ဝီလီယံ ဟာရှယ်
| ဝီလီယံ ဟာရှယ် | |
|---|---|
| မွေးဖွား | ဖရီဒရစ် ဝီလီယံ ဟာရှယ် ၁၅ နိုဝင်ဘာ၊ ၁၇၃၈ Hanover, Brunswick-Lüneburg, Holy Roman Empire |
| ဆုံးပါး | ၂၅ ဩဂုတ်၊ ၁၈၂၂ (အသက် ၈၃) ဆလောက် အင်္ဂလန် |
| ခေါင်းချရာ | စိန့်လော့ရန့် ချက်ကျောင်း ဆလောက်။ |
| နေထိုင်ရာ | Observatory House |
| နိုင်ငံလူမျိုး | Electorate of Brunswick-Lüneburg; ယူနိုက်တက်ကင်းဒမ်း[၁] |
| နယ်ပယ် | နက္ခတ္တဗေဒ နှင့် ဂီတ |
| ကျော်ကြားမှုအရင်းခံ | ယူရေးနပ်စ်အား တွေ့ရှိမှု အနီအောက်ရောင်ခြည် ဖြာထွက်မှုအား တွေ့ရှိမှု ကောင်းကင် လေ့လာရေး |
| ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ | Copley Meda (၁၇၈၁) |
| အိမ်ထောင်ဘက် | မေရီ ဘဒ်ဝင် ဟာရှယ် |
| ရင်သွေး(များ) | ဂျွန် ဟာရှယ် (သား) |
| လက်မှတ် | |
ဖရီဒရစ် ဝီလီယံ ဟာရှယ် (အင်္ဂလိပ်: Sir Frederick William Herschel[၂][၃]; ၁၅ နိုဝင်ဘာ ၁၇၃၈ – ၂၅ ဩဂုတ် ၁၈၂၂) သည် ဂျာမန်နိုင်ငံဖွား ဗြိတိသျှ နက္ခတ္တဗေဒပညာရှင်နှင့် တေးရေးဆရာ တစ်ဦးဖြစ်သည်။ ဟာရှယ်သည် သူ၏ညီမ နက္ခတ္တပညာရှင် Caroline Lucretia Herschel နှင့် မကြာခဏ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ အသက် ၁၉ နှစ်တွင် သူ့အဖေနောက် စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ဟာရှယ်သည် ၁၇၇၄ ခုနှစ်တွင် သူ၏ ပထမဆုံး တယ်လီစကုပ်ကြီးကို တည်ဆောက်ခဲ့ပြီး ကောင်းကင်ယံ၌ ကြယ်စုံတွဲများကိုလေ့လာရန် ၉ နှစ်ကြာ အချိန်ကုန်လွန်စေခဲ့သည်။ ၁၈၀၂ ခုနှစ်တွင် နက်ဗျူလာများ၏ ကတ်သလောက်စာရင်းကို ထုတ်ဝေခဲ့ပြီး ၁၈၂၀ ခုနှစ်တွင် အရာဝတ္ထုပေါင်း ၅၀၀၀ ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဟာရှယ် ဖော်ထုတ်ခဲ့သည့် Messier catalogue ထဲရှိ နက်ဗျူလာများမှာ အမှန်က ကြယ်အစုအဝေးများဖြစ်ခဲ့သည်။ ၁၇၈၁ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ဟာရှယ်သည် ဂျီမီနီ ကြယ်စုတန်းရှိ အရာဝတ္ထုသစ်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယင်းအရာဝတ္ထုသည် ယူရေးနပ်စ်ဂြိုဟ်ဟု နောင်တွင် အမည်ပေးနိုင်ခဲ့ပြီး အတည်ပြုနိုင်ရန် အခြားနက္ခတ္တဗေဒပညာရှင်များနှင့် ရက်သတ္တပတ်များစွာ အငြင်းအခုံဖြစ်ခဲ့သည်။ ယင်းသည် နှစ်ပေါင်းအတော်ကြာမှ ဂြိုဟ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဟာရှယ်သည် ညတွင်းချင်း နာမည်ကြီးလာခဲ့သည်။ ရလဒ်အနေဖြင့် တတိယမြောက် ဂျော့ဘုရင် (George III) က သူအား နက္ခတ္တပညာရှင် တရားသူကြီးဆု ပေးခဲ့သည်။ သူသည် Fellow of the Royal Society ဆု ခန့်အပ်ခံရပြီး တယ်လီစကုပ်သစ်များတည်ဆောက်ခွင့် ရလာခဲ့သည်။ ဟာရှယ်သည် နက္ခတ္တဆိုင်ရာ ရောင်စဉ်ဓာတ်ပုံတိုင်းပညာ (astronomical spectrophotometry) ၏ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပြီး အနီအောက်ရောင်ခြည်အား ရှာဖွေတွေ့ရှိခဲ့သည်။ ဟာရှယ် လုပ်ဆောင်ခဲ့သောအခြားအလုပ်များမှာ အင်္ဂါဂြိုဟ်၏ လှည်ပတ်ကာလအား ဆုံးဖြတ်ရာတွင် အကူညီပေးခြင်း၊ တိုက်တေနီးယား နှင့် အိုဘရွန် (ယူရေးနပ်စ်ဂြိုဟ်၏ ဂြိုဟ်ရံလများ)၊ အန်ဆဲလ်ဒပ်စ် နှင့် မီမက်စ် (စနေဂြိုဟ်၏ ဂြိုဟ်ရံလများ) တို့ကို ရှာဖွေတွေ့ရှိမှုတို့ဖြစ်သည်။ သူသည် ၁၈၂၂ ခုနှစ် ဩဂုတ်လတွင် ကွယ်လွန်ခဲ့သည်။ သူ၏အလုပ်များကို သူ့သား ဂျွန် ဟာရှယ်က ဆက်လက်လုပ်ဆောင်ခဲ့သည်။
အစောပိုင်း ဘဝနှင့် ဂီတအနုပညာ လှုပ်ရှားမှုများ
[ပြင်ဆင်ရန်]ဟာရှယ်ကို ထိုအချိန်က ဂျာမနီနိုင်ငံရှိ ဂျာမန်လူသာရန်ဘာသာဝင် မိသားစုတစ်စုတွင် မွေးဖွားခဲ့သည်။ ထိုဒေသသည် သန့်ရှင်းသော ရောမအင်ပါယာ၏ အစိတ်အပိုင်းဖြစ်သော ဟန်နိုဗာ ရွေးကောက်ပိုင်နယ်မြေဖြစ်သည်။ သူသည် အီဇက် ဟာရှယ်နှင့် ၎င်း၏ဇနီး အန်နာ အီလ်ဇီ မိုရစ်ဇင်တို့မှ မွေးဖွားလာသော သားသမီး ၁၀ ဦးအနက် တစ်ဦးဖြစ်သည်။ သူ၏ ဘိုးဘေးများသည် ဆက်ဆိုနီနယ်မြေရှိ ပီရ်နာမြို့မှ ဆင်းသက်လာကြသည်။ သူတို့သည် ဘိုဟီးမီးယားဒေသမှ ပရိုတက်စတင့်ဘာသာဝင်များ ဖြစ်ကြသည်ဟူသော ယူဆချက်ကို ဟာမယ်က မေးခွန်းထုတ်ခဲ့သည်။ အကြောင်းမှာ ဟာရှယ်ဟူသော မျိုးရိုးအမည်ကို မိသားစုနေထိုင်ခဲ့သည့် ထိုဒေသတစ်ဝိုက်တွင်ပင် ယင်းမတိုင်မီ ရာစုနှစ်တစ်ခုကတည်းက တွေ့ရှိခဲ့ရသောကြောင့် ဖြစ်သည်။
ဟာရှယ်၏ ဖခင်သည် ဟန်နိုဗာ စစ်တပ်တီးဝိုင်းတွင် အိုဘိုတူရိယာမှုတ်သူတစ်ဦး ဖြစ်သည်။ ၁၇၅၅ ခုနှစ်တွင် ဝီလျံနှင့် ၎င်း၏အစ်ကို ယာကုပ်တို့က အိုဘိုတူရိယာမှုတ်သူများအဖြစ် ပါဝင်ခဲ့သည့် ဟန်နိုဗာအစောင့်တပ်ရင်း၏ တီးဝိုင်းကို အင်္ဂလန်သို့ စေလွှတ်ရန် အမိန့်ပေးခဲ့သည်။ ထိုအချိန်တွင် ဂရိတ်ဗြိတိန်နှင့် ဟန်နိုဗာတို့၏ ဘုရင်ရာထူးကို ဒုတိယမြောက် ဂျော့ချ်ဘုရင်က တစ်ဦးတည်း ပူးတွဲရယူထားသည်။ ပြင်သစ်နှင့် စစ်ဖြစ်လာနိုင်သည့် အန္တရာယ် ပေါ်ပေါက်လာသောအခါ ဟန်နိုဗာကို ကာကွယ်ရန် ဟန်နိုဗာအစောင့်တပ်များကို အင်္ဂလန်မှ ပြန်လည်ခေါ်ယူခဲ့သည်။

ဟာရှယ်တို့၏ တပ်များသည် ဟက်စတင်ဘက်ခ်တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ၁၇၅၇ ခုနှစ် နှောင်းပိုင်းတွင် ဟာရှယ်၏ဖခင် အီဇက်က ၎င်း၏သားနှစ်ဦးကို ခိုလှုံရန် အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။ အစ်ကိုဖြစ်သူ ယာကုပ်သည် ဟန်နိုဗာအစောင့်တပ်မှ နုတ်ထွက်ခွင့် ရရှိထားပြီးဖြစ်သော်လည်း ဝီလျံမှာ တပ်ပြေးမှုဖြင့် စွပ်စွဲခံခဲ့ရသည်။[၄] ထိုစွပ်စွဲချက်အတွက် ၁၇၈၂ ခုနှစ်တွင် တတိယမြောက် ဂျော့ချ်ဘုရင်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။[၅] ထိုအချိန်တွင် အသက် ၁၉ နှစ်သာ ရှိသေးသော ဝီလျံသည် အင်္ဂလိပ်ဘာသာစကားကို လျင်မြန်စွာ သင်ယူတတ်မြောက်ခဲ့သည်။ အင်္ဂလန်တွင် သူသည် မိမိ၏အမည်ကို အင်္ဂလိပ်အသံထွက်နှင့် ကိုက်ညီစေရန် ဖရက်ဒရစ် ဝီလျံ ဟာရှယ် (Frederick William Herschel) ဟု ပြောင်းလဲအသုံးပြုခဲ့သည်။[၆]
အိုဘိုတူရိယာအပြင် ဟာရှယ်သည် တယောနှင့် ဟာ့ပ်စီကော့ဒ်တူရိယာတို့ကိုလည်း တီးခတ်ခဲ့ပြီး နောက်ပိုင်းတွင် အော်ဂန်တူရိယာကိုပါ တီးခတ်ခဲ့သည်။ သူသည် ဆင်ဖိုနီတေးသွား ၂၄ ပုဒ်နှင့် တူရိယာတစ်မျိုးတည်းဖြင့် တီးခတ်ဖျော်ဖြေသည့် တေးသွားများစွာအပြင် ဘုရားကျောင်းသုံး ဂီတလက်ရာအချို့အပါအဝင် ဂီတလက်ရာမြောက်မြားစွာကို ရေးစပ်ခဲ့သည်။ သူ၏ ဆင်ဖိုနီတေးသွား ၆ ပုဒ်ကို မက်သီးယပ်စ် ဘာမတ်၏ ဦးဆောင်ညွှန်ကြားမှုဖြင့် လန်ဒန် မိုဇတ်တေးဂီတအဖွဲ့က ၂၀၀၂ ခုနှစ် ဧပြီလတွင် အသံသွင်းခဲ့သည်။[၇]
သူသည် ၁၇၆၀ ပြည့်နှစ်မှ ၁၇၆၁ ခုနှစ်အထိ ဒါရမ်ခရိုင် ပြည်သူ့စစ်တပ်၏ တီးဝိုင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၇၆၁ ခုနှစ်တွင် ဟာရှယ်သည် ဆန်းဒါးလန်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ချားလ်စ် အေဗီဆန်က သူ့ကို နယူးကာဆယ်မြို့ရှိ ၎င်း၏သံစုံတီးဝိုင်းတွင် ပထမတယောတီးခတ်သူနှင့် တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေသူအဖြစ် ခန့်အပ်ခဲ့ပြီး ဟာရှယ်သည် ထိုသံစုံတီးဝိုင်းတွင် တေးဂီတရာသီတစ်ခုကြာ တီးခတ်ဖျော်ဖြေခဲ့သည်။ ၁၇၆၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် “ဒါရမ်ခရိုင်၊ ဆန်းဒါးလန်းမြို့” ဟု မှတ်တမ်းတင်ထားသည့် နေရာနှင့် ရက်စွဲအောက်၌ သူသည် C မိုင်နာ သံစဉ်ဖြင့် ဆင်ဖိုနီအမှတ် ၈ ကို ရေးစပ်ခဲ့သည်။ ၁၇၆၀ ပြည့်နှစ်တွင် ဒါလင်တန်မြို့အနီးရှိ ဟယ်လ်နာဘီဟောလ်တွင် နေထိုင်သော ဆာ ရာလ်ဖ် မီလ်ဘန့်ခ်၏ နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာတွင် ဆင်ဖိုနီတေးသွားနှစ်ပုဒ်ကို ရေးစပ်ခဲ့သည့်အပြင် ကိုယ်တိုင်လည်း တီးခတ်ဖျော်ဖြေခဲ့သည်။ နယူးကာဆယ်မြို့မှတစ်ဆင့် သူသည် လိဒ်စ်မြို့နှင့် ဟယ်လီဖက်စ်မြို့များသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် စိန့်ဂျွန် နှစ်ခြင်းဆရာတော်ဘုရားကျောင်း (ယခု ဟယ်လီဖက်စ် ဘုရားရှိခိုးကျောင်းကြီး) ၏ ပထမဆုံး အော်ဂန်တီးခတ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၈]:411
၁၇၆၆ ခုနှစ်တွင် ဟာရှယ်သည် ရေပူစမ်းမြို့အဖြစ် လူသိများသော ဘတ်မြို့ရှိ လူကြိုက်များသည့် အဋ္ဌဂံပုံ ဘုရားကျောင်းငယ် (Octagon Chapel) ၏ အော်ဂန်တီးခတ်သူအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုမြို့တွင်ပင် အများပြည်သူဆိုင်ရာ တေးဂီတဖျော်ဖြေပွဲများ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူခဲ့သည်။ သူသည် ၁၇၆၆ ခုနှစ်တွင် အော်ဂန်တီးခတ်သူအဖြစ် ခန့်အပ်ခံရပြီး ၁၇၆၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မိတ်ဆက်ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် အော်ဂန်တူရိယာမှာ မပြီးစီးသေးသော်လည်း ဟာရှယ်သည် မိမိ၏ ဂီတစွမ်းရည်မျိုးစုံကို ပြသနိုင်ရန် ကိုယ်တိုင်ရေးစပ်ထားသော တေးဂီတလက်ရာများကို တီးခတ်ဖျော်ဖြေခဲ့သည်။ ယင်းတို့တွင် တယောတူရိယာဖြင့် တစ်ကိုယ်တော်တီးခတ်သည့် တေးသွား၊ အိုဘိုတူရိယာဖြင့် တစ်ကိုယ်တော်တီးခတ်သည့် တေးသွားနှင့် ဟာ့ပ်စီကော့ဒ်တူရိယာအတွက် ဆိုနာတာတေးသွားတို့ ပါဝင်သည်။ ၁၇၆၇ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် အဋ္ဌဂံပုံ ဘုရားကျောင်းငယ်၏ တရားဝင်ဖွင့်ပွဲအခမ်းအနား၌ သူသည် အော်ဂန်တူရိယာဖြင့် တီးခတ်ဖျော်ဖြေခဲ့သည်။[၉]
သူ၏ညီမ ကယ်ရိုလိုင်းသည် ၁၇၇၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် အင်္ဂလန်သို့ ရောက်ရှိလာပြီး ဘတ်မြို့၊ နယူးကင်းလမ်းရှိ ဝီလျံ၏နေအိမ်တွင် အတူနေထိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး အတူနေထိုင်ခဲ့သော အိမ်သည် ယခုအခါ ဟာရှယ် နက္ခတ္တဗေဒပြတိုက် တည်ရှိရာနေရာ ဖြစ်သည်။ ဟာရှယ်၏ ညီအစ်ကိုများဖြစ်ကြသော ဒီထရစ်ချ်၊ အလက်ဇန္ဒားနှင့် ယာကုပ်တို့သည်လည်း ဘတ်မြို့တွင် ဂီတပညာရှင်များအဖြစ် လှုပ်ရှားခဲ့ကြသည်။ ၁၇၈၀ ပြည့်နှစ်တွင် ဟာရှယ်သည် ဘတ်မြို့ရှိ သံစုံတီးဝိုင်း၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူ၏ညီမ ကယ်ရိုလိုင်းသည်လည်း မကြာခဏ ဆိုပရာနိုအသံဖြင့် တစ်ကိုယ်တော် သီဆိုဖျော်ဖြေခဲ့သည်။[၁၀]
နက္ခတ္တဗေဒ
[ပြင်ဆင်ရန်]၁၇၇၀ ပြည့်လွန်နှစ်များအတွင်း ဟာရှယ်သည် သဘာဝ ဒဿနိကဗေဒဆိုင်ရာ စာအုပ်များကို ဖတ်ရှုလေ့လာခဲ့သည်။ ယင်းက သူ၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများကိုသာမက လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်နှစ်ခုစလုံးတွင် ပိုမိုမြင့်မားသော အဆင့်အတန်းသို့ တက်လှမ်းလိုသည့် ရည်ရွယ်ချက်ကိုလည်း ဖော်ပြနေသည်။ ထိုခေတ်က ယုတ္တိဗေဒနှင့် လက်တွေ့အသုံးချမှုဆိုင်ရာ နယ်ပယ်များစွာကို စိတ်ဝင်စားကြသော “ဒဿနပညာရှင် လူကြီးလူကောင်းများ” သို့မဟုတ် ဗဟုသုတရှာဖွေသူများ (philomaths) နှင့် ဆက်သွယ်ပူးပေါင်းရန် သူ့တွင် အခွင့်အလမ်းကောင်းများ ရှိခဲ့သည်။[၁၁] ဟာရှယ်၏ ဉာဏ်ရည်ဆိုင်ရာ စူးစမ်းလိုစိတ်နှင့် ဂီတအပေါ် စိတ်ဝင်စားမှုတို့က နောက်ဆုံးတွင် သူ့ကို နက္ခတ္တဗေဒနယ်ပယ်သို့ ဦးတည်စေခဲ့သည်။[၁၂] သူ၏ ပထမဆုံး မှတ်တမ်းတင်ထားသော နက္ခတ္တဗေဒလေ့လာတွေ့ရှိချက်ကို ၁၇၆၆ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ ရောဘတ် စမစ်၏ Harmonics, or the Philosophy of Musical Sounds (၁၇၄၉) စာအုပ်ကို ဖတ်ရှုပြီးနောက် တယ်လီစကုပ်တည်ဆောက်နည်းများကို ဖော်ပြထားသည့် စမစ်၏ A Compleat System of Opticks (၁၇၃၈) စာအုပ်ကို ဆက်လက်လေ့လာခဲ့သည်။[၁၃]

ထို့အပြင် ဂျိမ်းစ် ဖာဂူဆန်၏ Astronomy Explained upon Sir Isaac Newton's Principles and Made Easy to Those Who Have Not Studied Mathematics (၁၇၅၆) စာအုပ်ကိုလည်း ဖတ်ရှုခဲ့သည်။ ထိုစာအုပ်တွင် သင်္ချာပညာကို မလေ့လာဖူးသူများအတွက်ပင် ဆာ အိုင်ဆက် နယူတန်၏ နိယာမများကို အခြေခံထားသော နက္ခတ္တဗေဒကို နားလည်လွယ်အောင် ရှင်းပြထားသည်။ ထို့အပြင် ဝီလျံ အီမာဆန်၏ The Elements of Trigonometry (၁၇၄၉)၊ The Elements of Optics (၁၇၆၈) နှင့် The Principles of Mechanics (၁၇၅၄) စာအုပ်များကိုလည်း လေ့လာခဲ့သည်။[၁၁]
ဟာရှယ်သည် ဒေသခံမှန်ပြုလုပ်သူတစ်ဦးထံမှ သင်ခန်းစာများ သင်ယူခဲ့သည်။ လိုအပ်သော ကိရိယာများနှင့် ကျွမ်းကျင်မှုအဆင့်တစ်ခုကို ရရှိပြီးနောက် မိမိကိုယ်တိုင် အလင်းပြန်တယ်လီစကုပ်များကို စတင်တည်ဆောက်ခဲ့သည်။ ၎င်းတို့၏ အဓိကမှန်များကို ပြုလုပ်ရန်အတွက် ကြေးနီနှင့် သံဖြူတို့ကို ရောစပ်ထားသည့် အလင်းပြန်သတ္တု (speculum metal) ကို တစ်နေ့လျှင် ၁၆ နာရီအထိ ကြိတ်ချောတိုက်စားကာ ပွတ်တိုက်တောက်ပြောင်အောင် ပြုလုပ်ခဲ့သည်။ ဤလုပ်ငန်းများတွင် မိသားစုဝင်များ၏ အကူအညီကို ရယူခဲ့ပြီး အထူးသဖြင့် ညီမဖြစ်သူ ကယ်ရိုလိုင်းနှင့် စက်မှုလက်မှုပညာ ကျွမ်းကျင်သော ညီဖြစ်သူ အလက်ဇန္ဒားတို့က ကူညီပေးခဲ့ကြသည်။
၁၇၇၃ ခုနှစ် မေလတွင် သူသည် “ဂြိုဟ်များနှင့် ကြယ်များကို စတင်လေ့လာကြည့်ရှုခဲ့သည်”။[၁၄] ၁၇၇၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် နက္ခတ္တဗေဒဆိုင်ရာ မှတ်တမ်းစာအုပ်ကို စတင်ရေးသားခဲ့ပြီး စနေဂြိုဟ်၏ ကွင်းများနှင့် အော်ရီယွန် ကြီးမားသော နက်ဗျူလာ (Great Orion Nebula, M42) တို့ကို လေ့လာတွေ့ရှိခဲ့သည့် အကြောင်းများကို မှတ်တမ်းတင်ခဲ့သည်။
အင်္ဂလန်နိုင်ငံ၏ တော်ဝင်နက္ခတ္တဗေဒပညာရှင် နီဗီလ် မက်စ်ကလင်းသည် ဟာရှယ်တို့ ဝေါလ်ကော့တ်ဒေသတွင် နေထိုင်စဉ် ၎င်းတို့ထံ လာရောက်လည်ပတ်ခဲ့သည်။ ဟာရှယ်တို့သည် ၁၇၇၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထိုဒေသမှ ပြောင်းရွှေ့ခဲ့ကြသည်။ ၁၇၇၉ ခုနှစ်ရောက်သောအခါ ဟာရှယ်သည် ဆာ ဝီလျံ ဝပ်ဆန်နှင့်လည်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ဝပ်ဆန်က သူ့ကို ဘတ်မြို့ ဒဿနိကဗေဒအသင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဟာရှယ်သည် ထိုအသင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ဝပ်ဆန်၏ အကူအညီဖြင့် မိမိ၏ အသိမိတ်ဆွေအသိုင်းအဝိုင်းကို များစွာချဲ့ထွင်နိုင်ခဲ့သည်။[၁၅] နှစ်အနည်းငယ်အကြာ ၁၇၈၅ ခုနှစ်တွင် ဟာရှယ်ကို ဖီလာဒဲလ်ဖီးယားမြို့ရှိ အမေရိကန် ဒဿနိကဗေဒအသင်း၏ နိုင်ငံတကာအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။[၁၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Hoskin, Michael (June 2013). "The Herschel knighthoods under scrutiny". Astronomy & Geophysics 54 (3): 3.23–3.24. doi:.
- ↑ Hoskin၊ Michael, ed. (2003)။ Caroline Herschel's autobiographies။ Cambridge: Science History Publ.။ p. 13။ ISBN 978-0905193069။
- ↑ William Herschel | Biography, Education, Telescopes, & Facts (in en)။ 2021-09-15 တွင် ပြန်စစ်ပြီး။
- ↑ Hoskin, M. (2004). "Was William Herschel a deserter?". Journal for the History of Astronomy 35, Part 3 (120): 356–358. doi:. Bibcode: 2004JHA....35..356H.
- ↑ Clerke, Agnes M. (1908). A Popular History of Astronomy During the Nineteenth Century, 4th, Adam and Charles Black at Project Gutenberg
- ↑ Wall၊ Wilson (2018)။ A History of Optical Telescopes in Astronomy။ Springer။ p. 158။
- ↑ Music(ian) of the spheres William Herschel and the astronomical revolution (18 October 2009)။ 4 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Barentine၊ John C. (2015)။ The Lost Constellations: A History of Obsolete, Extinct, or Forgotten Star Lore။ Springer။ p. 410။ ISBN 978-3319227955။
- ↑ Macpherson၊ Hector Copland (1919)။ Herschel။ London & New York: Society for Promoting Christian Knowledge; Macmillan။ p. 13။ 4 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Schaarwächter၊ Jürgen (2015)။ Two Centuries of British Symphonism: From the beginnings to 1945။ Olms: Verlag။ ISBN 978-3487152288။ 4 June 2018 တွင် ပြန်စစ်ပြီး။
- 1 2 "Philomaths, Herschel, and the myth of the self-taught man" (25 June 2014). Notes and Records 68 (3): 207–225. doi:. PMID 25254276.
- ↑ Cunningham၊ Clifford J.။ The Scientific Legacy of William Herschel။ Springer။ p. 241။
- ↑ Sir William Herschel British-German astronomer။ 4 June 2018 တွင် ပြန်စစ်ပြီး။
- ↑ Levy၊ David H. (1994)။ The Quest for Comets An Explosive Trail of Beauty and Danger။ Boston: Springer US။ p. 38။ ISBN 978-1489959980။ 17 May 2018 တွင် ပြန်စစ်ပြီး။
- ↑ "The Bath Philosophical Society and its influence on William Herschel's career" (2012). Culture and Cosmos 16: 45–42. doi:.
- ↑ APS Member History။ 14 December 2020 တွင် ပြန်စစ်ပြီး။