အနောက်အိန္ဒိယကျွန်းစု

From ဝီကီပီးဒီးယား
Jump to navigation Jump to search

အနောက်အိန္ဒိယကျွန်းစု[edit]

အနောက်အိန္ဒိယကျွန်းစုဆိုသည်မှာ မက္ကဆီကိုပင်လယ်ကွေ့နှင့် ကယ်ရစ်ဗျန် ပင်လယ်ကို ကာဆီး လျက် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ တောင် အမေရိကတိုက် မြောက်ဘက်အထိ စီတန်းလျက်နေသောကျွန်းစု များဖြစ်သည်။ အနောက်အိန္ဒိယကျွန်းစုဟူ၍ အမည်မှည့်ထား ခြင်းမှာ ကိုလံဗပ်သည် အိန္ဒိယနိုင်ငံကို ရှာဖွေခဲ့စဉ်က ယင်း ကျွန်းစုများဆီသို့ ရောက်ရှိသွားသည်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိပြီဟု ထင်မှတ်ခဲ့ခြင်းကြောင့် အနောက်အိန္ဒိယဟူ၍ ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ထိုအမည်မှာ ယခုတိုင် မပြောင်းလဲပဲ တည်မြဲနေလေသည်။

အနောက်အိန္ဒိယကျွန်းစုတွင် ဗဟားမားကျွန်းစု၊ ဂရိတ်တား အန်တီလီကျွန်းစု၊ လက်ဆား အန်တီလီ ကျွန်းစုဟူ၍ ကျွန်းစု သုံးခု ပါဝင်သည်။

ကျွန်းကြီးလေး ကျွန်းမှာ ကျူးဗားကျွန်းဂျမေးကားကျွန်း၊ ဟစ္စပါညိုလာနှင့် ပွားတိုးရီးကိုးကျွန်းတို့ဖြစ်၍ ထိုကျွန်းစုကို အန်တီလီကျွန်းကြီးစု (ဝါ)ဂရိတ် တားအန်တီလီ ကျွန်းဟုခေါ်သည်။


ဗာဂျင်းကျွန်းစု၊ ဝင်းဝါဒ်ကျွန်း၊ လီးဝါဒ်ကျွန်းစုစသော ကျွန်းငယ်များပါဝင်သည့် ကျွန်းစုကိုမူ အန်တီလီ ကျွန်းငယ်စု (ဝါ) လက်ဆာအန်တီလီကျွန်းစုဟူ၍ ခေါ်သည်။ ကျွန်းအားလုံး ၏အကျယ်အဝန်းမှာ ၉၁၁၂၃ စတုရန်းမိုင် ဖြစ်သည်။ ဂျမေး ကားကျွန်းသည် ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင်ဖြစ်၍ ဗာဂျင်း ကျွန်းအချို့ကို အမေရိကန်ပြည်ထောင်စုက အုပ်ချုပ်သည်။ ပွားတိုးရီးကိုးကျွန်းမှာ အမေရိကန် ပြည်ထောင်စု၏ ပင်လယ် ရပ်ခြား ဓနသဟာယနိုင်ငံဖြစ်သည်။ အနောက်အိန္ဒိယကျွန်းစု အပါ အခြားလွတ်လပ်သောနိုင်ငံများမှာ ကျူးဗားနိုင်ငံ၊ ဟေး တီးနိုင်ငံနှင့်ဒိုမီနီကန်သမ္မတနိုင်ငံတို့ဖြစ်၏။ ဂွါဒယ်လုနှင့် မာ တီနစ်ကျွန်းများမှာ ပြင်သစ်ပိုင် ဖြစ်သည်။ ကူရာစာအိုကျွန်းမှာ ဒပ်ချပိုင်ဖြစ်၍ ကျန်ကျွန်းများမှာမူကား ဗြိတိသျှပိုင်ဖြစ်ကြ သည်။

အနောက်အိန္ဒိယကျွန်းစုသည် ကမ္ဘာ့ အပူပိုင်းဇုန်အတွင်းသို့ ကျရောက်နေသော်လည်း ကျွန်းများဖြစ်သောကြောင့် ရာသီဥတု မှာ များစွာ မပြင်းထန်လှချေ။ ဆောင်းရာသီနှင့် နွေရာသီမှာ အပူအအေး များစွာခြားနား ခြင်း မရှိပေ။ သို့ရာတွင် မိုးသည် နွေရာသီ၌ရွာသွန်း၍ ဆောင်းရာသီတွင် မရွာသွန်းချေ။ သစ် တောများ ထူထပ်စွာ ပေါက်ရောက်သည်။ ငှက်၊ မြွေ၊ ကင်းမြီး ကောက်စသော ပိုးမွှားတိရစ္ဆာန်တို့ ပေါများသည်။ သစ်တော များမှ အဖိုးတန် သစ်များ ထွက်သည်။

ကျွန်းအားလုံးတွင် နေထိုင်ကြသောလူတို့၏ အဓိကလုပ်ငန်း မှာ လယ်ယာစိုက်ပျိုးခြင်း ဖြစ်သည်။ သကြား၊ သစ်သီး၊ ဆေး ရွက်တို့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ရံဖန်ရံခါ လေ ပြင်းမုန်တိုင်းများ ကျရောက်တတ်သဖြင့် လူ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးကြသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အနောက်အိန္ဒိယကျွန်းစုရှိ ဗြိတိသျှပိုင်ကျွန်းများကို အမေရိကန် ရေတပ်စခန်းများ ပြုလုပ်ရန် လွှဲအပ်ထားခဲ့သည်။ ကျွန်းစုတွင် နေထိုင်သော ခန့်မှန်းခြေ လူဦးရေမှာ ၁၅ သန်းမျှ ရှိသည်။

မာတီနစ်ကျွန်းမှာ အနောက်အိန္ဒိယကျွန်းစုမှ လက်ဆား အန်တီလီကျွန်းစုတွင် ပါဝင်သော ပြင်သစ်ပိုင် ကျွန်းကလေး ဖြစ်၏။ ထိုကျွန်း၏မြောက်ဘက် ၂၅ မိုင်အကွာတွင် ဒိုမီနီကား ကျွန်းရှိ၍ တောင်ဘက် မိုင် ၂ဝ ခန့်အကွာတွင် စိန်လူစီယာ ကျွန်းရှိသည်။ ထိုကျွန်းနှစ်ကျွန်းစလုံးမှာ ဗြိတိသျှပိုင်ကျွန်းများ ဖြစ်ကြ၏။

မာတီနစ်ကျွန်းသည်မိုင် ၄ဝ ရှည်လျား၍ ၂၁ မိုင်ကျယ်၏။ အကျယ်အဝန်းမှာ ၄၂၇ စတုရန်းမိုင် ရှိသည်။ ကျွန်း၏ မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် မီးတောင်များရှိ၏။ အလယ် ပိုင်း၌ကား နိမ့်သော တောင်တန်းများ ရှိသည်။ မောင့်ပယ် လေမှာ အမြင့်ဆုံး မီးတောင်ကြီးဖြစ်၍ ပေ ၄၄၃ဝ ရှိသည်။ မာတီနစ်ကျွန်း၏ ကမ်းရိုးတန်းမှာ အကွေ့အကောက်များ၍ ကျောက်ဆောင်ထူထပ်လေသည်။ ရာသီဥတုမှာ ပူပြင်း၍ မိုး ကောင်းသည်။

မာတီနစ်ကျွန်းသည် လေပြင်းမုန်တိုင်းတို့၏ ဒဏ်ကို မကြာ ခဏ ခံရသောကျွန်းကလေးဖြစ်၏။ ၁၇၆၇ ခုနှစ်က လေမုန် တိုင်းကြီးကျရာတွင် လူပေါင်း ၁၆ဝဝမျှ သေဆုံးခဲ့သည်။ မြေ ငလျင်များလည်း မကြာခဏ လှုပ်တတ်၏။ တစ်ကျွန်းလုံးတွင် မီးတောင်များ ပေါများသောကြောင့် မီးတောင်များပေါက်ကွဲ သည့်အခါ လူနေအိမ်ခြေနှင့်သက်ရှိသတ္တဝါ အမြောက်အမြား သေကြေပျက်စီးကြရ၏။ ၁၉ဝ၂ ခုနှစ်က မောင့်ပယ်လေ မီးတောင်ကြီး ပေါက်ကွဲလေရာ မာတီနစ်ကျွန်း၏ ကူးသန်း ရောင်းဝယ်ရေး အချက်အခြာမြို့ဖြစ်သော စိန်ပီယာမြို့မှာ လုံးဝပျက်စီးသွားလေသည်။

မာတီနစ်ကျွန်းသည် မြေဩဇာထက်သန်ကောင်းမွန်၍ ကျွန်း ၏သုံးပုံတပုံခန့်တွင် လယ်ယာစိုက်ပျိုးကြ၏။ ထိုကျွန်း၏ အဓိကထွက်ကုန်မှာ သကြား၊ ရမ်အရက်၊ ကိုကိုး၊ ကော်ဖီ၊ ဆေးရွက်၊ ဝါဂွမ်းစသည်တို့ ဖြစ်သည်။

မာတီနစ်ဟူသောအမည်သည် မာဒီယားနား၊ သို့မဟုတ် မန်တီနီနိုဟူသော တိုင်းရင်းသား ဘာသာစကားမှ ဆင်းသက် လာသည်ဟု အဆိုရှိ၏။ ကိုလံဗပ်သည် ထိုကျွန်းကို ၁၅ဝ၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီးနောက် နှစ်ပေါင်း ၁ဝဝ ကျော် အကြာ ၁၆၃၅ ခုနှစ်တွင် ပြင်သစ်လူမျိုးများ လာရောက်၍ ပြင်သစ်ပိုင်အဖြစ် သိမ်းယူ နေထိုင်ကြသည်။ အင်္ဂလိပ်နှင့်ဒပ်ချ တို့လည်း ထိုကျွန်းကလေးကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားခဲ့ကြ သေး၏။

ထိုကျွန်းတွင် ခန့်မှန်းခြေ လူဦးရေမှာ ၃၃၂ဝဝဝ ယောက် ရှိ၍ နီးဂရိုးခေါ် ကပ္ပလီလူမျိုး အများဆုံး နေထိုင်ကြသည်။ ကျွန်း၏လူဦးရေ သုံးရာခိုင်နှုန်းမှာ ဥရောပတိုက်သား ဖြစ်၏။ မာတီနစ်ကျွန်း၏မြို့တော်မှာ ဖို့ဒါဖရန့်မြို့ဖြစ်၍ လူဦးရေ ၆ဝ၆ဝဝ ယောက်ရှိသည်။ မြို့တည်နေရာမှာ ဖို့ဒါဖရန့် ပင်လယ်အော် ကမ်းပါးတွင်ဖြစ်၍ အလွန်သာယာသော ဆိပ်ကမ်းရှိသည်။ မာတီနစ်ကျွန်းနှင့် စပ်လျဉ်း၍ မှတ်သား ဘွယ်ကောင်းသော အချက်တစ်ခုမှာ ဤကျွန်းသည် ကမ္ဘာ့ သမိုင်းတွင် ထင်ရှားသော ပြင်သစ်နိုင်ငံ နပိုလီယန်ဘုရင်၏ မိဖုရား ဂျိုဇဖင်း၏ ချက်မြှုပ်ရာဇာတိဖြစ်သည်။[၁]


ကိုးကား[edit]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)