သီဟိုဠ်သရက်ပင်
Anacardium occidentale | |
---|---|
Ripe cashew fruit | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Anacardiaceae |
မျိုးရင်းသေး: | Anacardioideae |
မျိုးစု: | Anacardium |
မျိုးစိတ်: | A. occidentale
|
ဒွိနာမ | |
Anacardium occidentale |
အလွန်ဆိမ့်သော အရသာရှိသည့် သီဟိုဠ်သရက်စေ့ အဆန်ကို အကြောင်းပြု၍ သီဟိုဠ်သရက်ပင်ကို လူသိများလေသည်။ ထိုအပင်၏ မူလပေါက်ရောက်ရာဒေသသည် တောင်အမေရိကတိုက်၏ အပူပိုင်းဒေသများနှင့် အနောက်အိန္ဒိယကျွန်းစုဖြစ်သည်။ ၁၅ ရာစုနှစ်တွင် ပေါ်တူဂီသာသနာပြုများက ယူဆောင်လာ ခဲ့သဖြင့် ထိုအပင်သည် တောင်အမေရိကတိုက်မှ အာဖရိကတိုက် အရှေ့ပိုင်းနှင့်အိန္ဒိယနိုင်ငံ၊ သီဟိုဠ်ကျွန်းတို့ကို ရောက်ရှိ လာခဲ့လေသည်။ ဆိုခဲ့သောဒေသများရှိ ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် သီဟိုဠ်သရက်ပင်များကောင်းစွာ ဖြစ်ထွန်းရာမှ အခြားအပူပိုင်းဒေသများသို့လည်း မျိုးပြန့်ခဲ့လေသည်။
မြန်မာနိုင်ငံအောက်ပိုင်းတွင် ဂဝံကျောက်မြေ အညံ့စားများ၌ပင် သီဟိုဠ်သရက်ပင်တို့ ကောင်းစွာ ဖြစ်ထွန်းသည် ကိုတွေ့ရ၍ အထူးသဖြင့် တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင်ပိုမိုဖြစ်ထွန်းသည်။ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်တွင် အလေ့ကျပေါက်ကာ တောဖြစ်၍ပင်နေသည်။ တနင်္သာရီတိုင်း ထားဝယ်ဘက်တွင် သီဟိုဠ်သရက်ပင်ကို ရှစ်ကလစ်ပင် ဟူ၍ခေါ်ကြသည်။ ပဲခူးနှင့်ဧရာဝတီတိုင်းတို့တွင်လည်း သီဟိုဠ်သရက်ပင်များ ပေါက်ရောက်သည်ကို တွေ့ရသည်။ ကမ်းရိုးတန်းဒေသတို့၌ ပေါက်ရောက် ဖြစ်ထွန်းသည်ဟုဆိုရသော်လည်း ထိုအပင်တို့သည် မြေပြင်အမြင့်ပေ ၃ဝဝဝ အထိရှိသော အရပ်ဒေသများ၌လည်း ပေါက်ရောက်နိုင်လေသည်။ သို့သော် ထိုအပင်များသည် နှင်းပေါက်နှင်းခဲဒဏ်ကိုမခံနိုင်ကြချေ။ သီဟိုဠ်သရက်ပင်သည် သရက်မျိုးတွင်ပါဝင်၍ အန်နကာဒီယေးစီအီးမျိုးရင်းဝင်ဖြစ်သည်။ ရုက္ခဗေဒအမည်ဖြင့် အန်နကာဒီယမ်အော့စီဒင်တယ်ဟု ခေါ်သည်။ အနောက်တိုင်း သရက်ဟုခေါ်ဆိုရပေမည်။ ထိုအပင်တို့သည် အမြဲစိမ်းလန်း၍ အကိုင်းအခက်ဝေဆာသော အပင်မျိုးဖြစ်ပြီးလျှင် ပေ ၃ဝ မှ ၄ဝ အထိအမြင့်ရှိနိုင်လေသည်။ အလွန်ညံ့သောမြေ၌ ပေါက်ရောက်လျှင်မူ ခြုံပုတ်သာသာမျှသာ ရှိတတ်လေသည်။ သီဟိုဠ်သရက်တို့သည်ရွက်လွှဲထွက်သည်။ အရှည် လေးလက်မမှ ရှစ်လက်မအထိရှိပြီးလျှင် ဗြက်အကျယ် သုံးလက်မမှငါးလက်မအထိရှိတတ်သည်။ အမွှေးအမှင်မရှိဘဲ ပြောင်ချောဖြစ်ပြီးလျှင် တောင့်တောင့်ကလေးနေ၍ အနားညီသည်။ အရင်းသွယ်၍ ထိပ်တုံးသောအရွက်မျိုး ဖြစ်လေသည်။
ဒီဇင်ဘာလလယ်လောက်မှ ဖေဖော်ဝါရီလဆန်းအထိ ဆောင်းရာသီအတွင်း၌ သီဟိုဠ်သရက်ပင်တို့ အပွင့်ပွင့်ကြ သည်။ အပွင့်တို့သည် ထိပ်ဖျားထွတ်ရှိသော ပန်းခိုင်မျိုးဖြင့် ပွင့်ကြ၍ ပန်းခိုင်သည် ခြောက်လက်မမှ ၁ဝ လက်မအထိ အမြင့်ရှိနိုင်သည်။ သေးငယ်၍ အနံ့သင်းသောအပွင့်ကလေး၏ အရောင်သည်အဝါရောင်ဖြစ်ပြီးလျှင် ပန်းရောင်စင်း ကလေးများရှိသည်။ အပွင့်များသည် ဝတ်ဆံအဖိုရောအမပါ ပါဝင်သော အပွင့်မျိုးဖြစ်လေသည်။ သီဟိုဠ်သရက်သီးသည် အသီး၏အပြင်ဘက်သို့ ငှက်နှုတ်သီးပမာ ငေါထွက်နေသော အစေ့ရှိသဖြင့် ပုံပန်းသဏ္ဌာန်ထူးခြားလေသည်။ အသီးတွင် အစိတ်အပိုင်း နှစ်ခုပါဝင်သည်။ ပထမပိုင်းသည်သစ်သော့သီး ပုံသဏ္ဌာန် ရှိသည့် အသားများသော အသီးအညှာတံဖြစ်လေသည်။
သာမန်လူတို့အနေဖြင့် ယင်းကိုပင် အသီးဟုယူဆကြသည်။ အသီးမှည့်သည့်အခါ အရည်ရွှမ်း၍ ချဉ်ဖန့်ဖန့်အရသာရှိသည်။ အချို့သီဟိုဠ်သရက်ပင်တို့၏ အသီးမှည့်သည် အဝါရောင် ဖျော့ဖျော့ဖြစ်၍ အချို့အပင်၏အသီးသည် လိမ်မော်ရင့်ရောင် ဖြစ်သဖြင့် အသီးမှည့်အရောင်ကိုလိုက်၍ သီဟိုဠ်သရက်ပင်ကို နှစ်မျိုးခွဲခြားကြသည်။ လိမ်မော်ရင့်ရောင်ရှိသော အသီးမှည့်သည် ပို၍ အရည်ရွှမ်းပြီးလျှင် အနံ့အရသာပို၍ ကောင်းသည်ဟုဆိုကြသည်။ ထိုအသားပိုင်းမှ ညှစ်ယူရရှိသော အရည်ကို သေရည်တစ်မျိုးပြုလုပ်နိုင်သည်။ အာဖရိကတိုက် မိုဇမ်ဗစ်ပြည်နယ်တွင် ထိုသေရည်ကိုလိုင်စင်ဖြင့်ရောင်းချသည်။
ထိုအရည်သည် စကာဗီဟုခေါ်သောဒူလာရောဂါ၊ မီးယပ်ပိန် မီးယပ်ခြောက်ရောဂါမျိုးများအတွက် ကောင်းသည်ဟုဆိုကြ သည်။ မြန်မာဆေးကျမ်းများအရမူ သီဟိုဠ် သရက်သီး မှည့်သည် ချို၏။ ဖန်၏။ ခံတွင်းရှင်းစေ၏။ ကြေခဲ၏။ အေး၏။ အဆီမရှိ။ ချုပ်၏။ ဝမ်းရောင်ခြင်း လေနာခြင်းကို ဖြစ်စေနိုင်သည်။ သလိပ်သည်းခြေကိုနိုင်သည်ဟုဆိုလေသည်။ သို့သော်သီဟိုဠ်သရက်ပင်ကို အသီးထက် အဆိမ့်အရသာနှင့် ပြည့်စုံသောအစေ့ဆန်ကြောင့်ပို၍ တန်ဖိုးထားကြလေသည်။ အထက်တွင်ဆိုခဲ့သည့်အတိုင်း အသီးအစိတ်အပိုင်း နှစ်ခုအနက် အပြင်သို့ငေါထွက်နေသော အစေ့နှင့်တူသည့် အပိုင်းသည် အသီး၏ ဒုတိယပိုင်းဖြစ်သည်။ စင်စစ် ယင်းသည်သာလျှင်အသီးစင်စစ်ဖြစ်သော်လည်း လူသာမန်တို့က အစေ့ဟူ၍ ခေါ်ဝေါ်နေကြလေသည်။ ထိုအစိတ်အပိုင်းသည် ပဲစေ့နှင့်ပုံပန်းသဏ္ဌာန်တူသည်။ တစ်လက်မမှတစ်လက်မ ခွဲခန့်ရှိပြီးလျှင် ညိုသယောင်ယောင်၊ မွဲသယောင်ယောင် အရောင်မျိုးရှိသည်။ ထိုအစေ့တွင် အခွံသုံးထပ်ပါရှိရာ အပြင်ခွံနှင့်အတွင်းခွံတို့သည်မာ၍ခြောက်သည်။
အစေ့နားကပ်နေသောတတိယအခွံသည် အပူလောင် စေတတ်သော အဆီတစ်မျိုးထွက်သည်။ ထို့ကြောင့်အစေ့များကို မီးဖုတ်ပြီးမှဖြစ်စေ၊ လှော်ပြီးမှဖြစ်စေစားသုံးကြရသည်။ ရှေးသမားရိုးကျနည်းဖြင့် အစေ့များကိုမီးဖုတ်သည့်အခါ အစေ့ခွံကွဲပြီး အဆီများထွက်လာလျှင် ထိုအဆီသည် အလွန်မီးတောက်စေသည်။ ထိုမီးတောက်မှမီးခိုးသည်ပင် မျက်စိနှင့်အသားအရေကိုအန္တရာယ်ဖြစ်စေသည်။ စင်စစ် ထိုအဆီသည်လည်း သူ့နေရာနှင့်သူအသုံးကျလေသည်။ ခေတ်မီနည်းစနစ်၊သိပ္ပံနည်းကျသောနည်းစံနစ်များဖြင့် ထုတ်ယူရရှိသည့် အစေ့ခွံမှအဆီကို'ကာဒိုဟုခေါ်ကြသည်။
ထိုအဆီဖြင့်သစ်သားများ၊ စာအုပ်များကို သုတ်လိမ်းထားလျှင် ခြမကိုက်နိုင်ဟုဆိုကြသည်။ ထို့ပြင်ပွေးနာ၊ အသားမာဖြစ်ခြင်း၊ ခြေဖဝါးတွင် ငပြေမပါးဟက်ဖြစ်ခြင်း၊ ဆင်ခြေ ထောက်ရောဂါ၊ ကုဋ္ဌနူနာတို့ကုသရန် ဆေးများတွင်ထည့်သွင်း အသုံးပြုကြသည်။ သို့ပင်ငြားလည်းထို အဆီသည်အသားအရေ အဖုအပိမ့်ဖြစ်စေတတ်သဖြင့်သတိနှင့်သုံးစွဲကြရသည်။ သီဟိုဠ်သရက်ပင်၏ အဖိုးအတန်ဆုံး အစိတ်အပိုင်းဖြစ်သော အစေ့ဆန်သည်အလွန်အရသာ ရှိသဖြင့် အနောက်နိုင်ငံများတွင်ချောကလက်၊ ကိတ်မုံ့စသည့် အချိုအစိမ့်စားသောက်ဖွယ်ရာများ၌ ထည့်သွင်းအသုံးပြုကြ သည်။ သီဟိုဠ်ကျွန်း၊ အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်တို့မှ သီဟိုဠ်စေ့များကို ဥရောပတိုက်နိုင်ငံများသို့အကြီးအကျယ် တင်ပို့ကြရလေသည်။ အစေ့ဆန်မှလည်းအဆီရနိုင်လေရာ၊ ထိုအဆီသည် အဝါရောင်ဖျော့ဖျော့ဖြစ်၍ အနောက်နိုင်ငံ များတွင် ထိုအဆီကို ဗာဒမ်ဆီနှင့်တန်းတူ သုံးစွဲနိုင်အောင် ကောင်းမွန်သဖြင့် ကြော်ချက်ရာတွင် အသုံးပြုကြလေသည်။
အပင်၏အခေါက်မှရရှိသော အစေးသည် အာရဗစ် ကော်ကဲ့သို့ စာအုပ်ချုပ်ရာ၌ အသုံးပြုနိုင်သည်။ အခေါက်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအရည်ကိုမူ ဖျက်၍ ပျက်ခဲသော မင်တစ်မျိုး ပြုလုပ်နိုင်သည်။ တံငါသည်များသည်ထိုအရည်ဖြင့် ပိုက်ကွန်များကိုအရောင်ဆိုးကြလေသည်။ သီဟိုဠ်သရက်ပင်ကိုအစေ့ပျိုး၍စိုက်ကြသည်။ မိုးတွင်း၌ ကိုင်းကူး၍ အပင်ပျိုးနိုင်သော်လည်း ယင်းသို့ ပြုလုပ်ခြင်းမှာ နည်းပါးလှသည်။ ဂျားဗားကျွန်းတွင် ဖူးဆက်ကူးစိုက်နည်းဖြင့်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်သည်ကို တွေ့ရပေသည်။ ပျိုး၍စိုက်သော အပင်များကို တစ်ပင်နှင့်တစ်ပင်အနည်းဆုံး ပေ ၃ဝ ခန့် ခွာ၍စိုက်ပျိုးသင့်သည်။ အစေ့ပျိုး၍စိုက်သော အပင်များသည် ခြောက်နှစ်ခုနစ်နှစ်ကြာမှအသီး သီးသော်လည်းကိုင်းပျိုး၍ စိုက်သောအပင်သည် လေးနှစ်ကြာလျှင် အသီးသီးလေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)