အမာ၊ ဒေါ် (လူထု)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
လူထု ဒေါ်အမာ
Ludu Daw Amar portrait.jpg
အမည်ရင်း အမာ
မွေးဖွား ၂၉၊ ၁၁၊ ၁၉၁၅
မန္တလေးမြို့၊ ဂုန္တန်ရပ်
ကွယ်လွန် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ(၇)ရက်၊ မနက် ၈နာရီ ၃၇မိနစ်
မန္တလေးမြို့
ကလောင်အမည် ခင်လဝင်း၊ ဇမ္ဗူဒီပါ အောင်ထွန်း၊ ဖခင်အောင်နိုင်၊ ဖိုးသာအောင်၊ မြမဉ္စူ၊ အမာ၊ အမာ (တက္ကသိုလ် သပိတ်မှောက်ကျောင်းသူ)၊ အင်းလျား ကျောင်းဆောင်သူတစ်ဦး
အလုပ်အကိုင် သတင်းစာဆရာ၊ စာရေးဆရာမကြီး
လူမျိုး ဗမာ
နိုင်ငံသား မြန်မာနိုင်ငံFlag of Myanmar.svg
ပညာရေး ဘီအေ နောက်ဆုံးနှစ်
ရရှိသည့်ဆုများ စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေပထမဆု၊
အိမ်ထောင်ဖက် လူထုဦးလှ (ခ) ကြီးပွားရေးဦးလှ
သားသမီး ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊ ကိုငြိမ်းချမ်း (စာရေးဆရာ ညီပုလေး)
မိဘ ဦးထင် + ဒေါ်စု
ကိုးကွယ်မှု ဗုဒ္ဓဘာသာ

ဒေါ်အမာ (လူထု ဒေါ်အမာ) (၁၉၁၅ - ၂ဝဝ၈)[ပြင်ဆင်ရန်]

၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ မြန်မာ စံတော်ချိန် မနက် ၈ နာရီ ၃၇ မိနစ် ခန့်တွင် မန္တလေးမြို့ ပြည်သူ့ ဆေးရုံကြီးရဲ့ နှလုံးရောဂါ အထူး ကုသဆောင်မှာ ကွယ်လွန်ခဲ့သော မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ မြန်မာ့ စာပေ စာနယ်ဇင်း လောကရဲ့ မီးရှူးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတို့ ဘက်က အစဉ်အမြဲ ရပ်တည်ခဲ့တဲ့ နေတစင်း၊ လတစင်း ဖြစ်သူ လူထု ချစ်တဲ့ လူထု မိခင် လူထု ဒေါ်အမာ (အသက် ၉၃ နှစ်)၊ အစား ထိုးစရာလည်း မရှိသလို၊ အစားထိုး လို့လည်း မရတဲ့ မဟာမှိုင်းရဲ့ အမွေခံ သမီး အမေမာ ဒါမဟုတ် လူထုချစ်တဲ့ လူထုရဲ့ မိခင် သတင်းစာ၊ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း ဖြစ်ပါတယ်။

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

  1. မွေးချင်း - မွေးချင်း ၁၂ ယောက်ရှိပြီး၊ စတုတ္ထသမီး
  • ၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အေဘီအမ် ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာ ဆက်လက် သင်ကြား ခဲ့ပြီး ဆက်တန်းကို မန္တလေး ဗဟို အမျိုးသား ကျောင်းမှ ၁၉၃၃ တွင် အောင်မြင် ခဲ့သည်။ မန္တလေး ဥပစာ ကောလိပ် (၁၉၃၃-၁၉၃၅)၊ ရန်ကုန်တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ် အသင်း၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သည်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင် သိကျွမ်း ခဲ့ပြီး၊ ကြီးပွားရေး မဂ္ဂဇင်း၌ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေ နောက်ဆုံးနှစ် စာမေးပွဲ ကျရှုံးပြီး ကျောင်းထွက်သည်။ ထိုနောက် မန္တလေး၌ မြန်မာ စက္ကူဆိုင် ဖွင့်ခဲ့သည်။
  • ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ’ အမည်ဖြင့် ဆရာကြီး ဦးရာဇတ်၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှား လာခဲ့သည်။
  • ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေး ဆရာ ညီပုလေး) တို့ ထွန်းကား ခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်း တို့သည် လက်နက်ကိုင် တော်လှန်နေသည့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက် စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲ ဖြစ်သည်။
  • နိုင်ငံရေးကြောင့် မိသားစု တခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တဦး ဖြစ်သည်။
  • ၁၉၄၂ - ၄၄ ခု ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့ နေထိုင်ပြီး၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင် ခဲ့သည်။
  • ၁၉၄၅ ဇူလိုင်မှာ လူထု ဂျာနယ် စတင် ထုတ်ဝေတဲ့ အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး၊ ၁၉၄၆ ဧပြီ ၁၉ ရက်နေ့မှာ လူထု သတင်းစာ စတင် ထုတ်ဝေတဲ့ အခါ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ကာ ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေး ဆွေးနွေးခန်း’ ပင်တိုင် ဆောင်းပါးကို ရေးသား ခဲ့သည်။ ၁၉၄၆ မေလမှာ လူထု ဂျာနယ်ကို ရပ်နား ခဲ့သည်။
  • ၁၉၄၇ မှာ လူထု ဦးလှနဲ့ အတူ လွတ်လပ်ရေး အတွက် ဦးဆောင် နေတဲ့ ဖဆပလ အဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူ ရေးသား တိုက်ပွဲဝင် ခဲ့သည်။
  • ၁၉၄၉ မှာ လူထု သတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီး ခဲ့သည်။ ၁၉၄၉ ဧပြီ ၂၄ ရက်နေ့မှာ လူထု သတင်းစာ ပိတ်ပင် ခံရသည်။
  • ၁၉၅ဝ နိုဝင်ဘာ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ လူထု သတင်းစာကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ ဩဂုတ် ၁ ရက်နေ့မှာ လူထု ဂျာနယ်ကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ လူထု ဂျာနယ်နှင့် လူထု သတင်းစာကို တွဲ၍ ပြန်လည် ထုတ်ဝေ ခဲ့ချိန်မှ စ၍ ခင်ပွန်း နှင့်အတူ သတင်းစာ၊ ဂျာနယ် လုပ်ငန်း များကို ဇောက်ချ လုပ်ကိုင် ခဲ့ပြီး၊ လူထု ဒေါ်အမာ ဟူ၍ အမည် တွင်လာ ခဲ့သည်။
  • ၁၉၅၃ ဂျွန် ၆ ရက်တွင် ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ (ကိုပင်ဟေဂင်)၊ ၁၅ ရက်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံ (ဟန်ဂေရီ၊ ဘူဒါပက်)၊ ဇူလိုင် ၂၅ ရက်မှာ ဒုတိယ အကြိမ် ကမ္ဘာ့ လူငယ်နဲ့ ကျောင်းသား ပွဲတော် (ရူမေးနီးယား၊ ဘူခါရက်စ်) တို့ကို တက်ရောက် ခဲ့သည်။
  • ၁၉၅၃ မှာ လူထု ဦးလှ ပုဒ်မ ၅ နဲ့ အဖမ်း ခံရသဖြင့် လူထု သတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံ ရေးသားခဲ့သည်။
  • ၁၉၅၉ မတ် ၁၂ ရက်မှာ လူထု သတင်းစာ ချိတ်ပိတ် ခံရသည်။
  • ၁၉၆ဝ မေ ၁ဝ ရက်မှာ လူထု သတင်းစာ ပြန်လည် ထွက်ရှိ ခဲ့သည်။
  • ၁၉၆၂ ဖေဖော်ဝါရီ ၃ ရက် အေရို ဖလုတ် လေကြောင်း ဖွင့်ပွဲသို့ သတင်းစာ ဆရာ ကိုယ်စားလှယ် အဖြစ် ဖိတ်ကြား ခံရ သဖြင့် မော်စကိုသို့ သွားရောက် ခဲ့သည်။ အပြန်တွင် အရှေ့ ဂျာမဏီ၊ ချက်ကို စလိုဗက်ကီးယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများကို လည်ပတ် ခဲ့သည်။ ဒီ ဥရောပ ခရီးစဉ် တွေကို ‘ဆိုရှယ်လစ် တိုင်းပြည် များသို့’ အမည်ဖြင့် စာအုပ် ရေးသား ထုတ်ဝေ ခဲ့သည်။
  • ၁၉၆၄ တွင် ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုကို ရရှိ ခဲ့သည်။
  • ၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထု သတင်းစာ ရပ်စဲ ခံရသည်။
  • ၁၉၇ဝ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေး ကွန်သာယာ စာတမ်း ဖတ်ပွဲမှာ ‘ဗမာ့ ဖန်ကျီ လုပ်ငန်း’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၁ မန္တလေး ဓမ္မ ဗိမာန်မှာ ‘ကနေ့ ဗမာသဘင်’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၆ ဩဂုတ် ၁၉ ရက်နေ့ ဟံသာဝတီ သတင်းစာ ‘စနေ စာပေဝိုင်း’ စာတမ်း ဖတ်ပွဲတွင် ‘အတ္ထုပ္ပတ္တိ စာပေ’ စာတမ်း ဖတ်ကြား တင်သွင်း ခဲ့သည်။
  • ၁၉၇၈ ဩဂုတ် ၂၁ ရက်နေ့မှာ ခင်ပွန်းသည် လူထု ဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့ အတူ ထိန်းသိမ်း ခံရသည်။ အထိန်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့် ခဲ့ပြီး၊ ၁၉၇၉ ခု ဩဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည် လွတ်မြောက် ခဲ့သည်။
  • ၁၉၈၂ ဩဂုတ်လ ၇ ရက်နေ့၌ ခင်ပွန်းသည် လူထု ဦးလှ ကွယ်လွန် ခဲ့သည်။
  • ၁၉၈၄ မတ် ၄ မှာ လောင်ကျွမ်းတဲ့ မန္တလေး မီးကြီးမှာ ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး ခဲ့သည်။ ၁၉၈၅ နိုဝင်ဘာ ၂၉၊ အသက် (၇ဝ) ပြည့် မွေးနေ့က စပြီး အမရပူရ တောင်လေးလုံး ကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပသည်။
  • ၁၉၉၂ ခုနှစ် အတွင်း ရနံ့သစ် မဂ္ဂဇင်း၌ ဇမ္ဗူ ဒီပါ အောင်ထွန်း ကလောင် အမည်ခွဲဖြင့် နိုင်ငံတကာ ဆောင်းပါးများကို ရေးသားခဲ့သည်။
  • ၁၉၉၅ မန္တလေးမြို့ ဗဟို အမျိုးသားကျောင်း ကျောင်သား ဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။

နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစီး လှူဒါန်းပြီး၊ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ စပြီး ကူညီ ပေးခဲ့သည်။

ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇) ၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်း တင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) တို့ ဖြစ်ကြသည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များ[ပြင်ဆင်ရန်]

  1. ကောလစ် ကြုံခဲ့ရတဲ့ မြန်မာပြည် - ၁၉၆ဝ ခုနှစ်
  2. ကမ္ဘာ့ အကြီးဆုံး စာအုပ် - ၁၉၄၅ ခုနှစ်
  3. ကမ္ဘာ့ အကြီးဆုံး ကျောက်ဆင်း ထုတော် - ၁၉၉၆ ခုနှစ်
  4. ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ (ပ၊ ဒု)(ဘာသာပြန်) - ၁၉၄၉ ခုနှစ်
  5. ကျွန်မတို့ ငယ်ငယ်က - ၁၉၉၄ ခုနှစ်
  6. ချင်းတွင်းမှ ပင်လယ်သို့ - ၁၉၈၅ ခုနှစ်
  7. ဂျုံနှင့် စစ်သား (ပ) - ၁၉၄၅ ခုနှစ်
  8. ငယ်က ကျွမ်းတဲ့ ခင်ပွန်းသည်သို့ - ၂ဝဝ၁ ခုနှစ်
  9. ငြိမ်းချမ်းရေးသို့ (ဘာသာပြန်) - ၁၉၅၃ ခုနှစ်
  10. ငွေနှင့် လက်နက် (ဘာသာပြန်) - ၁၉၆၃ ခုနှစ်
  11. စာအုပ်ဆိုင်က လူဝင် လူထွက် အတွေးအမြင် ဆောင်းပါးများ - ၂ဝဝ၄ ခုနှစ်
  12. စန္ဒမာလာ (ဘာသာပြန်) (ပ၊ ဒု)(ဘာသာပြန်) - ၁၉၄ဝ ခုနှစ်
  13. ဆရာကြီး သခင် ကိုယ်တော်မှိုင်း - ၁၉၇၆ ခုနှစ်
  14. ဆိုရှယ်လစ် တိုင်းပြည်များသို့ - ၁၉၉၃ ခုနှစ်
  15. ဆေးလိပ်နဲ့ လူသား (လူထု ဦးလှနှင့် တွဲလျက်) - ၁၉၉ဝ ခုနှစ်
  16. တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော် မှတ်မိသမျှ (ဘာသာပြန်) - ၁၉၇၈ ခုနှစ်
  17. တောင်လေးလုံးမှ နတ်ကျွန်းထိ - ၁၉၉၇ ခုနှစ်
  18. တောင်အာရှ ပြတင်းပေါက်များ - ၁၉၉၉ ခုနှစ်
  19. ထိုင်း ဝတ္ထုတိုများ (၁) (ဘာသာပြန်) - ၁၉၉၂ ခုနှစ်
  20. ထိုင်း ဝတ္ထုတိုများ (၂) (ဘာသာပြန်) - ၁၉၉၃ ခုနှစ်
  21. ပြည်သူ ချစ်သော အနုပညာရှင်များ - ၁၉၆၄ ခုနှစ်
  22. ဘဝချင်း မတူသည့် တရုတ်ပြည် (ဘာသာပြန်) - ၁၉၆၃ ခုနှစ်
  23. မန္တလေးသူ မန္တလေးသားများ - ၁၉၉၁ ခုနှစ်
  24. မြန်မာ့ မဟာဂီတ - ၁၉၈၉ ခုနှစ်
  25. မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (ပ၊ ဒု)(ဘာသာပြန်) - ၁၉၃၈ ခုနှစ်
  26. မြန်မာ့ ခေတ်သစ် ပန်းချီ - ၁၉၉၇ ခုနှစ်
  27. ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး - ၁၉၉၃ ခုနှစ်
  28. ရွှေဒေါင်းတောင် ဆောင်းပါးများ - ၁၉၇၇ ခုနှစ်
  29. ရွှေမန်းတင်မောင် - ၁၉၇ဝ ခုနှစ်
  30. ရွှေရိုးဘကလေး (ပ၊ ဒု) - ၁၉၆၉ ခုနှစ်
  31. လွမ်းသူ့စာ - ၂ဝဝ၃ ခုနှစ်
  32. သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ - ၁၉၉၄ ခုနှစ်
  33. သက်တန့်ရောင် (ပ၊ ဒု) - ၁၉၄၅ ခုနှစ်
  34. သမ္မတ ဟိုချီမင်း အတ္ထုပ္ပတ္တိ - ၁၉၅ဝ ခုနှစ်
  35. အငြိမ့် (ပ၊ ဒု) - ၁၉၇၃ ခုနှစ်
  36. အမေ့ ရှေးစကား - ၁၉၉၇ ခုနှစ်
  37. အမေ့ ရှေးစကား ဒုတိယတွဲ - ၂ဝဝဝ ခုနှစ်
  38. အလှပြုပြင်နည်း - ၁၉၆၃ ခုနှစ်
  39. အာဖရိကဝတ္ထုတိုများ (ဘာသာပြန်) - ၁၉၈၉ ခုနှစ်
  40. အောင်ဗလ ဖိုးစိန် စိန်ကတုံး - ၁၉၆၇ ခုနှစ်
  41. အိုယန်ကီးတို့ (ဘာသာပြန်) - ၁၉၆၃ ခုနှစ်
  42. ၈၃ နှစ် ၈၃ ခွန်း လက်ကမ်း စာစောင် - ၁၉၉၈ ခုနှစ်
  43. ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့ အညာ - ၂ဝဝ၂ ခုနှစ်

ကိုးကား စာအုပ် စာရင်း[ပြင်ဆင်ရန်]

  1. လူထုအမေ နှစ် ၉ဝ အမှတ်တရ စကားစု စာစုများ (၂၉ နိုဝင်ဘာ ၂ဝဝ၅ ထုတ်)။
  2. နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသည်။ (၂ဝဝ၃ ဧပြီလ ထုတ်)။