ရေမွန်
| ရေမွန် | |
|---|---|
ရေမွန် (ဒီဇင်ဘာ ၂၀၁၃) | |
| ကိုယ်ရေး အချက်အလက်များ | |
| အမည်ရင်း | ဝေမွန်ဦး |
| မွေးဖွား | ၂၆ နိုဝင်ဘာ ၁၉၈၈ ရန်ကုန်မြို့ |
| ကွယ်လွန် | ၂၃ ဇွန်၊ ၂၀၂၁ (အသက် ၃၂) ကရင်ပြည်နယ် |
| ဂီတဟန် | rock |
| အလုပ်အကိုင် | အဆိုတော်၊ တေးရေး |
| တူရိယာ | ဂစ်တာ၊ အဆို |
| တက်ကြွသည့်နှစ်များ | ၂၀၀၂–၂၀၂၁ |
ဝေမွန်ဦး (၁၉၈၈-၂၀၂၁) သည် ရေမွန် (Raymond) အမည်ဖြင့် လူသိများသော မြန်မာနိုင်ငံသား တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။သူသီဆိုသည် ချန်ခဲ့ သီချင်းသည် လူငယ်များအကြား ရေပန်းစားသည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဂီတနယ်၌ ကျော်ကြားသူများဖြစ်သည့် တေးရေးတေးဆို စောခူဆဲနှင့် အဆိုတော် ခင်မြတ်မွန်တို့မှ ၁၉၈၈ ခု၌ ရန်ကုန်၌ မွေးသည်။ ငယ်အမည်မှာ တွတ်ပီဖြစ်ပြီး လပြည့်ကဗျာ ဆိုသော မွေးချင်းညီမ တစ်ယောက်ရှိသည်။ ငယ်စဉ်ကပင် မိဘများ ကွာရှင်းကြပြီး ရေမွန်ကို မိခင်က စောင့်ရှောက်သည်။
အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံ ၌ အထက်တန်းအောင်မြင်သည်အထိ ပညာသင်သည်။
ဂီတခြေလှမ်း
[ပြင်ဆင်ရန်]အထက်တန်းဖြေဆိုပြီးနောက် ယခင်ကပင် အစပျိုးရင်းဖြစ်သော အီးဒီးရော့တ်စ် (Idiots) အမည်ရှိ ရော့ခ်ဂီတဝိုင်းကို အောင်ရဲ၊ ဖိုးလုံး၊ ဂျပန်တို့နှင့်အတူ ပေါင်းထောင်သည်။[၁] ရေမွန်က ဂစ်တာနှင့်တေးဆိုအဖြစ် ပါဝင်သည်။ ရေမွန်သည် ဂီတအမျိုးအစားမရွေးနားဆင်တတ်သူဖြစ်ပြီး ရပ်ပ်ပါ (Rapper) ဂျေးမီ (J Me) ၏ သီချင်းဖြစ်သော မငိုနဲ့တော့နှင့်လွင့်မျော သီချင်းတွင်လည်း ပါဝင်အားဖြည့်သီဆိုခဲ့သေးသည်။
အက်ဆိုင်အာ ရော့ခ်ဟောက်စ် (SIR Rock House) အမည်အောက်တွင် အီးဒီးရော့တ်စ်၊ ရီဇင်န် (Reason)၊ ဝမ့်တက်ဒ် (Wanted)၊ ဘစ်ဂ်ဘက်ဂ်ဟူသော ရော့ခ်အနွယ်ဝင် ဂီတဝိုင်းများ ပေါင်းကာ ရှိုးပွဲများ၊ သီချင်းခွေများ ထုတ်ခဲ့သည်။
အီးဒီးရော့တ်စ်အဖွဲ့အမည်အောက်တွင် လူအဂီတ (၂၀၁၁)၊ ခေတ်သစ်ကျောက် (၂၀၁၆) တေးစီးရီးများ ထုတ်သည်။ ဘာလိုနေသေးလဲ၊ ချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ ဆုလာဘ်၊ မင်းနဲ့နီးဖို့ နှင့် တခန်းရပ် သီချင်းများမှာ အထူးထင်ရှားသည်။
ပရဟိတလှုပ်ရှားမှု
[ပြင်ဆင်ရန်]ကလင်းရန်ကုန် (Clean Yangon) အကျိုးအမြတ်မယူအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ကိုဗစ်ကာလ၌ အသွားအလာကန့်သတ်ချက်ကြောင့် စားဝတ်နေရေးအဆင်မပြေသော မိသားစုများကို ဆန်နှင့်ဟင်းချက်စရာများ လှူသည်။ [၂]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၁ အာဏာသိမ်းမှုဖြစ်သည်နောက် မြို့ပြဆန္ဒပြပွဲများတွင် ပေါ်ပေါ်ထင်ထင်ပါဝင်သည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က) ဖြင့် ဖမ်းမိန့် ထုတ်ခံရသည်။ လွတ်မြောက်နယ်မြေခေါ်သော တော်လှန်ရေးအင်အားစုတို့ရှိရာသို့ သွားရောက် ပူးပေါင်းသည်။[၃]
၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့မနက်တွင် အစာအိမ်သွေးကြောပေါက်ကာ ရုတ်တရက်ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာရှိသေးသည်။[၄] သူ၏ စျာပနကို KNU တပ်မဟာ ၆ ဘဲဟိကလော် ကျေးရွာသုဿန် ၌ ကျင်းပပြုလုပ်ခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြို့ကြီး ၈ မြို့ကို Music Tour သွားရောက် ဖျော်ဖြေမယ့် Idiots အဖွဲ့။ The Irrawaddy (၃၀ ဇွန် ၂၀၁၉)။ ၈ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ "Clean Yangon အဖွဲ့မှာ လုပ်အားပေးခဲ့တဲ့ အဆိုတော်ရေမွန်"။ ၂၀၂၀-၀၆-၀၁
- ↑ ကျားပေါက်၊ ရေမွန်၊ နိုဗန်ထူးနဲ့ ဟန်နေတာတို့ ဖန်တီးထားတဲ့ “Headshot” သီချင်း။ The Irrawaddy (၁၀ မတ် ၂၀၂၁)။ ၈ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ အဆိုတော် ရေမွန် ရုတ်တရက် ကွယ်လွန်။ RFA Burmes (၂၃ ဇွန် ၂၀၂၁)။ ၈ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရေမွန်အမှတ်တရ ကန့်သတ်တီရှပ် iDIOTS အဖွဲ့သားများ လက်မှတ်ထိုးရောင်းချမည်။ DVB Burmese (၂၅ ဩဂုတ် ၂၀၂၁)။ ၈ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ရေမွန်
SoundCloud ပေါ်ရှိ ရေမွန်- Youtube ပေါ်ရှိ Idiot Band