သောင်း၊ ဦး (ကြေးမုံ)
ကြေးမုံ ဦးသောင်း | |
မွေးသက္ကရာဇ် | ၁၉၂၆ ခု အောက်တိုဘာ ၄ |
မိဘ | အဖ ဦးသာဖန်+အမိ ဒေါ်အုပ် |
အမည်ရင်း | မောင်သောင်း |
မွေးရာဇာတိ | ညောင်ဦးမြို့ |
နိုင်ငံ | မြန်မာ |
အလုပ်အကိုင် | စာရေးဆရာ၊ ဂျာနယ်လစ်။ |
ထင်ရှားကျော်ကြားမှု | သတင်းစာကို လွတ်လွတ်လပ်လပ်ရေးဝံ့သူ |
ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
၁၉၂၆ ခု အောက်တိုဘာ ၄ တွင် မြန်မာပြည် ညောင်ဦးမြို့၌ ကုန်သည် မျိုးရိုး အဖ ဦးသာဖန်နှင့် အမိ ဒေါ်အုပ် တို့က ဖွားမြင်သည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန့်ပီတာကျောင်း၊ ညောင်ဦးမြို့ အထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။
စာပေလောကသို့ ဝင်ရောက်ခြင်း
[ပြင်ဆင်ရန်]၁၉၃၇ ခုနှစ် ကျောင်းလက်ရေးစာစောင်များမှ စတင်၍ စာရေးသားခဲ့ပြီးနောက် ဆရာကြီးသည် ဇဝနဂျာနယ်၊ ဒဂုန်မဂ္ဂဇင်းတို့တွင် ကဗျာ၊ ဟာသ၊ သရော်စာ၊ ပြဇာတ် စသည့် ရသစာပေများရေးသားကာ စာပေလောကသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလဆန်း ဂျာနယ်ကျော်တွင် ရေးသားပါရှိခဲ့သော “ဆီးသီးကြွေချိန်” ဝတ္ထုသည် ဆရာကြေးမုံဦးသောင်း၏ ပထမဆုံး ပုံနှိပ်ဖော်ပြခံရသည့် ဝတ္ထုဖြစ်သည်။ (အောင်ဗလ ကလောင်အမည်ဖြင့်လည်း ဟာသစာပေ များလည်းရေးသားခဲ့သည်။) ဆရာဦးသောင်းသည် သတင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ရေးသားသောအခါ ‘ကြေးမုံ ဦးသောင်း’ အမည်ကို သုံးလေ့ရှိပြီး ရသစာပေ၊ သရော်စာများ ရေးသားသောအခါ ‘အောင်ဗလ’ အမည်ကို အသုံးပြုသည်။ ထိုကလောင် ၂ ခုစလုံးလည်း ထင်ရှားသည်။
ဆရာ့စာပေများထဲက အများအတွက် အထင်ကရ ဖြစ်သည့် စာမူမှာ ပုဂံမြို့က တဝဂူဇာတ်လမ်း ဖြစ်သည်။ အချစ်အတွက် တဝဂူထဲတွင် ပိတ်ဆို့သတ်ပစ်တာကို ခံခဲ့ရသည့် စောင်းဆရာလေးနှင့် ချစ်သူမိန်းကလေးတို့အကြောင်းကို ရေးသားခဲ့ခြင်းဖြစ်ပြီး ‘တဝဂူမှ ဂီတ’ဆိုတဲ့ အမည်နှင့် ရေးသားပုံနှိပ်ခဲ့သည်။ ထိုဝတ္ထုကို ၁၉၄၅ ခုနှစ်အတွင်း ဂျပန်အထွက် အင်္ဂလိပ်စစ်တပ်က ညောင်ဦးမြို့ကို ပြန်သိမ်းသောအချိန် မြို့သူမြို့သားများက ဘုရား၊ကျောင်းကန်သို့ ပြေးလွှားပုန်းခိုရသည့်အချိန်တွင် စိတ်ကူးရ ရေးဖွဲ့ခဲ့သည်ဟု ဆိုသည်။ ထိုဝတ္ထုကို ဘိုကလေးတင့်အောင်က ပြဇာတ်အဖြစ် တင်ဆက်ခဲ့သလို တေးသံရှင် တင်တင်မြ ကလည်း ‘ပုဂံမြို့ဟောင်း တနေရာ’ အမည်နှင့် သီချင်းအဖြစ် သီဆိုခဲ့သည်။
၁၉၄၈ ခု တက္ကသိုလ်ဝင်စာမေးပွဲ အောင်သည်။ ဗမာ့ခေတ် သတင်းစာ သတင်းထောက်အဖြစ် ၁၉၄၇ ခုက သတင်းစာလောကသို့ ဝင်သည်။ ဗမာ့ခေတ်မှာပင် အယ်ဒီတာချုပ်အဖြစ် တိုးမြှင့် အမှု ထမ်းရသည်။
အိမ်ထောင်ရေး
[ပြင်ဆင်ရန်]၁၉၅၃ ခုနှစ်တွင် မန္တလေးမြို့မှ ကုန်သည် ဦးသန်း၊ ဒေါ်တင်တို့၏သမီး ဒေါ်မြမြစိန်နှင့် လက်ထပ်ခဲ့ပြီး၊ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ထို့နောက် ဒေါ်တင်တင်ဝင်းနှင့် ထပ်မံအိမ်ထောင်ပြုခဲ့သည်။
၁၉၅၇ ခုတွင် ကြေးမုံ သတင်းစာကို တည်ထောင်ပြီး အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်စဉ် ၁၉၆၄ တွင် ပုဒ်မ ၅ နှင့် ထောင် ၃ နှစ် ကျခံခဲ့ရသည်။
ထောင်မှလွတ်ပြီးနောက်၊ ၁၉၇၃ ခုနှစ်တွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကော်ပိုရေးရှင်းတွင် တတိယအထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဆလခေတ်ဦးဖြစ်သော ၁၉၇၄ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေး သတင်းစာကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်း ခံရသည်။ ထို့နောက် မဆလအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနတွင် သတင်းစာတိုက်များကို အုပ်ချုပ်ရသော ဒုတိယညွှန်ကြားရေးမှူးရာထူး ခန့်ထားသည်။
အမေရိကန်သို့ ရောက်ရှိခြင်း
[ပြင်ဆင်ရန်]ဆယ်နှစ် အမှုထမ်းပြီး ၁၉၇၇ ဇူလိုင်လတွင် အမေရိကန်သို့ ထွက်ခဲ့သည်။ မဆလ ဆန့်ကျင်ရေးစာပေများ ရေးသားခဲ့ပြီး နောက်ဆုံးချိန်အထိ အာဏာရှင်ဆန့်ကျင်ရေး၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သူဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဆောင်ရွက်မှုများကို အမေရိကန်၌ ဝါဒဖြန့်ရန် စေလွှတ်ပါလျက် မြန်မာ ဖက်ဆစ်အစိုးရ ဆိုးယုတ်မှုများကို ဟောကြားကာ မဇူရီပြည်နယ် ဝါရှင်တန်မြို့မှ မဇူရီ သတင်းစာတွင် ဖက်ဆစ် ဆန့်ကျင်ရေး ဆောင်းပါးရှင်အဖြစ် လုပ်ကိုင် နေသည်ကို ဒေါသူပုန်ထသဖြင့် ဦးနေဝင်းက မြန်မာနိုင်ငံတွင် ရှိသမျှ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းခဲ့သည်။
ထို့ပြင် မြန်မာစာနယ်ဇင်းလောကတွင် ဦးသောင်း၏ စာသစ်စာဟောင်းများကို ပုံနှိပ်ခြင်းမပြုရဟု အမိန့်ထုတ်ပြန်ထားသောကြောင့် မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေခဲ့ရသည်။
ပြည်ပစာနယ်ဇင်းလောကတွင် လှုပ်ရှားမှု
[ပြင်ဆင်ရန်]အမေရိကန် နိုင်ငံတွင် ၁၉၇၈ ခုနှစ်မှ စတင်၍ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ ထုတ်ဝေသော ဒီမိုကရေစီ ဂျာနယ်၊ Burma Bulletin, Burma Review စသည့် စာစောင်များနှင့် အမေရိကန် စာနယ်ဇင်းများ ဖြစ်သည့် The Missourian နှင့် Reader’s Digest တို့တွင် စာများ ရေးသားသည်။ ဇာတိမြေ ရှစ်လေးလုံး အရေးတော်ပုံမှ စတင်သော အခါ ကမ္ဘာ အရပ်ရပ်မှ ဒီမိုကရေစီ စာနယ်ဇင်း များတွင်ပင် ဝင်ရောက် ရေးခဲ့သည်။
ဝါရှင်တန်မြို့ လွတ်လပ်တဲ့ အာရှ အသံ ရေဒီယို၊ အမေရိကန် အသံ ရေဒီယိုနှင့် ဘီဘီစီ တို့မှ တဆင့် မြန်မာပရိသတ်နှင့် ပြန်ဆက်ရသူ ဖြစ်သည်။
ဆရာကြီး ဦးသောင်းသည် ဘန်ကောက်မြို့ ခေတ်ပြိုင် သတင်းစာ အယ်ဒီတာချုပ်နှင့် ရေဒီယိုများ ဆောင်းပါးရှင် အဖြစ် မြန်မာ ဒီမိုကရေစီရေးကို လုပ်ဆောင် ခဲ့သူ ဖြစ်သည့် အပြင်၊ ပြည်ပ မြန်မာ သတင်း မီဒီယာများ ဖြစ်သော ခေတ်ပြိုင်၊ မိုးမခ၊ ဟစ်တိုင်နှင့် Voice of Burma တို့တွင် စစ်အစိုးရ ဆန့်ကျင်ရေး စာများကို ကွယ်လွန်ချိန် အထိ ကြေးမုံ ဦးသောင်း၊ အောင်ဗလ၊ မောင်ချစ် စသည့် ကလောင် အမည်များဖြင့် ရေးသား သွားခဲ့သည်။
မြန်မာရုပ်ရှင် ဇာတ်ညွှန်း ၄ ပုဒ်။ မြန်မာ စာအုပ် ၂၆၊ အင်္ဂလိပ် ၂ အုပ် ရေးခဲ့သည်။ ကြေးမုံ ဦးသောင်း၏ ထင်ရှားသော စာအုပ်များမှာ သတင်းစာ ဆရာ၊ ဗမာ့ခေတ်မှ ကြေးမုံသို့၊ ဦးနေဝင်း၏ ပြာတဆုပ်၊ လက်ငင်း လက်တွေ့ ဗုဒ္ဓဝါဒ၊ General Ne Win and His Executioners, A Journalist, a General and in Burma တို့ ဖြစ်သည်။ မကွယ်လွန်ခင် နောက်ဆုံး ထုတ်ဝေခဲ့သော စာအုပ်မှာ “ခေတ်ပြိုင်၏ စစ်ဝါဒီများ တိုက်ပွဲ” စာအုပ် ဖြစ်ပြီး၊ ခေတ်ပြိုင် ဂျာနယ်တိုက်က ပုံနှိပ် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
သတင်းစာသူရဲကောင်းဘွဲ့
[ပြင်ဆင်ရန်]ကမ္ဘာ့ နိုင်ငံပေါင်းစုံ သတင်းစာ အသင်းကြီး The International Press Institute က ၁၉၅ဝ ခုမှ ၂ဝဝဝ ပြည့်နှစ် အတွင်း သတင်းစာတို့ လွတ်လပ်ရေးကို ရဲရဲဝံ့ဝံ့ အမှုထမ်းခဲ့သူ ကမ္ဘာ့ အရပ်ရပ်မှ သတင်းစာ ဆရာ ၅ဝ ကို “သတင်းစာ သူရဲကောင်းဘွဲ့” ပေးရာ မြန်မာပြည်မှ “ရေးဝံ့သူ” အဖြစ် ဦးသောင်းကို ဆုချီးမြှင့်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း (အောင်ဗလ) သည် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် ၂ဝဝ၈ ခုနှစ်၊ ဧပြီ ၃ ရက်နေ့ ည ဒေသစံတော်ချိန် ၁ဝ နာရီခန့်မှာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ကွယ်လွန်သွားသည်။ ပြီးခဲ့သည့် မတ်လ ၁ဝ ရက်နေ့မှ စတင်ကာ အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်၊ ဖို့လောရာဒေး မြို့ရှိ ဖလော်ရီဒါ မက်ဒီကယ် စင်တာ (Florida Medical Center) ဆေးရုံတွင် အဆုတ်ရောဂါနှင့် နှလုံးအားနည်းသည့် ရောဂါများအတွက် ဆေးကုသမှု ခံယူနေရာမှ အဆုတ်ထဲ ရေဝင်သည့် အခြေအနေ ပိုမိုဆိုးရွားကာ ကွယ်လွန်သွားခြင်း ဖြစ်သည်။
ကွယ်လွန်ချိန်၌ အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် ဇနီး ဒေါ်တင်တင်ဝင်းနှင့် သားသမီး ၅ ဦး ကျန်ခဲ့သည်။
ရေးသားခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]အောက်ပါစာအုပ်များကို ရေးသားခဲ့သည် - [၁]
စဉ် | စာအုပ်ခေါင်းစီး | ပုံနှိပ်တိုက် | ထုတ်ဝေနှစ် | မှတ်ချက် |
---|---|---|---|---|
၁ | မိန်းမပုံပြင် | |||
၂ | အောင်ဗလ ပြဇာတ်များ | |||
၃ | တဝဂူမှ ဂီတ | |||
၄ | အိပ်ချင်ပြေ | |||
၅ | ဧဝံ မေ သုတံ | |||
၆ | အောင်ဗလယ် | |||
၇ | လူတို့နေ | |||
၈ | အောင်ဗလွန် | |||
၉ | လက်ငင်းလက်တွေ့ ဗုဒ္ဓဝါဒ | |||
၁၀ | ဆွေမေ့မျိုးမေ့ | |||
၁၁ | သမိုင်းဝင်ပြဇာတ်များ | |||
၁၂ | ကြည့်သောသူ မြင်၏ | |||
၁၃ | ကျနော်ကြားဖူးသလို ပြောဆိုပါမည် | |||
၁၄ | ဆိုဗီယက် ဟာသ | |||
၁၅ | နိုင်ငံ့အရေး | |||
၁၆ | ဗမာ့ခေတ်မှ ကြေးမုံသို့ | |||
၁၇ | မန္တလေးမှ မော်စကိုသို့ | |||
၁၈ | ဝါရှင်တန်သို့ | |||
၁၉ | သတင်းစာဆရာ | |||
၂၀ | တို့ဗမာနိုင်ငံ | |||
၂၁ | ဦးနေဝင်းနှင့် လက်မရွံ့အာဏာသားများ | အပြည်ပြည်ဆိုင်ရာ မြန်မာ့ဒီမိုကရေစီအဖွဲ့၊ နယူးယောက် | ၁၉၉၀ ဒီဇင်ဘာ | |
၂၂ | ဗိုလ်နေဝင်း၏ စစ်ဓားပြလမ်းစဉ် | |||
၂၃ | ဂျာနယ်လစ်၊ ဗိုလ်ချုပ်နှင့် ဗမာစစ်တပ် | အင်္ဂလိပ်: A Journalist, A General and an Army in Burma | ||
၂၄ | ဆက်ရန် ရှိသေးသည် | |||
၂၅ | ဘီလူးတို့ရွာ | ခေတ်ပြိုင်သတင်းဂျာနယ်၊ ဘန်ကောက် | ၁၉၉၉ ဧပြီ | |
၂၆ | ဂျာနယ်လစ်နှင့် ဘုရင်မ | အင်္ဂလိပ်: A Journalist and a Queen | ||
၂၇ | ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ | |||
၂၈ | ဦးနေဝင်း၏ ပြာတဆုပ် | ၂၀၀၄ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ သောင်း၊ ဦး၊ ကြေးမုံ။ "ဦးနေဝင်း၏ ပြာတဆုပ်"။ ၂၀၀၄။
- ကြေးမုံ ဦးသောင်း အတ္ထုပ္ပတ္တိ၊ ကဗျာဆရာ ဦးတင်မိုး [၁၉၃၃-၂ဝဝရ] ကွယ်လွန်ခြင်း ၆ လပြည့် အမှတ်တရ စာစု၊ ဖန်မီးအိမ် စာပေချစ်သူများ [ဆန်ဖရန်စစ္စကို]၊ ၂ဝဝရ ခုနှစ် ဇူလိုင်လမှာ ပထမ အကြိမ်။
- သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ၊ (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) (ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရ)