ရက်ကွန်းဝံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရက်ကွန်းဝံ[ပြင်ဆင်ရန်]

ရက်ကွန်းဝံသည် ဝက်ဝံအမျိုးတွင် ပါဝင်သော တိရစ္ဆာန် တစ်မျိုး ဖြစ်၏။ သို့သော် နောက်ခြေကို မြေပေါ်တွင် ပြားချ၍ လျှောက်ခြင်းမှတစ်ပါး အခြားအမူအရာ အသွင်အပြင်တို့မှာ မတူချေ။ ဝက်ဝံလောက်လည်း မကြီးပေ။ ယင်းတို့ကို မြောက် နှင့် အလယ်ပိုင်း အမေရိက တောတောင်များ၌သာ တွေ့ရ သည်။ သာမန်ရက်ကွန်းဝံသည် နှာဖျားမှ အမြီးဖျားအထိ ၃၂ လက်မခန့် ရှည်၍ ပေါင်ချိန်နှစ်ဆယ်မှ နှစ်ဆဲ့ငါးပေါင်အထိ ရှိသည်။ သန်မာသည့် ခန္ဓာကိုယ်တွင် အမွေးကြမ်းရှည်များ ရှိသည်။ အမွေး၏အရောင်မှာ မွဲပြာရောင်ဖြစ်၍ အဖျားမည်း သည်။ အောက်ထပ် အမွေး၏အရောင်မှာ အညိုပျော့ရောင် ဖြစ်သည်။ အမြီး တွင် အမွေးထူများ ရှိပြီးလျှင် အမည်းရောင် သည် အရစ်အရစ်နှင့် တည်ရှိ၏။ ရက်ကွန်းဝံ၏ မျက်နှာမှာ မြေခွေးမျက်နှာနှင့် တူသည်။ နှုတ်သီးချွန်သည်။ မျက်စိတစ်ဖက် တစ်ချက်စီ၏ပတ်ဝန်းကျင်တွင် အနက်ကွက်များရှိ၍ ထိုအနက် ကွက်၏ ပတ်လည်တွင် အဖြူရောင်အမွေးများ ရှိသည်။

ရက်ကွန်းဝံတို့သည် ရေအနီးအနား သစ်ပင်ကြိမ်တောတို့၌ အိမ်လုပ်ကာ နေတတ်၏။ ရေနှင့်ဝေးသောအရပ်ကို မနှစ်သက် ချေ။ ညနေပိုင်းတို့တွင် ရေတိမ်ရာအရပ်တို့၌ ခုန်ပေါက် ပြေး လွှားကာ ဖားပုစွန်ခရုများကို ဖမ်းယူစားသောက်လေသည်။ ထူးဆန်းသောအကျင့်မှာ အစာကို မစားမီ ရှေ့ခြေဖျားများနှင့် ကိုင်၍ ရေတွင် အကြိမ်ကြိမ် အဖန်ဖန် ဆေးကြောလေ့ရှိခြင်း ဖြစ်၏။ စာအုပ်များတွင် ရက်ကွန်းဝံရုပ်ပုံကို လူအများ တွေ့ မြင်ဖူးသော်လည်း တကယ့်အကောင်ကို ယင်းနေထိုင်ရာအရပ်၌ တွေ့ရခဲသည်။ ရာသီဥတု မှောင်မည်းသောအခါမှအပ နေ့အချိန် ထွက်၍ သွားလာခြင်းမရှိချေ။ တစ်နေ့လုံးသစ်ကိုင်းပေါ်တွင် ဆန့်၍ အိပ်နေတတ်သည်။ တစ်ခါတစ်ရံ သစ်ပင်ထိပ်ဖျားပေါ် သို့ တက်၍ ပင်စည်လုံးကို ရစ်ပတ်ကာ မှိန်းစက်တတ်၏။ ရက်ကွန်းဝံတို့သည် ဝက်ဝံများကဲ့သို့ အစာကို ရွေးသည် မရှိ။ တွေ့ရာမြင်ရာကို စားသည်။ အသနား အကျင်နာမဲ့သော သတ္တဝါများပေတည်း။ ညဉ့်အခါ ကြက်ငှက်တို့ကို အိပ်တန်း တွင် ဖမ်းယူသည်။ ရှဉ့်သိုက်ကို ဖွင့်၍ သနားစဖွယ် ရှဉ့် ကလေးတွေကို သတ်ဖြတ်စားသောက်သည်။ အသီးအနှံတို့ကို ခူး၍ လယ်သမားများ မွေးမြူထားသော ကြက်ငှက်တို့ကို ခိုး စားတတ်သည်။ လယ်သမားတို့လည်း ယင်းတို့ကို အလွန် မုန်းတီး၍ လသာသာညဉ့်အခါများတွင် အမဲလိုက်ခွေးများနှင့် လိုက်လံဖမ်းဆီးတတ်ကြသည်။

ရက်ကွန်းဝံသည် အေးသောရာသီကို နှစ်သက်ဟန် မတူ ချေ။ ဆောင်းရာသီ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လေအေးဆီးနှင်းတို့မှ အကာအကွယ်ရရန် သစ်ခေါင်းများထဲသို့ ဝင်၍ ခိုအောင်းနေသည်။ တစ်ခါတစ်ရံ မိသားစုနှစ်စု သုံးစုပင် သစ်ခေါင်းတစ်ခုထဲတွင် ဝင်၍ ကွေးကွေးကလေး နှစ်နှစ် ခြိုက်ခြိုက် အိပ်နေတတ်ကြလေသည်။

ရက်ကွန်းဝံများတွင် ခြေတံရှည်နှင့် လက်သည်းရှည်များ ရှိသည်။ သစ်ပင်တက် ကျွမ်းကျင်သည်။ များသောအားဖြင့် ဧပြီလ၊ သို့မဟုတ် မေလတွင် သုံးကောင်မှ ခြောက်ကောင်ထိ ရှိသော သားငယ်များကို မွေးလေ့ရှိသည်။ ပထမတွင် ရက်ကွန်း ဝံငယ်များသည် မျက်စိမမြင်သည့်အပြင် ဘာမျှလည်း မလုပ်နိုင် ချေ။ အမိအဘများက အနည်းဆုံး ဆောင်းဝင်ချိန်အထိ စောင့် ရှောက်ပေးကြရသည်။ ရက်ကွန်းဝံငယ်များ ငိုကြွေးသောအခါ လူကလေးငယ် ဟစ်အော်ငိုကြွေးသည်နှင့် တူသည်။

ရက်ကွန်းဝံကို ငယ်ရွယ်စဉ်က ဖမ်းယူ၍ သင်ကြားပေး လျှင် စိတ်ဝင်စားဖွယ်ကောင်းသည့် ချစ်စနိုးတိရစ္ဆာန် ဖြစ်လာ နိုင်သည်။ အမေရိကန်ပြည်ထောင်စု တောင်ဘက်ပိုင်း ဒေသ များတွင် ရက်ကွန်းဝံကို ကင်၍ စားလေ့ရှိကြသည်။ ရက်ကွန်းဝံ၏ သားမွေးများဖြင့် မိန်းမဝတ် အင်္ကျီများကို ချုပ်လေ့ရှိကြသည်။

ရက်ကွန်းဝံကလေးများ မွေးပြီး၍ တစ်နှစ်ခန့် အကြာတွင် ကြောင်ကလေးများအရွယ် ရှိလာသောအခါ မိခင်ဖြစ်သူ ရက် ကွန်းဝံမကြီးက ယင်းတို့၏ ခြေချောင်းငါးချောင်းရှိ ခြေသည်း ရှည်ကြီးများဖြင့် သစ်ပင်၏ အခေါက်ကိုတွယ်ကာ သစ်ပင် အောက်သို့ ဆင်းတတ်အောင် သင်ပေးလေသည်။ ထိုအချိန်မှ စ၍ ရက်ကွန်းဝံ ကလေးများသည်လည်း အရာရာတိုင်းကို သိလိုစိတ်ဖြင့် စုံစမ်းလေတော့သည်။

ရက်ကွန်းဝံသည် နေ့အချိန်တွင် အိပ်နေလေ့ ရှိသော်လည်း မိုးသားထူထပ်သည့် နေ့များတွင် သစ်ခေါင်းမှ ထွက်လာကာ ကမ်းနားတစ်လျှောက်တွင် ယင်း၏အမည်းရောင် ခြေဖဝါးဖြင့် နင်း၍ ဝက်ဝံများသဖွယ် လျှောက်သွား ပြေးလွှားတတ်သည်။ ရေတိမ်ရာတွင် ဆင်း၍လည်း ကမာနှင့် ယောက်သွားများကို ရှာဖွေ စား သောက်တတ်ကြသည်။ သို့မဟုတ် ဖားနှင့် လိပ် များကို ရှာဖွေစားသောက်တတ်ကြသည်။

ရက်ကွန်းဝံသည် ပရိုစိုင်ယိုနီဒီးမျိုးရင်းတွင် ပါဝင်သော ယွန်လိုတောဟုခေါ်၍ ကနန်းစားရက်ကွန်းဝံကိုမူ ပရိုစိုင်ယွန် ကန်ကရီဗိုးရပ်ဟူ၍ ခေါ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)