အဝေးကြည့်မှန်ပြောင်း

ဝီကီပီးဒီးယား မှ
(တယ်လီစကုပ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
၁၀၀ လက်မ (၂.၅၄ မီတာ) ရှိသော အလင်းပြန် တယ်လီစကုပ်

တယ်လီစကုပ် (အင်္ဂလိပ်: Telescope) ခေါ် နက္ခတာရာကြည့်မှန်ပြောင်းသည် အလွန်ကွာလှမ်းနေသော နေရာရှိ အရာဝတ္ထုများကို ပုံကြီးချဲ့၍မြင်နိုင်သော ကိရိယာဖြစ်သည်။ နက္ခဗေဒပညာရှင်များသည် တယ်လီစကုပ်များကို အသုံးပြု၍ စကြာဝဠာအတွင်းရှိ အရာဝတ္ထုများကို ကြည့်ရှုလေ့လာကြသည်။ ပထမဦးဆုံး တယ်လီစကုပ်ကို ဒတ်ခ်ျ လူမျိုး မျက်မှန်နှင့် မှန်ပြောင်းများ ပြုလုပ်သူ Hans Lippershey က ၁၆၀၈ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် အီတလီလူမျိုး ဂယ်လီလီယိုက တယ်လီစကုပ်တစ်ခု ထပ်မံပြုလုပ်ခဲ့သည်။ ဂယ်လီလီယို ၏ မှန်ပြောင်းသည် အလွန် ဝေးကွာသောအရပ်ရှိ အရာဝတ္ထုများကို ပုံကြီးချဲ့ပေးနိုင်သည့်အတွက် ၎င်းကို အသုံးပြု၍ ဂယ်လီလီယိုသည် စကြဝဠာအတွင်းရှိ အရာဝတ္ထုများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် သူသည် ပေါ်ရှိ တောင်များနှင့် မီးတောင်တွင်းဝများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက်တွင် အရာဝတ္ထုများမှ အလင်းပြန်သော အလင်းတန်းများကို ဖမ်းယူ၍ ပုံနှိပ်ဖေါ်ပေးသည့် အလင်းပြန် တယ်လီစကုပ်များ ပေါ်ထွက်လာသည်။ ဤတယ်လီစကုပ် အမျိုးအစားကို ပထမဦးဆုံး တီထွင်ပြုလုပ်ခဲ့သူမှာ ဆာအိုင်ဇက် နယူတန် ဖြစ်သည်။ ဤမှန်ပြောင်းအမျိုးအစားတွင် လေးလံသော ပြောင်းရှုသံတစ်ခုပါရှိပြီး ကြည့်သည့်အရာဝတ္ထနှင့် နီးသည့်ဘက်တွင် မှန်ဘီလူးတစ်ခု တပ်ဆင်ထားကာ ကျန်တစ်ဘက်တွင် အခြားမှန်ဘီလူးတစ်ခုကို တပ်ဆင်ထားသည်။ မှန်ဘီလူးအသေးကို မှန်ဘီလူးအကြီးနှင့် ၄၅ ဒီဂရီ စောင်း၍တပ်ဆင်ထားသည်။ ဝေးကွာသောအရပ်ရှိ အရာဝတ္ထုမှာလာသော အလင်းတန်းသည် ပထမ မှန်ဘီလူးအကြီးကို ကျော်ဖြတ်၍ မှန်ဘီလူးအသေးပေါသို့ အလင်းပြန်စေသည်။ ထိုအလင်းတန်းများကို မှန်ဘီလူးအသေးက ကြည့်ရှုသူ၏ မျက်စိသို့ ထပ်ဆင့်အလင်းပြန်စေခြင်းဖြင့် အရာဝတ္ထုကို ပုံကြီးချဲ့၍ မြင်ရခြင်းဖြစ်သည်။

ယခုခေတ်ကာလတွင် နောက်ဆုံးတီထွင်ထားသော တယ်လီစကုပ်မှာ ဟပ်ဘယ်လ် အာကာသ တယ်လီစကုပ် ဖြစ်ပြီး ၎င်းသည် အလွန်မှုံဝါးသော အလင်းတန်းများကိုပင် ဖမ်းယူနိုင်ကာ အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

အဝေးကြည့်မှန်ပြောင်း တယ်လီစကုပ်ကို တီထွင်နိုင်ရန်အတွက် ရှေးဦးစွာ အကြံရခဲ့သူမှာ အင်္ဂလိပ်လူမျိုး တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင် ရော်ဂျာဘေကွန် (Roger Bacon) (၁၂၁၄-၁၂၉၄) ဖြစ်ပါသည်။ ရော်ဂျာဘေကွန်သည် ၁၂၆၀-ခန့်တွင် Opus Majus အမည်ရှိ ကျမ်းတစောင်ကို ပြုစုခဲ့ပါသည်။ ထိုကျမ်းတွင် ဘေကွန်က မှန်ဘီလူးများကို အဆင့်ဆင့် အသုံးပြုခြင်းဖြင့် အဝေးတွင်ရှိနေသော ပစ္စည်းများကို ပြတ်သားစွာ မြင်တွေ့အောင် ပြုလုပ်နိုင်ကြောင်း ရေးသားခဲ့ပါသည်။ ထို့အပြင် မျက်မှန်အတွက် အခြေခံဖြစ်သော အချက်အလက်များကိုလည်း တင်ပြခဲ့ပါသည်။ သို့သော် ရော်ဂျာဘေကွန်သည် အဝေးကြည့်မှန်ပြောင်းကို လက်တွေ့ပြုလုပ်ခဲ့ခြင်း မရှိပါ။

အဝေးကြည့် မှန်ပြောင်းကို အမှန်တကယ် စတင်အသုံးပြုခဲ့သူမှာ ဟော်လန်နိုင်ငံသား ဟန်းစ်လစ်ပါရှေး (Hans Lippershey) ဖြစ်ပါသည်။ ၁၆၀၈-ခုနှစ်တွင် လစ်ပါရှေးသည် မှန်ဘီလူးခုံးတခုနှင့် မှန်ဘီလူးခွက် တခုကို အသုံးပြုပြီး အဝေးကြည့်မှန်ဘီလူးတခုကို စတင်ပြုလုပ်ခဲ့ပါသည်။ သူ၏တီထွင်မှုမှာ အာကာသ သုတေသနလုပ်ငန်းအတွက်မဟုတ်ဘဲ စစ်တိုက်ရာတွင် အသုံးပြုရန်အတွက်သာ ဖြစ်ပါသည်။ ထိုအချိန်တွင် ဥရောပတိုက်၌ မှန်သွေးခြင်းပညာ ကောင်းစွာပျံ့နှံ့နေပြီ ဖြစ်ရကား လစ်ပါရှေး၏ အဝေးကြည့်မှန်ပြောင်းမှာ ခဏတာအတွင်း ဥရောပတိုက်အတွင်း ပျံ့နှံ့သွွှားခဲ့ပါသည်။

အဝေးကြည့်မှန်ပြောင်းကို အာကာသသုတေသန လုပ်ငန်းအတွက် စတင်အသုံးပြုခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဂယ်လီလီယို (Galileo Galilei) (၁၅၆၄-၁၆၄၂) ဖြစ်ပါသည်။ ဂယ်လီလီယိုသည် ၁၆၀၉-ခုနှစ်တွင် ဟော်လန်နိုင်ငံ၌ တယ်လီစကုပ်ခေါ် အဝေးကြည့်မှန်ပြောင်း ပေါ်နေပြီဖြစ်ကြောင်း သတင်းစကားကြားသိပါသည်။ ပါရမီရှင် ဂယ်လီလီယိုသည် ထိုအဝေးကြည့်မှန်ပြောင်းကို မတွေ့မြင်ဘူးဘဲ သူကိုယ်တိုင် အဝေးကြည့်မှန်ပြောင်းတလက်ကို တီထွင်လိုက်ပါသည်။ သူတီထွင်သော အဝေးကြည့် မှန်ပြောင်းမှာ လစ်ပါရှေး၏မှန်ပြောင်ထက် ပိုမိုကောင်းမွန်နေပါသည်။

ဂယ်လီလီယိုသည် သူတီထွင်သော တယ်လီစကုပ်ဖြင့် ညအခါများတွင် ကောင်းကင်ကိုကြည့်ရှုလေ့လာ နေခဲ့ပါသည်။ ထိုသို့လေ့လာရင်း ဂယ်လီလီယိုသည် နက္ခတ္တဗေဒအတွက် အရေးပါသော တွေ့ရှိချက် များစွာကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဂယ်လီလီယိုသည် သူ၏မှန်ပြောင်းကို အသုံးပြုပြီး လ၏မျက်နှာပြင်သည် ညီညာပျံ့ပျူးမှုမရှိဘဲ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေကြောင်း၊ နဂါးငွေ့တန်းဂလက်ဆီဆိုသည်မှာ ကြယ်ပေါင်းများစွာ စုဖွဲ့ထားခြင်းဖြစ်ကြောင်း၊ နေတွင်အကွက်များရှိနေကြောင်း၊ ဂျူပီတာခေါ် ကြာသပတေးဂြိုဟ်တွင် ဂြိုဟ်ရံ လ ၄-စင်းရှိကြောင်း (အမှန်မှာ ကြာသပတေးဂြိုဟ်တွင် ဂြိုဟ်ရံ လ ၆၃-စင်း ရှိပါသည်။ ဂယ်လီလီယို မြင်တွေ့ခဲ့ သည်မှာ အကြီးဆုံးဂြိုဟ်ရံ လ လေးစင်းဖြစ်ပြီး ၄င်းတို့ကို ဂယ်လီလီယိုအား ဂုဏ်ပြုသောအားဖြင့် ဂယ်လီလီယို လများ Galilean moons ဟု တင်စားခေါ်ဝေါ်နေကြပါသည်။) ဂြိုဟ်များတွင် ကိုယ်ပိုင် အလင်းရောင်မရှိဘဲ နေ၏အလင်းကို ရောင်ပြန်ဟပ်သဖြင့် လင်းနေခြင်းဖြစ်ကြောင်း စသည့်အချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့ပါသည်။

အထင်ရှားဆုံးမှာ သူ့ရှေ့က ကော်ပါးနီးကပ်စ် အဆိုပြုခဲ့သော နေကို ဗဟိုပြုပြီး အခြားဂြိုဟ်များက လှည့်ပတ် နေကြသည်ဆိုသော နေဗဟိုပြုအယူအဆကို သက်သေပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့သော် ခရစ်ယာန် အယူသည်းများ လွှမ်းမိုးသော တရားရုံးက ဂယ်လီလီယိုအား သမ္မာကျမ်းစာပါ အချက်များကို ဆန့်ကျင်သည်ဟူသော အကြောင်းပြချက်ဖြင့် ခုံရုံးတင်တရားစွဲဆို ခံခဲ့ရပါသည်။

၁၆၆၃-ခုနှစ်တွင် စကော့တလန်လူမျိုး နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ်ဂယ်ရီဂိုရီက မှန်ဘီလူးပုံစံ အသစ်တမျိုးကို တီထွင်ခဲ့ပါသည်။ သူ၏မှန်ဘီလူးမှာ ဂယ်လီလီယိုကဲ့သို့ အလင်းယိုင်ခြင်းကို အခြေခံထားခြင်း မဟုတ်ဘဲ အလင်းပြန်ခြင်းသဘောကို အခြေခံထားပါသည်။ ဂယ်လီလီယို၏ မှန်ပြောင်းကို အလင်းယိုင်မှန်ပြောင်းအမျိုးအစား (refractor) ဟုခေါ်ဆိုပြီး ဂယ်ရီဂိုရီမှန်ပြောင်းကို အလင်းပြန်မှန်ပြောင်း အမျိုးအစား (reflector) ဟုခေါ်ဆိုကြပါသည်။

၁၆၈၈-ခုနှစ်တွင် သိပ္ပံပညာရှင်ကြီး နယူတန်က ဂယ်ရီဂိုရီ၏ အလင်းပြန်တယ်လီစကုပ်ကို အခြေခံ၍ ပိုမိုကောင်းမွန်သော အလင်းပြန်မှန်ဘီလူးများကို တီထွင်လိုက်ပါသည်။ ဂယ်လီလီယို၏ တယ်လီစကုပ်မှာ အဆ ၂၀-ခန့်သာ ချဲ့နိုင်သော်လည်း နယူတန်၏ တယ်လီစကုပ်မှာ အဆ ၁၀၀-နီးပါး ချဲ့ထွင်ကြည့်ရှု နိုင်ပါသည်။

၁၈၀၀-ပြည့်နှစ်ခန့်တွင် အိုင်းရင်းလူမျိုး နက္ခတ္တဗေဒပညာရှင် ဝီလျံပါဆင်က အပေါက်၀အချင်း ၇၂-လက်မ ရှိသော တယ်လီစကုပ်ကို စတင်တီထွင်ခဲ့ပါသည်။ အဆိုပါ တယ်လီစကုပ်သည် နောက်ပိုင်းတွင် ပေါ်ပေါက်လာမည့် စူပါတယ်လီစကုပ်များ၏ အစပင် ဖြစ်ပါသည်။ ပါဆင်၏ တယ်လီစကုပ်မှာ ၁၉၁၇-အထိ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်အဖြစ် တည်ရှိခဲ့ပါသည်။

၁၉၁၇-ခုနှစ်တွင် ဝီလဆင်တောင်ကုန်းပေါ်၌ အပေါက်၀ အချင်းလက်မ ၁၁-ရှိသော ဟွတ်ကာတယ်လီစကုပ်ကို တည်ဆောက်နိုင်ခဲ့ပါသည်။ ၄င်းသည် အလွန် ကွာဝေးသော နဂါးငွေ့တန်း ဂလက်ဆီများအတွင်းရှိ လှည့်လည်နေသောကြယ်များကို လှမ်းကြည့်နိုင်လောက်အောင် အင်အား ကောင်းမွန်ခဲ့ပါသည်။ ဤတယ်လီစကုပ်ကြောင့် စကြ၀ဠာကြီးတွင် နဂါးငွေတန်းဂလက်ဆီများ မရေမတွက်နိုင်အောင် ရှိနေကြောင်း သိရှိလာရပါသည်။

၁၉၄၈ တွင် ဟေလီတယ်လီစကုပ် ပေါ်ပေါက်လာပါသည်။ ၄င်းမှန်ပြောင်းကို အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ ပါလိုမာတောင်ထိပ်ပေါ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၄၈-ခုတွင် ပြီးစီးခဲ့ပါသည်။

ဟေလီမှန်ပြောင်းသည် ကမ္ဘာ့အကြီးဆုံးအဝေးကြည့်မှန်ပြောင်းအဖြစ် နှစ်ပေါင်း ၅၀-ခန့် တည်ရှိခဲ့ပါသည်။ မှန်ပြောင်းကြီးတခုလုံး၏ အလေးချိန်မှာ မက်ထရစ်တန် ၄၈၀-ဖြစ်ပြီး မှန်ဘီလူးအပေါက်၀ အကျယ်မှာ လက်မ ၂၀၀-ဖြစ်ပါသည်။ မှန်ဘီလူးမှန်တခုတည်း၏ အလေးချိန်မှာ ၁၃-တန် လေးပါသည်။ အဆိုပါ မှန်ဘီလူးကြီးကို အဝေးကြည့်မှန်ပြောင်းအဖြစ်သာမက ဓာတ်ပုံရိုက်ယူရန်အတွက်၄င်း၊ အလွန်ဝေးကွာသော ကြယ်တာရာများက ထုတ်လွှတ်နေသည့် လျှပ်စစ်သံလိုက်လှိုင်းများကို ဖမ်းယူရန်အတွက်၄င်း၊ အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။ ဤမှန်ပြောင်းကြီးကို အသုံးပြု၍ ကျွန်ုပ်တို့နေထိုင်ရာ စကြ၀ဠာကြီးသည် ဘေးသို့ တဖြည်းဖြည်း ပျံ့ကားနေကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ ထို့အပြင် ကွာဆာခေါ် အလင်းလွှတ် ပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါသည်။

ယခုအချိန်အထိ အကြီးဆုံးအဝေးကြည့်မှန်ပြောင်းမှာ အမေရိကန်ပြည်ထောင်စု အရီးဇိုနားပြည်နယ် ဂရေဟမ်တောင်ကုန်းပေါ်တွင် တည်ဆောက်ထားသော တယ်လီစကုပ်ပင် ဖြစ်ပါသည်။ ၄င်းသည် ဘိုင်နိုကူလာခေါ် နှစ်လုံးပြူတယ်လီစကုပ်ကြီး ဖြစ်ပြီး မှန်ဘီလူးအပေါက်၀အချင်းမှာ ၁၁.၈ -မီတာရှိပါသည်။ ၄င်းကို ၂၀၀၇-ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။[၁]

အဝေးကြည့်မှန်ပြောင်း အမျိုးအစားများ[ပြင်​ဆင်​ရန်​]

ရှေးအခါက လူတို့သည် နက္ခတ်တာရာများကို သာမန် မျက်စိများဖြင့်သာလျှင် ကြည့်ကြရသဖြင့် မြင်ရသော နက္ခတ်တာရာ အရေအတွက်မှာ အလွန်ပင် နည်းလေသည်။ ထိုမြင်ရသမျှ နက္ခတ်တာရာတို့၏ သဘာဝကိုလည်း ကွဲကွဲပြားပြား မသိရပေ။ အဝေးကြည့်မှန်ပြောင်း (တယ်လီစကုပ်)များ ပေါ်လာသောအခါမှ နက္ခတ်တာရာအမြောက်အမြားကို တိုး၍မြင်လာကြပြီးလျှင် ထိုနက္ခတ်တာရာများ၏ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာနိုင်လာကြသည်။ အဝေးကြည်မှန်ပြောင်းများသာ ပေါ်ပေါက်လာခြင်းမရှိက ကောင်းကင်လောကအကြောင်းကို လွန်ခဲ့သောအနှစ် ၃ဝဝ လောက်က လူများ သိရှိသမျှထက်ပို၍ ကျွန်ုပ်တို့လည်းယခုအခါ သိရှိကြဦးမည် မဟုတ်ချေ။

Optical telescope[ပြင်​ဆင်​ရန်​]

အလင်းကို အသုံးပြုထားသော အဝေးကြည့်မှန်ပြောင်းများကို ပြုလုပ်ထားပုံမှာ အရင်းခံအားဖြင့် အကြောင်းနှစ်ရပ်ရှိသည်။ ထိုအကြောင်းနှစ်ရပ်မှာ ကြည့်လိုသော အရာဝတ္ထုမှ အလင်းတို့ကို ဆုံချက်တွင် ကျရောက်စေ၍ ပုံရိပ် ထင်စေရန်နှင့် ထိုပုံရိပ်ကို အကြီးချဲ့၍ မျက်စိဖြင့်မြင်နိုင်စေရန် တို့ ဖြစ်သည်။ ထိုအတွက် အလင်းလုံသောပြောင်းရှည်၏ ထိပ် တစ်ဖက်တွင် ပုံဖမ်းမှန်ဘီလူးခေါ် မှန်ဘီလူးခုံး၊ သို့မဟုတ် အလင်းပြန်မှန်ဘီလူးခေါ် မှန်ဘီလူးခွက်တစ်ခုခုကို တပ်ထား၍ ကြည့်လိုသော အရာဝတ္ထုမှ အလင်းတန်းတို့ကို ဆုံချက်၌ ကျရောက်စေကာ ထင်ရှားသောပုံရိပ်ကို ထင်စေသည်။ မှန်ဘီလူးခုံးကို အသုံးပြုသော အဝေးကြည့်မှန်ပြောင်းဖြစ်လျှင် အလင်းယိုင် (အဝေးကြည့်) မှန်ပြောင်းဟုခေါ်၍ အလင်းပြန်မှန်ခွက်ကို အသုံးပြုသော အဝေးကြည့်မှန်ပြောင်းကိုမူ အလင်းပြန် (အဝေးကြည့်) မှန်ပြောင်းဟု ခေါ်သည်။ ထိုနောက် ထင်လာသော ပုံရိပ်ကို အကြီးချဲ့၍ မျက်စိဖြင့် မြင်နိုင်စေရန်အတွက် မှန်ပြောင်း၏ ကျန်ထိပ်တစ်ဖက်တွင် မှန်ဘီလူးတစ်ခု တပ်ထားပြန်သည်။ ထိုမှန်ဘီဘူးကို ကြည့်မှန်ဘီလူးဟု ခေါ်၏။ အဝေးကြည့်မှန်ပြောင်း နှစ်မျိုးအနက် အလင်းယိုင်မှန်ပြောင်းက အလျင် ပေါ်ခဲ့ လေသည်။

ဂယ်လီလီယန် တယ်လီစကုပ်ဟု ခေါ်စမှတ်ပြုသော အလင်းယိုင် မှန်ပြောင်းတွင် ကြည့်ရန်ချိန်၍ထားသော အရာဝတ္ထုမှ အလင်းတန်းတို့သည် မှန်ပြောင်းအတွင်းသို့ ပုံဖမ်းမှန်ဘီလူးကို ဖြတ်၍ ဝင်ကြသည်။ မှန်ဘီလူးခုံး၏ အလင်းတန်း ဆုံချက် နေရာတွင် ထိုအရာဝတ္ထု၏ ပုံရိပ်သည် ထင်လာ၏။ ထိုမှတစ်ဖန် ပုံရိပ်ကို ကြည့်မှန်ဘီလူးဖြင့် အကြီးချဲ့၍ ကြည့်ရသည်။ မှတ်သားထားရန် အချက်မှာ ခုံးမှ ဖြတ်ဝင်သော အလင်းတန်းများသည် ကြည့်မှန်ဘီလူးမှ ပုံဖမ်းမှန်ဘီလူးမှ ထွက်သွားသော ပြက်အားဖြင့် ကျုံ့သွားသည်။ ထိုကြောင့် မျက်စိထဲသို့ ဝင်ရောက်သော အလင်းတန်းများသည် သာမန်မျက်စိဖြင့် ကြည့်စဉ်ကထက် အဝေးကြည့် မှန်ဘီလူးမှ ထွက်သွားသောအခါ ပြက်အားဖြင့် ကျုံ့သွားသည်။ ထိုကြောင့် မျက်စိထဲသို့ ဝင်ရောက်သော အလင်းတန်းများသည် သာမန်မျက်စိဖြင့် ကြည့်စဉ်ကထက် အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်ချိန်တွင် ပိုမိုများပြားစွာ ဝင်ရောက်သဖြင့် အရာဝတ္ထု၏ တောက်ပခြင်းကို ပို၍ ထင်းလင်းစွာ မြင်ရ၏။ ဤအကြောင်းကြောင့်ပင်လျှင် ကျွန်ုပ်တို့သည် ကောင်းကင်မှကြယ်ကို အဝေး ကြည့်မှန်ပြောင်းဖြင့် ကြည့်သောအခါ ကြယ်ရောင်ပို၍ တောက်ပကြည်လင်သည်ကို တွေ့ရခြင်း ဖြစ်သည်။

ရှေးခေတ် အလင်းယိုင်မှန်ပြောင်းများတွင် ပုံရိပ်သည် ပြတ်သားစွာ မထင်ပဲ ဝိုးတိုးဝါးတားဖစ်နေခဲ့သည်။ ယင်းသို့ဖြစ် ရသည်မှာ ချို့ယွင်းချက် နှစ်ရပ်ကြောင့် ဖြစ်၏။ ချို့ယွင်းချက်တစ်ရပ်မှာ မှန်ဘီလူး၏ အနားစွန်းနှင့် အလယ်ပိုင်းမှ ဖြတ်ဝင်သော အလင်းတန်းများသည် ဆုံချက်တစ်နေရာတည်းတွင် မကျရောက်ခြင်းဖြစ်၍ ဒုတိယချို့ယွင်းချက်မှာ အလင်းရောင်တွင် ပါဝင်သော ရောင်ခြည်အပြာနှင့် ရောင်ခြည်အနီတို့ ဆုံချက် ကွဲလွဲခြင်းပင် ဖြစ်လေသည်။

ထိုချို့ယွင်းချက်များရှိခြင်းကြောင့် အလင်းယိုင် တယ်လီစကုပ်ကို လက်ဦးတွင် အသုံးနည်းခဲ့ပေသည်။ သို့သော်နောင် နှစ်ပေါင်း ၁၅ဝ ခန့်ကြာသောအခါ ပုံဖမ်းမှန်ဘီလူးနေရာတွင် မှန်ဘီလူးတစ်ခုတည်းကို မသုံးဘဲ ကရောင်းဖန်နှင့် ပြုလုပ်ထားသော မှန်ဘီလူးခွက်ကို အတွင်းဘက်ကထားကာ မှန်ဘီလူးနှစ်ခုပူးကို အသုံးပြု ခြင်းဖြင့် အထက်ပါ ချို့ယွင်းချက်များ ပပျောက်နိုင်ကြောင်းကို အင်္ဂလိပ်လူမျိုး မျက်မှန်ဆရာတစ်ဦးက တွေ့ရှိလာလေသည်။ အလင်းယိုင်မှန်ပြောင်းတွင် အလင်းပြန် မှန်ပြောင်းထက်သာသော အချက်တစ်ရပ်ရှိရာ ထိုအချက်မှာ အနေအထားကျအောင် တစ်ကြိမ်တစ်ခါ ပြင်ဆင်ထားလျှင် နောက်ထပ်ပြုပြင်ပေးရန် မလိုတော့ဘဲ စိတ်ချစွာ သုံးစွဲနေနိုင်သောအချက် ဖြစ်လေသည်။

နယူတန်သည် အလင်းပြန်မှန်ပြောင်းကို ခရစ်နှစ် ၁၆၆၆ မှ ၁၆၆၉ ခုနှစ်အတွင်းက တီထွင်ခဲ့သည်။ နျူတန် စတင်တီထွင် သဖြင့် တစ်ခါတစ်ရံ အလင်းပြန်မှန်ပြောင်းကိုလည်း နျူတိုနီယန် တယ်လီစကုပ်ဟု ခေါ်စမှတ်ပြုကြသည်။ ထိုအဝေးကြည့် မှန်ပြောင်းတွင် အလင်းတန်းများသည် ပြောင်းထဲသို့ အလျား လိုက် ဝင်ပြီးနောက် အလင်းပြန်မှန်ခွက်ပေါ်သို့ ကျရောက်သည်။ ထိုမှန်ခွက်မှတစ်ဖန် အလင်းတန်းတို့ကို ကတော့ ပုံသဏ္ဌာန်ဖြစ်စေ၍ သုံးမြှောင်ဖန်တုံးက တစ်ဖန်လာဟပ်သော အလင်းတန်းတို့ကို ပြောင်းဘေး၌ တပ်ဆင်ထားသော ကြည့်မှန်ဘီလူးသို့ ထောင့်မှန်ကျအတိုင်း လမ်းပြောင်းပေးလိုက်ပြန်သည်။ အလင်းပြန် မှန်ပြောင်းတွင် ပထမပေါ်ခါစ အလင်းယိုင်မှန်ပြောင်း၌ တွေ့ကြုံခဲ့ရသော အလင်းတန်းတို့ ဆုံချက်ကွဲလွဲသည့် ချို့ယွင်းချက်မှ ကင်းလွတ်၏။ သို့ရာတွင် ကြည့်မှန်ဘီလူးကို ပြောင်းဘေး၌ တပ်ဆင်ထားခြင်းကြောင့် ကြည့်ရှုသူအား အနေရခက်စေလေသည်။ နျူတိုနီယန် အလင်းပြန် မှန်ပြောင်းအပြင် ကက်ဆီဂရေးယန်း တယ်လီစကုပ်ဟု ခေါ်သော အလင်းပြန် မှန်ပြောင်းတစ်မျိုး ရှိသေး၏။ ထိုအဝေးကြည့်မှန်ပြောင်းတွင် အလင်းပြန်မှန်ခွက်မှ ကတော့ပုံသဏ္ဌာန်အရောင်ဟပ်လိုက်သော အလင်းတို့ကို အခြားအစွန်းအနီး၌ တပ်ဆင်ထားသော အခြားကြည့်မှန်ခွက်က ခံယူပြီးနောက် ပထမ အလင်းပြန်မှန်ခွက် ဗဟိုချက်ရှိ အပေါက်မှနေ၍ ကြည့်မှန် မှန်ဘီလူးသို့ ပြန်ဟပ်သွားစေလေသည်။

နက္ခတ်မျှော်စင်များတွင် အလင်းယိုင်နှင့်အလင်းပြန်မှန် ပြောင်း နှစ်မျိုးလုံးကိုပင် တပ်ဆင် အသုံးပြုကြသည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ အကြီးဆုံးသော တာရာကြည့် အဝေးကြည့် မှန်ပြောင်းများမှာ အလင်းပြန် မှန်ပြောင်းများတို့သာ များပေသည်။ အလင်းပြန် မှန်ပြောင်း၌ ရှိသော ချို့ယွင်းချက်တစ်ခုမှာ အလင်းပြန် မှန်ခွက်သည် ကြာလျှင် အရောင်မှိန်သွားလေ့ရှိ သည့်အတွက် အစဉ်သဖြင့် အရောင်တောက်ပြောင်၍ နေစေရန် ပြုပြင်ပေးနေရခြင်းပင်ဖြစ်၏။ အလင်းပြန်မှန်ခွက်သည် သတ္တုနှင့် ပြုလုပ်ထားသော ခွက်ဖြစ်လျှင် အရောင် တင်ပေးရ၍၊ ဖန် ဖြစ်ခဲ့လျှင် ပြဒါးပြန်လည် သုတ်ပေးရလေသည်။

အဝေးကြည့်မှန်ပြောင်းကို ယခုအခါ သူ့နေရာနှင့်သူ ဆီလျော်အောင် ပြုပြင်၍ နေရာအနှံ့အပြား၌ အသုံးပြုလျက် ရှိသည်။ ခေတ်မှီအမြောက်နှင့် သေနတ်များမှာပင် မြင်ကွင်းချိန် ကိရိယာအနေနှင့် အသုံးပြုထားသည်ကို တွေ့ရသည်။ သို့သော်လည်း တာရာကြည့် အဝေးကြည့်မှန်ပြောင်းနှင့် သာမန်အဝေးကြည့်မှန်ပြောင်းနှစ်မျိုး၏ ခြားနားချက်မှာ တာရာကြည့် အဝေးကြည့်မှန်ပြောင်းတွင် အရာဝတ္ထု ပုံရိပ်သည် ပြောင်းပြန်ထင်၍ သာမန်အဝေးကြည့်မှန်ပြောင်းများတွင်မူ ပြောင်းပြန်ထင်သော ပုံရိပ်ကို တစ်ဖန်ပြန်၍ မူလဝတ္ထုပုံအတိုင်း အနေ မှန်မြင်ရ အောင် မှန်ပြောင်းအတွင်း၌ မှန်ဘီလူးအပိုများ တပ်ဆင်ပေး ထားလေသည်။ မြင်းပြိုင်ပွဲများ၌ အသုံးပြုလေ့ရှိသော မြေပြင် ကြည့်မှန်ပြောင်း ခေါ် နှစ်လုံးပြူးမှန်ပြောင်းမှာ ကြည့်မှန်ဘီလူး များနေရာ၌ မှန်ဘီလူးခွက်များ တပ်ဆင်ထားသော သာမန် အဝေးကြည့်မှန်ပြောင်း ငယ်ငယ်နှစ်ခုတွဲ ဖြစ်၏။ အဝေးကြည့် မှန်ပြောင်းအငယ်စားများအနက် ခေတ်အစားဆုံးနှင့် စွမ်းရည်အရှိဆုံးမှာ ပရစ်ဇမ်မြေပြင်ကြည့် မှန်ပြောင်းပင် ဖြစ်သည်။ ထိုမှန်ပြောင်းတွင် ပြောင်းနှစ်ခုစလုံး၌ အလင်းပြန် ပရစ်ဇမ် တစ်ခုစီ တပ်ဆင်ထားခြင်းကြောင့် မြင်ကွင်းကို သာမန်မြေပြင် ကြည့် မှန်ပြောင်းများထက် သုံးဆကျော်မျှ ပို၍ မြင်နိုင်သည်။ စစ်မြေပြင်တွင်ဆိုလျှင် ဤပရစ်ဇမ်မြေပြင်ကြည့်မှန်ပြောင်းကို အထူးအသုံးများကြသည်။

ကမ္ဘာတွင် အကျော်ကြားဆုံးသော အဝေးကြည့်မှန်ပြောင်းများမှာ တာရာကြည့် အဝေးကြည့်မှန်ပြောင်းများပင်ဖြစ်လေသည်။ ကမ္ဘာ၌ အကြီးဆုံး အလင်းယိုင်မှန်ပြောင်းမှာ အမေရိကန်ပြည်ထောင်စု ရှီကားဂိုး တက္ကသိုလ်မှ ယာကစ် နက္ခတ်မျှော်စင်တွင်ရှိ၍ ထိုအဝေးကြည့်မှန်ပြောင်းရှိ ပုံဖမ်း မှန်ဘီလူးမှာ အချင်းလက်မ ၄ဝ ရှိလေသည်။

တစ်ခါက ကမ္ဘာတွင် အကြီးဆုံးဖြစ်ခဲ့သော အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားနယ်ရှိ မောင့်ဝီ လဆန် နက္ခတ်မျှော်စင်မှ တာရာကြည့် အဝေးကြည့် မှန်ပြောင်းကြီးမှာ အလင်းပြန် မှန်ပြောင်းဖြစ်၏။ လေးတန်ခွဲခန့်လေး၍ အချင်း လက်မ ၁ဝဝ ရှိသည်။ သို့ရာတွင် ယခုအခါ ကာလီဖိုးနီးယား နယ်မှာပင် ၁၉၄၈ ခုနှစ်က ဆောက်လုပ်ပြီးစီးသွားခဲ့သော မောင့်ပါလိုမာ နက္ခတ်တာရာမျှော်စင်ရှိ အဝေးကြည့်မှန်ပြောင်းကြီးက မောင့်ဝီလဆန်အဝေးကြည့်မှန်ပြောင်းထက် ကြီးမားပြီးလျှင် ကမ္ဘာ၌ အကြီးဆုံးဖြစ်လာခဲ့သည်။ ထိုအဝေး ကြည့်မှန်ပြောင်း၌ တန်ချိန် ၂ဝ ခန့်လေး၍၊ အချင်းလက်မ ၂ဝဝ ရှိသော အလင်းပြန်မှန်ခွက်ကြီးကို တပ်ဆင်ထား၍ မောင့်ဝီလဆန် အဝေးကြည့်မှန်ပြောင်းထက် အလင်းရောင်စုသည့်အား လေးဆမျှ ပိုသည်ဟု ဆို၏။ အောက်ခံခုံနှင့်တကွ အဝေးကြည့်မှန်ပြောင်းကြီးတစ်ခုလုံး၏ အလေးချိန်မှာ တန်ချိန် ၄၅ဝ ကျော်၍ အဝေးကြည့်မှန်ပြောင်းကြီးအတွက် ဒေါ်လာငွေ ၆,၅၅ဝ,ဝဝဝ အကုန်အကျခံကာ အနှစ် ၂ဝ မျှ စီစဉ် ဆောက်လုပ်ခဲ့ရလေသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးမှ အလင်းပြန် မှန်ခွက်ကြီးများကို အရောင်တင်ရာ၌ အလုပ်သမားများသည် အထူးပင်ပန်းစွာ ဆောင်ရွက်ကြရ၏။ အရောင်တင်ရာ၌ မှန်ကို ပြဒါးသုတ်၍ အချိန် ကြာမြင့်သည်ထက် ပြဒါးသုတ်ပြီးမှန်ကို အအေးခံခြင်း၊ ညီမညီစမ်းသပ်ခြင်း စသည့်အလုပ်တို့က အချိန်ပို၍ ကြာမြင့်ပေသေးသည်။ ထိုအဝေးကြည့်မှန်ပြောင်းကြီးများကို အနှေးအမြန်လိုသလို လှုပ်ရှားရန်အတွက် အထူး စီမံထားသော လျှပ်စစ်ခလုတ်များကိုလည်း တပ်ဆင်ထားလေသည်။ ထိုနက္ခတ်မျှော်စင်များကို တောင်များပေါ်၌ တည်ဆောက်ထားလေ့ရှိခြင်းမှာ နက္ခတ်တာရာများကို ပို၍ ထင်ရှားကြည်လင်စွာ မြင်နိုင်ရန်အတွက်ဖြစ်၏။ မြေပြင်ထက်မြင့်သော နေရာတွင် လေသည် ဖုန်နှင့်မီးခိုးတို့မှ ကင်းစင်သည်။ ထိုပြင် အလင်းရောင်ခြည်များအဖို့ လေထုအထပ်ထပ်ကို လျှော့၍ ဖြတ်သန်းလာရခြင်း၊ နိမ့်စွာ ရွေ့ရှားနေသော မိုးရိပ်များမှ ကင်းလွတ်ခြင်းတို့ကြောင့် နက္ခတ်တာရာများကို ပို၍ ကြည်လင်ပြတ်သားစွာ စူးစမ်းလေ့လာနိုင်လေသည်။[၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. သန်းမင်းထွဋ် (မင်္ဂလာမောင်မယ် ၂၀၁၀-ဖေဖော်ဝါရီလ)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)