စစ်ရေး

ဝီကီပီးဒီးယား မှ

စစ်ရေးအင်အား[ပြင်ဆင်ရန်]

နိုင်ငံ့အင်အားကို စစ်ရေးအင်အားတောင့်တင်းခြင်း၊ အားပျော့ခြင်းဖြင့် တိုင်းတာသည်။ ကမ္ဘာ့နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးနိုင်ခြင်းသည် စစ်ရေးအင်အားအပေါ် များစွာ မှီတည်နေသည်။ စစ်အင်အားသည် ဩဇာလွှမ်းမိုး ခြင်းတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးပြုသည်။ နိုင်ငံ့ပါဝါကို အကြမ်းဖျင်းအားဖြင့် အမျိုးအစား (၄) မျိုး ခွဲနိုင်သည်။ • Superpower • Great Power • Middle-ranking Power • Small Power ဟူ၍ နိုင်ငံ့ပါဝါကို အမျိုးအစား (၄) မျိုးခွဲသည်။

ဤနေရာတွင် နိုင်ငံတစ်ခု၏ စစ်ရေးအင်အားသည် မိမိနိုင်ငံအတွင်း သာမက နယ်နိမိတ်မျဉ်းကိုပါ ကျော်လွန်၍ ဩဇာသက်ရောက်နိုင်သည်။ စစ်အေးကာလအတွင်း စူပါ ပါဝါ နှစ်နိုင်ငံသာ ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့ ဖြစ်သည်။ စူပါ ပါဝါဖြစ်ခြင်းသည် နျူကလီးယားပါဝါ ပိုင်ဆိုင်ခြင်းသည် အနိုင် အရှုံးကို ဆုံးဖြတ်ပေးမည့် ဝှက် ဖဲဖြစ်သည်။

စစ်ရေးအင်အားကို မောင်းနှင်သည့် ဖက်တာများ များစွာရှိသည်။ စစ်အင်အားကြီးမားခြင်းကို ဖြစ်စေသည့် အချက်များမှာ - (က) စစ်သားအင်အားအရေအတွက် (သို့) လက်နက်ကိုင်အင်အားစု အရွယ်အစား (ခ) စစ်ရေးစွမ်းရည် (ဂ) လက်နက်အင်အား အရေအတွက် (ဃ) စစ်ရေးအသုံးစရိတ် (င) စစ်ရေးစွမ်းရည်မြင့်သင်တန်း (စစ်ရေးလေ့ကျင့်မှု) (စ) စစ်ရေးစိတ်ဓာတ်/ တိုက်ရည်ခိုက်ရည် မြင့်မာခြင်း (ဆ) ဖွဲ့စည်းပုံ (စစ်တပ်ဖွဲ့စည်းပုံ) ( ဇ) စစ်ရေးခေါင်းဆောင်မှု စသည်ဖြင့် အချက်များစွာရှိသည်။

ဤအချက်မှာ စစ်ရေးစွမ်းရည်ထက်မြက်ခြင်းသည် အရေအတွက်တစ်ခုတည်းအားဖြင့် မသက်ဆိုင်ချေ။ အကြောင်းမှာ အရေအတွက်ဟူသည် လူသားတံတိုင်းကို အားပြု၍ တည်ဆောက်ထားသော ကာကွယ်ရေး မဟာဗျူဟာဖြစ်သောကြောင့်ဖြစ်သည်။ ခေတ်သစ်တွင် စစ်သားအရေအတွက်ထက် စစ်သားတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် စစ်ရေးစွမ်းရည်မြင့်မားခြင်းတို့သည် များစွာ အရေးပါ အရာရောက်သည်။ စစ်သည် တစ်ဦး သည် ရန်သူအရေအတွက်ကို မည်မျှအထိ ချေမှုန်းနိုင်သည် ဆိုသည့် ပေတံဖြင့် စစ်သားတစ်ဦး၏ စစ်ရေး စွမ်း ရည်ကို တိုင်းတာလေ့ရှိသည်။ ရန်သူကို များများ ချေမှုန်းနိုင်လေလေ၊ စစ်ရေးစွမ်းရည်မြင့်လေလေဟု ယေဘု ယျသတ်မှတ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအင်အား ရည်ချိန်ကို တိုင်းတာရာတွင် အောက်ပါ ညွှန်းကိန်းများဖြင့် တိုင်းတာသည်။ - စစ်သားအရေအတွက်၊ - စစ်သည်တို့၏ ကိုယ်ရည်ကိုယ်သွေး (သို့) စစ်ရေးစွမ်းရည် - လက်နက်အရေအတွက်နှင့် လက်နက်တို့၏ အစွမ်း - စစ်ရေးအသုံးစရိတ် စသည်တို့သည် စစ်အင်အားကို ဖော်ပြရာ ညွှန်းကိန်းများဖြစ်သည်။

စစ်သားအရေအတွက်[ပြင်ဆင်ရန်]

စစ်အင်အားကြီးမားရန် စစ်သားအရေအတွက် များပြားခြင်းသည် ညွှန်းကိန်းတစ်ခုဖြစ်သည်။ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုကြီး တစ်ခုလုံး၏ စစ်သားအရေအတွက်သည် စစ်အင်အားကို ကိန်းဂဏန်းဖြင့် ပြဆိုသည့် အချက် တစ်ခုဖြစ်နေသည်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာတွင် စစ်သားအရေအတွက် အများဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေသည်။

နိုင်ငံ စစ်သားအရေအတွက်[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ၏ စစ်သားအရေအတွက် (၃) သန်း နီးပါး - (၂.၉ သန်း) အမေရိကန်နိုင်ငံ၏ စစ်သားအရေအတွက် (၁) သန်း ခွဲ - (၁.၅၉ သန်း) ရုရှားနိုင်ငံ၏ စစ်သားအရေအတွက် (၁) သန်းကျော် - (၁.၂ သန်း)

စစ်သားအရေအတွက်သည် တပ်မတော်တစ်ခုအတွက် အပေါင်းလက္ခဏာဆောင်သည့် အချက်တစ်ခုဖြစ်သော် လည်း အရေအတွက်များတိုင်း စစ်ပွဲများ၏ အောင်ပွဲကို ရရှိစေသည်ဟူ၍ တရားသေမှတ်ရန် မသင့်ချေ။ အကြောင်းမှာ သမိုင်းအဖြစ်အပျက်များ၌ မှတ်တမ်းမှတ်ရာများက ပြသထားသော သာဓကများ ရှိနေခြင်း ကြောင့်လည်းဖြစ်သည်။ အလက်ဇန်းဒါးသက်ဂရိတ်၏ စစ်တပ်တွင် တပ်သားပေါင်း ၃ သောင်းခွဲသာ ရှိသည်။ ထိုမျှသာရှိသာ တပ်သား များဖြင့် အရှေ့အလယ်ပိုင်းတစ်ခွင်မှ အိန္ဒိယရှိ အိန္ဒုမြစ်ဝှမ်းလွင်ပြင်အထိ ဖြန့်ကျက်စိုးမိုးနိုင်ခဲ့သည်။ ထိုဒေသ တွင်းရှိ တပ်အင်အားများစွာရှိသည့် စစ်တပ်များကို ဖိန့်ဖိန့်တုန်အောင် အထိ စွမ်းနိုင်ခဲ့သည်။ ဤသာဓကကို ကြည့်ခြင်းအားဖြင့် စစ်သားအရေအတွက်သည် စစ်အင်အားတောင့်တင်းစေခြင်း၏ တကယ့်အကြောင်းအရင်း မှန်ဖြစ်သည်ဟူသည့် အယူအဆကို ကိုင်လှုပ်နိုင်ခဲ့သည်။ ထိုအတူပင် ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်ပွားသော ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်တို့သည် ဗီယက်နမ် တို့ကို စစ်ရေးအရ ရှုံးနိမ့်ခဲ့ရသည်။ ဗီယက်နမ်တွင် အမေရိကန်ကို ခုခံသော စစ်သည်အရေအတွက်သည် အမေရိကန်တပ်နှင့် ယှဉ်လျှင် အလွန်နည်းပါးသည်ကို တွေ့ရသည်။

လက်နက်အရေအတွက် နှင့် အဖျက်စွမ်းအား[ပြင်ဆင်ရန်]

လက်နက်အရေအတွက်သည်လည်း အရေးကြီး၏။ ၎င်းထက် ထိုလက်နက်များ၏ ဖျက်ဆီးနိုင်မှု စွမ်းအားသည် ပို၍ပင်အရေးကြီး၏။ ထို့အပြင် စစ်ရေးစွမ်းရည်တွင် စစ်သည် အရေအတွက်သည်လည်း အရေးကြီးပြီး၊ အဖျက် လက်နက် အမြောက်အမြားပိုင်ဆိုင်မှုသည်လည်း အရေးကြီးလေသည်။ စစ်သည်များ၏ တိုက်ရည်ခိုက်ရည်(တိုက်စွမ်းရည်)ရှိမှု ၊ စစ်နည်းဗျူဟာကျွမ်းကျင်မှုနှင့် လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချတတ်မှုမှာလည်း အရေးကြီးသည်။ ဒါ့အပြင် ၎င်းစစ်သည်များ အသုံးပြုရသည့် လက်နက်နှင့် ခဲယမ်းများ၏ အဖျက်စွမ်းအား မြင့်မားမှုသည် စစ်ပွဲတစ်ခု၏ အနိုင်/ အရှုံးကို များစွာအဆုံးအဖြတ်ပေးနိုင်လိမ့်မည်။ စစ်ရေးအင်အား တောင့်တင်းမှုသည် စစ်သည်တော်များအပေါ်တွင်သာ မူမတည်ချေ၊ ထို့အတူ လက်နက်တစ်ခုတည်း၏ အပေါ် ၌လည်း အလုံးစုံ တည်မှီမနေချေ။ ထို့ကြောင့် ၎င်းအကြောင်းအချက်များ အားလုံးမှာ စစ်ရေး (သို့) စစ်ရေးအင်အားအတွက် အရေးကြီးသော အကြောင်းတရားများ ဖြစ်သည်။

စစ်လက်နက်များအား သမာရိုးကျ လက်နက်များနှင့် ခေတ်မီလက်နက်များဟူ၍ အကြမ်းဖျင်း နှစ်မျိုးခွဲခြားနိုင်သည်။ သမာရိုးကျ စစ်လက်နက်ပစ္စည်းများတွင် သေနတ်၊ တင့်ကား၊ စစ်လေယာဉ်နှင့် ဖျက်သင်္ဘောတို့ ပါဝင်သည်။ သမာရိုးကျစစ်လက်နက်များကို မဟာဗျူဟာကျကျပြုပြင်၍ နည်းပညာများဖြင့် ပေါင်းစပ်လိုက်သောအခါ ခေတ်မီ အဖျက်စွမ်းအားပြင်းသော လက်နက်များဖြစ်လာလေသည်။ နျူကလီးယားလက်နက်သည် ခေတ်သစ် ဖျက်အားပြင်း လက်နက်အမျိုးအစားဖြစ်သည်။ သမာရိုးကျလက်နက်များကို မဟာဗျူဟာမြောက် ပြောင်းလဲ၍ အသုံးပြုပါက စစ်ပွဲ၍ ရလဒ်ကို ပြောင်းစေသည်။ အာဖဂန်နစ္စတန် ပြောက်ကျားများများကို အမေရိကန်က လက်နက်အင်အားထောက်ပံ့ပေး၍ ဆိုဗီယက်၏ လေ တပ်ကို ချေမှုန်းနိုင်ခြင်းသည် အကောင်းဆုံး သာဓကဖြစ်သည်။ ဆိုဗီယက်တို့၏ ယူဆချက်ဖြစ်သော စစ်ပွဲ အနိုင် အရှုံးသည် လက်နက်အရေအတွက် အပေါ် များစွာ မှီခိုနေသည် ဆိုသည့် အချက်ကို ကောင်းစွာ ထောက်ပြသော ဥပမာဖြစ်ခဲ့သည်။

နျူကလီးယားလက်နက်၏ အရေးပါမှု[ပြင်ဆင်ရန်]

ခေတ်သစ်ကမ္ဘာတွင် နျူကလီးယားလက်နက်များကို မဟာဗျူဟာကျကျ စနစ်တကျ အသုံးပြုလာကြသည်။ စစ် ရေးအင်အားတောင့်တင်းခြင်းသည်ပင် နျူကလီးယားလက်နက်များအပေါ် မှီခိုနေပေသည်။ နျူကလီးယား လက်နက် အမြောက်အမြား ပိုင်ဆိုင်လျှင် စစ်အင်အားတောင့်တင်းသည်။ နျူလက်နက်များ မရှိလျှင် စစ်အင်အား မရှိဟူ၍ပင် သတ်မှတ်လာကြသော အနေအထားအထိပင်ဖြစ်လာခဲ့သည်။ - နျူကလီးယား ထိပ်ဖူး - နျူကလီးယား လောင်ချာ - နျူကလီးယား၏ ပေါက်ကွဲအား (ပြင်းအား) အစရှိသည်တို့သည် နျူကလီးယားလက်နက်အင်အား၏ ပါဝါညွှန်းကိန်းများဖြစ်သည်။ - ဒုံးခွင်းဒုံးစနစ်များ - လေဆာ ဒုံးများ အထိ တီထွင်ဖန်တီးလာနိုင်သည်ကို တွေ့ရသည်။

နိုင်ငံတကာလက်နက်ကိုင် ပဋိပက္ခများတွင် ဖျက်အားပြင်းလက်နက်များ အသုံးပြုလာကြသည်။ အထူးသဖြင့် WMD (weapon of mass destruction) ဟုခေါ်သည့် လူအမြောက်အမြားသေကြေစေသည့်ဖျက်အားပြင်း လက်နက်များသည် ပေါ်ထွက်လာကြသည်။ (၁) နျူကလီးယား လက်နက် (၂) ဓာတုလက်နက် (၃) ဇီဝ လက်နက်များသည် ခေတ်သစ် WMD များဖြစ်သည်။

စစ်ရေးအသုံးစရိတ်[ပြင်ဆင်ရန်]

စစ်တပ်အင်အားကြီးမားစေရေးအတွက် ငွေကြေးသည် အဓိကအရေးအကြီးဆုံးဖြစ်သည်။ ငွေမရှိလျှင် ဘာမျှ တည်ဆောက်၍ မရချေ။ စီးပွားရေးအင်အားတောင့်တင်းသည့်နိုင်ငံများ၌ စစ်ရေးအင်အားကိုဖြည့်တင်းရန် လုံ လောက်သော အရင်းအမြစ်များ ရရှိတတ်သည်။ စီးပွားရေးအင်အားကြီးမားခြင်းသည် စစ်ရေးအင်အားကြီးရန် အထောက်အပံ့ပေးသည်။ ထို့ကြောင့်နိုင်ငံများသည် မိမိတို့နိုင်ငံအင်အားတောင့်တင်းစေရန် နိုင်ငံ၏ ဥစ္စာဓန တောင့်တင်းအောင် ကြိုးစားကြသည်။ နိုင်ငံချမ်းသာလျှင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဘက်တွင် အခိုင်အမာတည်ဆောက်နိုင်သည်။

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံကြီးများသည် စစ်အင်အားတောင့်တင်းစေရန် စစ်ရေးအသုံးစရိတ်ကို များစွာ အသုံးပြု တတ်သည်။ နိုင်ငံ၏ နယ်နိမိတ်ကြီးလျှင်လည်း မိမိနိုင်ငံ၏ နယ်နိမိတ်လုံခြုံရေး၊ ကာကွယ်ရေးအတွက် စစ်အင် အားကို များစွာ ထားရှိရသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ကြီးမားကျယ်ပြန့်သည့် နယ်နိမိတ်မျဉ်းများကို ပိုင် ဆိုင်ထားခြင်းကြောင့် ထိုနယ်နိမိတ်များကို ထိပါး ကျူးကျော်မှု မခံရစေရန် စစ်တပ်အင်အားကို တိုးမြှင့်ထားရ သည်။ နိုင်ငံ၏ နယ်နိမိတ်သည် ရုရှားနှင့် တရုတ်တို့လောက် မကြီးမားသော နိုင်ငံများတွင်လည်း စစ်အင်အားကို ကြီးမားစွာတည်ဆောက်ထားသောနိုင်ငံများရှိသည်။ ဥပမာ မြောက်ကိုရီးယားနှင့် ကျူးဘားကဲ့သို့သော နိုင်ငံများ ဖြစ်သည်။ ပြည်ပ အန ္တရာယ်ကို ခြိမ်းခြောက်ခံရရန် အလားအလာများသော နိုင်ငံများသည်လည်း စစ်အင်အား ကို တိုးမြှင့်တည်ဆောက်ထားတတ်ကြသည်။ မြောက်ကိုရီးယားသည် ကွန်မြူနစ်ဝါဒလက်သီးဆုပ်ကို ဖြည့်ရန် တင်းခံနေသောကြောင့်လည်းကောင်း၊ နိုင်ငံရပ်တည်ရေးအတွက် စစ်ဘက်အင်အားကို တောင့်တင်းစေမှသာ ရပ်တည်နိုင်မည်ဟု ယူဆထားသော စစ်ဘက်ခေါင်းဆောင်များ ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း ဖြစ်တန် ရာအခြေအနေများ များစွာရှိသည်။

စစ်ရေးအသုံးစရိတ်သည် - စစ်ဘက်တည်ဆောက်ရေး၊ - စစ်ရေးအင်အားတိုးချဲ့ခြင်း၊ - စစ်သည်တို့ ရပ်တည်နိုင်ရေး နှင့် - စစ်အင်အားကြီးမားဖွံ့ဖြိုးရန် စသည့် လုပ်ငန်းတို့အတွက် အသုံးပြုရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရလာသည်။ ထပ်မံ၍ နိုင်ငံသစ်များ ပေါ်ထွက်လာသည်။ နိုင်ငံတစ်ခုတွင် စစ်တပ်တစ်ခု အနည်းဆုံး ရှိရသည်။ ထို့ကြောင့် တပ်မတော်တစ်ခုကို တည်ဆောက်ရသည်။ တပ်မတော်တည်ဆောက်ရန် စစ်ရေးအသုံးစရိတ်ကို နိုင်ငံတော်က တပ်မတော်သို့ ပေး ရသည်။ ဤမှ စ၍ စစ်ရေးအသုံးစရိတ်သည့် နိုင်ငံတော်အတွက် အမြဲတမ်းရှိနေရသည့် မရှိမဖြစ် အသုံးစရိတ် ဖြစ်သည်။ တပ်မတော်အတွက် လက်နက်များကို ထုတ်လုပ်ရသည်။ လက်နက်များကို ဝယ်ယူရသည်။ စစ်ဘက်ယန္တရား များကို ဝယ်ယူရသည်။ ထုတ်လုပ်ရသည်။ နေ့စဉ် တပ်ရင်း၊ တပ်မများအတွက် အသုံးစရိတ်ရှိသည်။ စားစရိတ်၊ သွားလာသယ်ယူရေးစရိတ်၊ လေ့ကျင့်ရေးစရိတ် အစရှိသဖြင့် သုံးရသည်။ စစ်အင်အားတိုးချဲ့ခြင်းတွင် -

(က) စစ်သားအရေအတွက် တိုးမြှင့်ခြင်း (ခ) လက်နက်အရေအတွက် တိုးမြှင့်ခြင်း နှင့် ခေတ်မီလက်နက်များ တပ်ဆင်ခြင်း (ဂ) စစ်သားများ စစ်ရေးလေ့ကျင့်မှု (ဃ) ခဲယမ်းမီးကျောက်နှင့် လက်နက်များ အဆက်မပြတ် တိုးတက်နေစေရန် သုတေသနပြု၊ တီထွင် ဖန်တီးရေး လုပ်ငန်းများ (င) စစ်ရေး ပညာတော်သင်များ စေလွှတ်ခြင်း (စ) ထောက်လှမ်းရေး နည်းပညာများနှင့် ဖြစ်စဉ်များ တည်ဆောက်ခြင်း စသည့် တို့ ပါဝင်သည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်တို့၏ စစ်ရေးအသုံးစာရိတ်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ၆၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) စစ်ရေးကာလ မတိုင်မှီနှင့် စစ်အေးကာလ အပြီး နိုင်ငံများ၏ စစ်ရေးအသုံးစရိတ်များကို နှိုင်းယှဉ်လေ့လာကြည့် လျှင် စစ်အေးကာလအတွင်း စစ်ရေးအသုံးစရိတ်များသည် အမြင့်မားဆုံးဖြစ်နေသည်ကို တွေ့ရသည်။

စစ်ရေးစွမ်းရည်[ပြင်ဆင်ရန်]

စစ်ရေးစွမ်းရည်ကို မြင့်မားစေသော ကိန်းရှင်များရှိသည်။ - Training စစ်မှုပညာရေး/ စစ်ရေးသင်တန်း - Moral of Army တပ်မတော်တစ်စုလုံး၏ နှလုံးရည် - Leadership စစ်ဘက်ခေါင်းဆောင်မှု အရည်အသွေး အစရှိသည်တို့ ဖြစ်သည်။ စနစ်တကျစစ်ရေးလေ့ကျင့်မှုများဖြင့် လေ့ကျင့်သင်တန်းပေးထားသော စစ်သည်တစ်ဦးသည် လေ့ကျင့်မှု မရှိသည့် ရန်သူ့စစ်သား အမြောက်အမြားကို ချေမှုန်းနိုင်စွမ်းရှိသည်။ စစ်ရေးစွမ်းရည်ပြည့် စစ်သည်တစ်ဦးကို ခေတ်မီလက်နက်များ တပ်ဆင်ပေးလိုက်ပါက ပို၍ပင် တိုက်ရည်ခိုက်ရည် မြင့်မားလာမည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ရေးစွမ်းရည်မြှင့် ဗြိတိသျှစစ်သား သုံးသောင်း ခြောက်ထောင်သည် လေ့ကျင့်ရည် မပြည့်ဝသည့် အီတလီစစ်သား နှစ်သိန်းခွဲကို ချေမှုန်းပစ်လိုက်နိုင်ခဲ့သည်။ ဤအချက်သည်ပင် လေ့ကျင့်မှု စွမ်း ရည် အကွာအဟကို နှိုင်းယှဉ်သုံးသပ်နိုင်သည်။ မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ရမည့် စစ်ရေးစိတ်ဓာတ် (သို့) နှလုံးရည်သည် တပ်မတော်တစ်ခုအတွက် အရေးအကြီး ဆုံးဖြစ်သည်ဟု ပင် ဆိုနိုင်သည်။ ဗီယက်နမ်စစ်ပွဲတွင် ဗီယက်နမ်တို့သည် အမေရိကန်နှင့် ပြင်သစ်တပ်များအား မျိုးချစ်စိတ်ဓာတ်ဖြင့် အောင်နိုင်သွားသည်ဟုပင် ဆိုနိုင်သည်။

စစ်ဘက်ခေါင်းဆောင်မှု[ပြင်ဆင်ရန်]

ရှေ့တန်းတွင်လည်းကောင်း၊ နောက်တန်းတွင်လည်းကောင်း စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှု အရည်အသွေး သည် အရေးကြီးသည်။ ခေါင်းဆောင်ညံ့လျှင် တပ်ညံ့သည်။ ခေါင်းဆောင်တော်လျှင် ထူးချွန်လျှင် တိုက်ပွဲ တစ်ရာ၊ အောင်ပွဲတစ်ရာ ဆင်နိုင်သည်။ များသောအားဖြင့် အတွေ့အကြုံနှင့် လေ့လာသင်ယူမှု၊ ခံယူချက် သဘောထားတို့သည် စစ်ရေးခေါင်းဆောင်ကောင်းဖြစ်ရန် ပံ့ပိုးပေးသည့် အဓိကအကြောင်းအချက်များဖြစ် သည်။ စစ်ရေးခေါင်းဆောင်သည် - အမိန့်ပေးမှု တိကျပြတ်သားရသည်၊ တပ်ကို လိုသလို စနစ်တကျ ထိန်းချုပ်ကွပ်ကဲနိုင်ရသည်၊ ဆက်သွယ်ရေးနှင့်ထောက်လှမ်းရေး၌ စေ့စပ်သေချာရသည်။ စစ်ရေးအတွေ့အကြုံနှင့် အကင်းပါးမှုရှိရသည်။ စစ်ရေးခေါင်းဆောင်များသည် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြသူဖြစ်ရမည်။ အထူးသဖြင့် စိတ်ဓာတ်နှင့် အသိဉာဏ်ပေါင်းစပ်ထားပြီး စစ်သည်များကို စည်းရုံးနိုင်စွမ်းရည်မြင့်မားလျှင် ခေါင်းဆောင်ကောင်းဟု ခေါ်နိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Military Aspect of International Relation/ University of Mandalay/ Department of International Relation