဗိုလ်မှူးချုပ်ရာထူးဖြင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။
၂ဝဝ၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် သူသည် စစ်ထောက်ချုပ် ဖြစ်လာသည်။၂ဝဝ၃ ခုနှစ် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသည်။သူသည် စစ်ထောက်ချုပ် တာဝန်ထမ်းဆောင်စဥ် တပ်မတော်ပိုင် မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း ကို ခေါင်းဆောင်ရသည့် အပြင် နိုင်ငံ၏ စီးပွားရေးကိုပါ ကွပ်ကဲရသည့် ကုန်သွယ် ရေးကောင်စီ ကိုလည်း ဦးဆောင်ရသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကွယ်လွန်ခဲ့၍ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် ဖြစ်လာသည့်အခါ သူသည် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ၁ နေရာ ကို ဆက်ခံရသည်။
၂ဝဝ၉ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခံရသည်။၂ဝ၁ဝ ပြည့်နှစ် တွင် စစ်ဘက်ဆိုင်ရာတာဝန်များမှ အနားယူပြီး နအဖ အတွင်းရေးမှူး ၁ ရာထူးအပြင်၊ ကြံ့ခိုင်ရေးပါတီ ဗဟိုနာယကအဖွဲ့ဝင်တာဝန် ယူခဲ့သည်။
သီဟသူရဘွဲ့တံဆိပ်ရရှိခြင်း
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဒဏ်ရာရထားသော်လည်း ရဲဝင့်စွာ ရဲဘော်များနှင့်အတူ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့သဖြင့် [၃]စစ်ဘက်ဆိုင်ရာနှင့် ရဲစွမ်းသတ္တိဆိုင်ရာ ဒုတိယအမြင့်ဆုံးဘွဲ့ဖြစ်သော သီဟသူရဘွဲ့ ရရှိခဲ့သည်။၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။
ပါတီနိုင်ငံရေးလှုပ်ရှားမှု
[ပြင်ဆင်ရန်]ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ဝင်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ တွင် ပုဗ္ဗသီရိမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရ ရွေးချယ်ခံထားရသည်။၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော ပထမအကြိမ် လွှတ်တော်အစည်းအဝေး တွင် နိုင်ငံတော်ဒုတိယသမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
ဒုတိယသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်း
[ပြင်ဆင်ရန်]သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် မှစတင်ကာ ဒုတိယသမ္မတအဖြစ် နေပြည်တော်တွင် ရုံးစိုက်ပြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရတ်တာဝန်မှ အနားယူခဲ့ပြီး [၄] ၎င်း၏နေရာတွင် ဦးဉာဏ်ထွန်းအား ဒုတိယသမ္မတ အဖြစ် ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်မှ အစားထိုးခန့်အပ်ခဲ့သည်။ယင်းနောက်သူသည် လူမြင်ကွင်းရှေ့ သို့ မထွက်တော့ဘဲ နိုင်ငံရေးလောကမှ အပြီးတိုင်အနားယူသွားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ CONSOLIDATED LIST OF FINANCIAL SANCTIONS TARGETS IN THE UK။ Her Majesty's Treasury။ UK Government (20 April 2011)။ 24 July 2011 တွင် ပြန်စစ်ပြီး။
- ↑ ငယ်စဉ်ဘ၀
- ↑ ဘွဲ့ရရှိခြင်း
- ↑ ပြည်ခိုင်ဖြိုး အမတ်တွေ လေသံ ပြောင်း။ VOA (၆ ဇူလိုင် ၂၀၁၂)။ ၂၃ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။