မာတိကာသို့ ခုန်သွားရန်

သန်းဝင်းထွန်း

ဝီကီပီးဒီးယား မှ
သန်းဝင်းထွန်း
သန်းဝင်းထွန်း
မွေးဖွားသန်းဝင်း
၁၉၄၈
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာ
နိုင်ငံလူမျိုးမြန်မာ
ပညာရေးရန်ကုန် ပန်းချီ၊ ပန်းပုကျောင်း (၁၉၇၀-၁၉၇၄)
ကျော်ကြားမှုအရင်းခံမိုလ်ဘိုင်း ပန်းချီပြပွဲ
စတိုင်ဒါးရေးချက်၊ အောက်ဒိုးပန်းချီ
အိမ်ထောင်ဖက်(များ)ဒေါ်သန်းသန်းဝင်း
ရရှိသည့်ဆုများ၁၉၇၄ ခု၊ ပန်းပုထူးချွန် - ဦးငွေကိုင်ဆု/ ၂၀၀၂ ခု၊ ပတ်ခ်ရွိုင်ရယ်က စီစဉ်သည့် မြန်မာ့အလှပြပွဲ၌ ဆီဆေးပန်းချီ ပထမဆုရရှိခဲ့

သန်းဝင်းထွန်း (၁၉၄၈ ဖွား) သည် မြန်မာပန်းချီဆရာ တစ်ဦးဖြစ်သည််။[]သူနှင့် ခေတ်ပြိုင် ပန်းချီဆရာများမှာ ဝင်းဖေမြင့်၊ မကွေးမျိုးညွန့်၊ ပန်းချီကျော်သောင်းတို့ ဖြစ်သည်။

အမည်ရင်းမှာ သန်းဝင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာ ၌ သာမန် လယ်သမား အဖ ဦးမြမောင်၊အမိ ဒေါ်ကျင်စိန်တို့မှ မွေးဖွားသည်။ မွေးချင်း မောင်နှမ သုံးဦးအနက်၊ အငယ်ဆုံးသား ဖြစ်သည်။သူ့အထက်တွင် အမနှစ်‌ဦး ရှိသည်။ငယ်စဉ်က ရွာဘုန်းကြီးကျောင်းတွင် သက်တူ ရွယ်တူ လေးငါးဦးနှင့် ဘုန်းကြီးကျောင်းသား အဖြစ် ကျောင်းအိပ်ကျောင်းစားနေသည်။ အသက်ခုနှစ်၊ ရှစ်နှစ်ခန့် ဘုန်းကြီးကျောင်း၌ နေစဉ် ကျောင်းထိုင်ဘုန်းကြီး ဦးဝက် ထံမှ ပန်းချီကို စတင်သိရှိခဲ့ရပြီး ပန်းချီပညာကို စတင်စိတ်ဝင်းလာသည်။

အသက် ၁၂ နှစ်အရွယ်တွင် ပဲခူးသို့ ရောက်ပြီး၊ မူလတန်း စတက်သည်။ထိုစဉ််အခါက ပဲခူးအရှေ့၊ မြို့တွင်းကျောင်း၊ ကျောင်းအုပ်မှာ ဦးစံရင် ဖြစ်သည်။ ယင်းကျောင်းသည် ရဲညွန့် (ပဲခူးတိုင်း ဘောလုံး လက်ရွေးစင်) ကဲ့သို့သော အားကစားထူးချွန်သူများ ထွက်ပေါ်ခဲ့ပြီး ထိုထဲကျောင်းနေဖက် ကျွန်းဆွယ်ပွဲ ရွှေတံဆိပ်ဆုရ အပြေးချန်ပီယံ မအေးရွှေ မှာ ထင်ရှားသည်။မောင်သန်းဝင်းသည် အဆိုပါကျောင်းမှနေ၍ အမှတ် ၁ အထက (ဒေါ်အေးပုံကျောင်း) သို့ တက်ရောက်ကာ ဆက်လက်ပညာသင်သည်။ ယင်းကျောင်းတွင် ပန်းချီလက်ဦးဆရာ ဦးဘသောင်း (ပန်းချီနည်းပြ) နှင့် တွေ့ဆုံသည်။ပန်းချီပညာသင်သည်။

သူသည် ‌ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ ပန်းပု ဦးမောင်ကျော် ၏ ပန်းပုဆိုင် တွင်လည်း ဦးမောင်ကျော်၏ တပည့်အဖြစ် ပန်းပုပညာကို လေ့လာ သင်ယူခဲ့သည်။

အကူအညီ အထောက်အပံ့ပေးသူများ

[ပြင်ဆင်ရန်]

သူသည် ၈ တန်းသို့ရောက်သောအခါ ပဲခူးမှနေ၍ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် အထက်တန်းကျောင်းသို့ ပြောင်းရွေ့ သင်ကြားသည်။ပညာသင်ကြားနေစဉ် ဘဝရပ်တည်ရှင်သန်ရေးအတွက် ပန်းပုရုပ်များ ထုလုပ်ပြီး၊ ရွှေတိဂုံဘုရား စောင်းတန်းဈေး သို့ သွားရောက် ရောင်းချခဲ့ရသည်။၎င်းတက်ရောက်နေသည့် ကျောင်းမှ ဆရာမ ဒေါ်ခင်ဆွေမြင့် (အထက်တန်းပြ မြန်မာစာ ဆရာမ) ၏ မိတ်ဆက်ပေးမှုဖြင့် အိုးဝေဂျာနယ် အယ်ဒီတာချုပ် ဦးညိုမြ ၊ လူငယ်ပြုပြင်ရေး ဆောင်းပါးများရေးသူ လုပ်သားသတင်းစာ အယ်ဒီတာ ဦးသန်းဆက်၊ ထိုမှတဆင့် ကေတီဦးတင့်လွင် တို့နှင့် သိကျွမ်းရင်းနှီးပြီး အကူအညီအထောက်အပံ့များရရှိခဲ့သည်။

ပန်းချီကျောင်း တက်ခြင်းနှင့် အလုပ်လုပ်ခြင်း

[ပြင်ဆင်ရန်]

ဆယ်တန်း တက်နေစဉ် ယဉ်ကျေးမှုကဇာတ်၌ ဇာတ်ခုံဒါရိုက်တာ (Stage Director) ဆရာကြီး ဦးအမ်တင်အေး ထံတွင် နေ့စားအလုပ် ဝင်လုပ်သည်။ သုဝဏ္ဏဇာတ်ရုံနှင့် မြေပဒေသာဇာတ်ရုံတို့တွင်လည်း မှန်ထိုးအလုပ်ကို နေ့စားလုပ်ကိုင်ခဲ့သည်။

ဆရာကြီးဦးအမ်တင်အေးက သူ့အား ပန်းချီပညာကို စနစ်တကျ သင်ကြားနိုင်ရေး ရန်ကုန် ပန်းချီပန်းပုကျောင်း၊ ကျောင်းအုပ်ကြီး ဦးမြတ်ကျော်ထံ အပ်နှံပေးသည်။ ဆယ်တန်းဆက်မတက်တော့ဘဲ ပန်းချီးကျောင်း တက်သည်။ပန်းချီကျောင်းစတက်စဉ် သူ့အသက်မှာ အသက် ၂၃ နှစ် ရှိနေပြီ ဖြစ်သည်။

ပန်းပုပညာတော်သော ပန်းပု ဦးစိုးတင့်ထံ တွင်လည်း ပညာသင်ယူသည်။ပန်းပု အထူးပြုဖြင့် ၁၉၇၁ခုနှစ် မှ ၁၉၇၄ ခုနှစ် အထိ ကျောင်းတက်ခဲ့ပြီး၊ နောက်ဆုံးနှစ် ၁၉၇၄ ခုနှစ်တွင် ရန်ကုန် ပန်းချီပန်းပုကျောင်း၏ "ပန်းပုထူးချွန် ဦးငွေကိုင်ဆု" ရရှိခဲ့သည်။ပန်းချီ၊ ပန်းပု ထူးချွန် ဦးငွေကိုင်ဆု သည် ၁၉၇၁ ခုနှစ်ကစပြီး ရန်ကုန် နှင့် မန္တလေး နှစ်ကျောင်းစလုံးမှ ထူးချွန်သူများအား ရွေးချယ် ပေးအပ်ခဲ့သည့် ဆုဖြစ်သည်။"ပန်းပုထူးချွန် ဦးငွေကိုင်ဆု" ရရှိသူ အချို့မှာ မန်းမြင့်ခိုင်၊ သန်းဝင်းထွန်း၊ ဝင်းမြင့်မိုး၊ မြင့်အောင် (မန်း)၊ ပုဂံမောင်သီဟ (မန်း)၊ မောင်ချို (မန်း)၊ ညွန့်အောင် (မန်း) တို့ ဖြစ်သည်။ ယင်းကာလ ရန်ကုန်ကျောင်းတွင် ကျောင်းအုပ်ကြီးမှာ ဦးမြတ်ကျော် ဖြစ်ပြီး ဦးသုခ (အခြေခံပုံဆွဲ)၊ ဦးဘလုံလေး (စီးပွားရေး)၊ ဦးသိန်းဟန်၊ ဦးအောင်သွင် (ပန်းပု/ယဉ်ကျေးမှုကဇာတ်မှ အဝတ်အစား ဒီဇိုင်းဆရာ) တို့က သင်ကြားပေးကြသည်။

ပန်းချီကျောင်းဆင်းပြီးနောက် အညာတွင် နှစ်နှစ်ခန့် ပန်းပုလိုက်ထုခဲ့သည်။ ရွှေဘိုမြို့၊ မြသိန်းတန်ကျောင်း ဆရာတော်ပုံ၊ ရွှေဘိုနှင့် တမိုင် ဝေးသော ပုသိမ်ကြီးတောရ ဆရာတော်ပုံ၊ ဧရာဝတီမြစ်ရိုး စဉ့်ကူးနယ်ရှိ ဟင်္သာမရွာ၊ ကြက်တူရွေးရွာတို့ရှိ ဘုန်းကြီးကျောင်းတို့တွင် ပန်းပုရုပ်များ ထုလုပ်ခဲ့သည်။သူသည် ပလာစတာရုပ်၊ အင်္ဂတေရုပ်၊ သစ်သားပန်းပုရုပ်များကိုပါ ရွာစဉ်လှည့် ပြုလုပ်ခဲ့သည်။ မန္တလေး ကိုပန်မြ၊ မုံရွာ ဦးသန်းဆိုင် တို့သည် ယင်းကာလက အပြိုင်ထုလုပ်ခဲ့သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့သည်။

အညာမှ ပြန်လာပြီး အိမ်ထောင်ကျ၍ ကျိုက္ကဆံဘုရားတွင် ကိုယ်ပိုင် ပန်းပုဆိုင်ကို နေ့ပိုင်းတွင် ဖွင့်ပြီး၊ ညပိုင်းတွင် အစိုးရ သတင်းစာတိုက်တွင် အလုပ်လုပ်သည်။ ယင်းပန်းပုဆိုင်ကို ၁၁ နှစ်ကြာ ဖွင့်လှစ်ခဲ့သည်။ 

အစိုးရထုတ် လုပ်သား သတင်းစာတိုက် ဖိုတိုလစ်သိုခန်းတွင် ပုံပြင်၊ ပုံကပ် တာဝန်ဖြင့် ၁၇ နှစ် လုပ်ကိုင်ခဲ့သည်။ စာလုံး ပြင်ခြင်း၊ မျဉ်းဆွဲခြင်းတွေကို ဖလင်ပေါ်တွင် လုပ်ပေးရသည်။ သတင်းတပုဒ် အပိတ်အဖွင့် မျဉ်းများ ရေးပေးရသည်၊ စာမှား ပြင်ရသည်။ ပြီးလျှင် ပုံနှိပ်နိုင်ရန် စာဖောင် ဖလပ်တွဲပေးရသည်။သူသည် ဝါဒဖြန့် နိုင်ငံရေး ကာတွန်းများအား ငြင်းပယ်သည်။ ၁၉၈၈ နောက်ပိုင်း ပင်စင်ခံစားခွင့်ကို စွန့်လွှတ်ပြီး၊ အစိုးရအလုပ်မှ ထွက်လာခဲ့သည်။ ယင်းကာလများတွင် လုပ်သားသတင်းစာ အယ်ဒီတာချုပ်များ အဖြစ် ဦးလှမြိုင် (စာရေးဆရာ ကိုဆောင်း)၊ စဝ်ကိုင်ဖ၊ ချစ်ကြည်ရေး ကြည်ညွန့် တို့ လုပ်ကိုင်ခဲ့သည်။

ပန်းချီဆရာကြီးများနှင့် ဆုံရခြင်း

[ပြင်ဆင်ရန်]

စပ်ပန်းချီကို ယဉ်ကျေးမှုကဇာတ်ဌာနမှ စပ်ပန်းချီဆရာ ဦးချောထံမှ သင်ယူခဲ့သည်။ပန်းချီကို ဦးသိန်းဟန်၊ ဦးအမ်တင်အေး၊ ဦးကြည်၊ ဦးဘသောင်း၊ ဆရာတော်ဦးဝက်နှင့် ပန်းပုကို ဦးစိုးတင့်၊ ဦးအောင်သွင် (ပန်းချီပန်းပုကျောင်း)၊ ဦးမောင်ကျော် (ပဲခူးရွှေမော်ဓောဘုရား) အသီးသီးထံတွင် သင်ကြားခဲ့သည်။ []

အချိန်ပြည့် ပန်းချီရေးခြင်း

[ပြင်ဆင်ရန်]

၁၉၉၆ မှ စကာ ပန်းပုလုပ်ငန်းကို ရပ်လိုက်ပြီး၊ ပန်းချီရေးခြင်းကို တောက်လျောက် လုပ်ကိုင်သည်။[] အောက်ဒိုးများကို အုပ်စုဖြင့်၊ တယောက်နှစ်ယောက်ထဲ၊ တဦးတည်း ကြုံသလို ထွက်သည်။ ရေဆေးကို အဓိကထား ရေးခဲ့သည်။ အဲဒီအချိန်က ရေဆေးကို အဓိကထားရေးသည်။ နောက်ပိုင်း ဆီဆေး၊ အက်ခရယ်လစ်တို့ကို လေ့လာယူသည်။ပထမဆုံး တကိုယ်တော်ပြပွဲ (one man show) ကို လောကနတ် အလှပညာဆိုင်ခန်းတွင် ပြုလုပ်ခဲ့သည်။ ဆိုင်ခန်း မန်နေဂျာ ဦးအောင်ထွန်းမှ သန်းဝင်းထွန်း အမည်သုံးရန် အကြံပေးမှုကိုလက်ခံခဲ့ပြီးနောက် ယင်း ပထမအကြိမ် တကိုယ်တော်ပြပွဲမှ စ၍ သန်းဝင်းထွန်း အမည်ကို အသုံးပြုခဲ့ သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]

သားသမီး ၄ ဦးရှိပြီး၊ ဇနီးမှာ ဒေါ်သန်းသန်းဝင်း ဖြစ်သည်။ မိသားစုဖြင့် ရန်ကုန်မြို့တွင် နေထိုင်သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ARTWORKS OF NATURE AND LIFESTYLE: 5-DAY SOLO SHOW AT MYANMAR ART CENTRE mitv (13 March 2022)။ 2 May 2025 တွင် ပြန်စစ်ပြီး။
  2. နိုင်စု (၇ စက်တင်ဘာ ၂၀၂၃). "ပန်းချီဆရာ Mobile သန်းဝင်းထွန်းနှင့် တွေ့ဆုံခြင်း". စံတော်ချိန်သတင်းစာ.
  3. Than Win Tun paintings 2 May 2025 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]
  • AskArt နှင့် Artprice စာမျက်နှာတို့တွင် လေလံဖြင့် "မန္တလေးမှ ဘုန်းကြီးကျောင်း"ဆိုသော ပန်းချီကားကို ရောင်းချထားကြောင်း ၂၀၂၀ ခုနှစ်တွင် ဖော်ပြထားသည်။
  • ၂၀၂၁ တွင် ပြုလုပ်ခဲ့သော တကိုယ်တော်ပြပွဲ အကြောင်း ဗီဒီယိုကို ယူကျု့တွင် ဖော်ပြထားသည်။