ဘလုံလေး၊ ဦး (ပန်းချီ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘလုံလေး၊ ဦး (ပန်းချီ) (၁၉၂၂-၁၉⁠၉၈)[ပြင်ဆင်ရန်]

ပန်းချီဆရာကြီး ဦးဘလုံလေးကို ခရစ် ၁၉၂⁠၂ ခုနှစ်၊ ဇွန်လ (၉)ရက်၊ သောကြာနေ့တွင် အဘ ဦးသီ၊ အမိ ဒေါ်ပုံတို့မှ စစ်ကိုင်းမြို့ တကောင်းရပ်တွင် ဖွားမြင်သည်။ သားသမီးငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သူတော်ဖြစ်သည်။

ဦးဘလုံလေး၏ အစ်ကို ဦးညီစိန်သည် ပန်းဆယ်မျိုးစလုံးတွင် စွယ်စုံကျွမ်းကျင်သူဖြစ်သဖြင့် ဦးဘလုံလေး၏ ပထမဆုံးမြင်ဆရာဖြစ်သည်။ ပန်းချီပညာကို စိတ်ဝင်စားလွန်းသဖြင့် သတ္တမတန်းအောင်မြင်ပြီးကျောင်းမှထွက်ကာ ပန်းချီပညာကို ဆည်းပူးခဲ့သည်။ အစ်ကိုဖြစ်သူ ဦးညီစိန်က မန္တလေးမြို့ရှိ ပန်းချီဆရာကြီး ဦးဘရင်ကလေးထံ ဆက်သွယ်ပေးပို့သဖြင့် ပန်းချီပညာကို သင်ယူလေ့လာခဲ့သည်။

ပိုစတာရေးနည်းကို သုံးနှစ်မျှ လေ့လာသင်ကြားကာ ၁၉၃၇ ခုနှစ်တွင် ရန်ကုန်သို့ ဆင်းခဲ့သည်။ ရန်ကုန်တွင် မိခင်၏မောင်တော်စပ်သည့် ဆရာကြီးမဟာဆွေ၏ ဆက်သွယ်ပေးမှုဖြင့် ပန်းချီဆရာကြီး ဦးဘလုံနှင့် ရင်းနှီးခင်မင်ကာ ထိုဆရာကြီးထံတွင် ပန်းချီပညာကို သင်ယူခဲ့သည်။ ပန်းချီဦးဘလုံလေးသည် ဆရာကြီးထံတွင် တစ်နှစ်ခန့် ပန်းချီပညာများ သင်ယူပြီး မင်းသမီးကောက်ကြောင်း စတင်ရေးခွင့်ရသည်။ ပန်းချီဆရာကြီး ဦးဘလုံထံတွင် စတင်ရေးခွင့်ရသည်။ ပန်းချီဆရာကြီး ဦးဘလုံထံတွင် အပ်သည့် မျက်နှာဖုံးသရုပ်ဖော်ပုံများကို သုံးနှစ်မျှ ကူညီရေးဆွဲခဲ့သည်။ ပုံတူအရေးကောင်းသူတစ်ဦးအဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ပိုစတာ နှင့် မဂ္ဂဇင်းသရုပ်ဖော်လက်ရာများဖြင့် နာမည်ကျော်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ချိန်အထိ ဦးဘလုံထံတွင် ပန်းချီပညာ လေ့လာဆည်းပူးခဲ့သည်။ ယင်းသို့ဆည်းပူးဆဲတွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောကြောင့် ဆရာကြီးဦးဘလုံနှင့် ဝေးကွာခဲ့သည်။ ဆရာကြီးဦးဘလုံ၏ နောက်ဆုံးတပည့်ရင်းအဖြစ် ဆရာ၏ပညာကို လေးမြတ်စွာပူဇော်ရာလည်း ရောက်စေရန်အတွက် ၎င်းအမည်ရင်းကို ဆရာနှစ်ဦးဖြစ်သော ဦးဘရင်ကလေးနှင့် ဦးဘလုံတို့ကို ပေါင်းစပ်ကာ ဘလုံလေး ဟု ပြောင်းလဲခဲ့သည်။

ဦးလေးတော်သူ မဟာဆွေ၏ ဆက်သွယ်မှုကြောင့် ဗလကြီးပွားရေး၊ မြန်မာ့အလင်းနှင့် သူရိယမဂ္ဂဇင်းတို့တွင် သရုပ်ဖော်ပန်းချီများ ရေးဆွဲခွင့်ရခဲ့သည်။ တိုင်းရင်းမေဂျာနယ်တွင် ကဗျာသရုပ်ဖော်ပုံများ၊ အဖြည့်ပုံများမှအစ အတွင်းသရုပ်ဖော်ပုံများအထိ ရေးဆွဲခဲ့သည်။ သရုပ်ဖော်ပန်းချီများ ရေးဆွဲရင်း ကန်တော်မိတ်၊ အောင်မင်္ဂလာ၊ ရန်ကုန်ရုပ်ရှင်တို့၌ ပိုစတာကြီးများ ရေးဆွဲခဲ့ပြီး အေဝမ်းနှင့် နယူးဘားမားတို့တွင် ရုပ်ရှင်ပိုစတာကြီးများ ဆယ်နှစ်ခန့် ရေးဆွဲခဲ့သည်။

၁၉၄၇ ခုနှစ်တွင် စာရေးဆရာမကြီး ခင်နှင်းယု၏ ညီမဖြစ်သူ မကြွယ်ကြွယ်(ဝါးခယ်မ)နှင့် အိမ်ထောင်ကျခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ယဉ်ကျေးမှုကောင်စီ၏ ဘုတ်အဖွဲ့က ခေါ်ယူသဖြင့် ရန်ကုန်ပန်းချီပန်းပုကျောင်း၌ ပန်းချီနည်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် မြန်မာ-ဆိုဗီယက်နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအရ ရုရှားနိုင်ငံ မော်စကို၊ လီနင်ဂရက်၊ တပ်ရှ်ကင့်မြို့ကြီးနှင့် ဂျော်ဂျီယာပြည်နယ်သို့ တစ်လကျော်လှည့်လည်လေ့လာခဲ့သည်။

ပန်းချီဦးဘလုံလေးသည် ပန်းချီနည်းပြအဖြစ် အမှုထမ်းရင်း စာနယ်ဇင်းသရုပ်ဖော်ပုံများနှင့် ပိုစတာများရေးဆွဲခဲ့သည်။ ထိုအချိန်က ပန်းချီ ပန်းပုကျောင်း၏ ကျောင်းအုပ်ကြီးမှာ ဦးမြတ်ကျော်ဖြစ်သည်။ ဦးဘလုံလေးသည် ပန်းချီသင်ကြားပြသရာတွင် အလွန်စိတ်ရှည်သူဖြစ်သည်။ သင်းကြားပြသရာတွင် လက်တွေ့ရေးပြသည်က များသည်။ စာနယ်ဇင်း သရုပ်ဖော် ပန်းချီလက်ရာများကို တိုင်းရင်းမေ၊ သပြေ၊ မြဝတီ၊ သွေးသောက်၊ ရုပ်ရှင်မျက်မှန်၊ ရှုမဝ၊ ပဒေသာ၊ ယုဝတီ၊ ရှေ့သို့၊ ဘာသာရေးမဂ္ဂဇင်း၊ စာစောင်များတွင် မင်ခြစ်ပုံများ၊ ဒီဇိုင်းများ၊ စီပီယာပုံများ၊ ရေဆေးရောင်စုံများရေးခဲ့သည်။ တိုင်းရင်းမေဂျာနယ်နှင့် ဓမ္မပဒစာစောင်တွင် ပင်တိုင်ရေးဆွဲခဲ့သည်။

ရန်ကုန်ပန်းချီပန်းပုကျောင်းတွင် ပန်းချီ(နည်းပြ)ဆရာအဖြစ် အမှုထမ်းပြီး ၁၉၈ဝ ပြည့်နှစ်တွင် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားကာလများတွင် ပိုစတာနှင့် ဆီဆေးကားများ ရေးဆွဲရင်း ၁၉⁠၉၇ ခုနှစ်တွင် နှလုံးရောဂါဖြစ်လာသဖြင့် ဆေးရုံတက်ရောက်ကုသကာ အနားယူခဲ့သည်။ ဦးဘလုံလေးသည် ၁၉⁠၉၈ ခုနှစ်၊ မတ်လ (၇)ရက်၊ စနေနေ့ ညနေ (၆)နာရီ (၄၅)မိနစ်တွင် အမှတ်(၅၈)၊ ဩဘာလမ်း၊ ကျောက်မြောင်း နေအိမ်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ အသက် (၇၃)နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်ကြွယ်⁠ကြွယ်နှင့် သမီးသုံးယောက်၊ သားသုံးယောက် ကျန်ရစ်ခဲ့သည်။